ဘင်္ဂလားဒေ့ရှ်နှင့် ပဋိပက္ခဒဏ်ခံနေရသည့် ရခိုင်ပြည်နယ်အကြား တရားမဝင် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် ယာဘာ နှင့် crystal meth တို့ကို ‘မူးယစ်ဆေးဝါးငွေကြေး’ သို့မဟုတ် မူးယစ်ဆေးကို ငွေကြေးအစား အသုံးပြုသည့် ပေးချေမှုစနစ်တစ်ခုအဖြစ် ပိုမိုအသုံးပြုလာကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိများနှင့် ကုန်သွယ်မှုကွန်ရက်ကို သိရှိသူများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်မှ မှောင်ခိုသမားများသည် ဆောက်လုပ်ရေးပစ္စည်း၊ လောင်စာနှင့် စားသောက်ကုန်များကို မြန်မာနိုင်ငံဘက်သို့ နှစ်ရှည်ပို့ဆောင်ခဲ့ကြသော်လည်း ယခုအခါ ငွေသားတစ်ခုတည်းဖြင့် ပေးချေခြင်း မဟုတ်တော့ကြောင်း အရင်းအမြစ်များက ဆိုသည်။

မြန်မာဘက်ရှိ လက်နက်ကိုင်အဖွဲ့များ၊ အာရက္ခတပ်တော် (AA) အပါအဝင် အဖွဲ့အချို့သည် ဘင်္ဂလားဒေ့ရှ်မှ မှောင်ခိုတင်သွင်းသည့် ကုန်ပစ္စည်းတန်ဖိုး၏ တစ်စိတ်တစ်ပိုင်းကို ယာဘာ နှင့် crystal meth ဖြင့် ပေးချေနေသည်ဟု ဘင်္ဂလားဒေ့ရှ်အရာရှိများက စွပ်စွဲထားသည်။

အဆိုပါစွပ်စွဲချက်များမှာ ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးနှိမ်နင်းရေးအရာရှိများ၊ ရဲတပ်ဖွဲ့နှင့် အမည်မဖော်လိုသည့် အရင်းအမြစ်များ၏ ပြောဆိုချက်များအပေါ် အခြေခံထားပြီး KPN က မြန်မာနိုင်ငံအတွင်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ငါးဖမ်းလှေများဖြင့် ကုန်ပစ္စည်းပို့ပြီး မူးယစ်ဆေး ပြန်သယ်ဟု ဆို

မူရင်းအကြောင်းအရာအရ ငါးဖမ်းလှေများသည် ဘင်္ဂလားဒေ့ရှ်မှ ကုန်ပစ္စည်းများကို ဘင်္ဂလားပင်လယ်အော်ဖြတ်၍ မြန်မာဘက်သို့ ပို့ဆောင်ကာ အပြန်တွင် မူးယစ်ဆေးများ သယ်ဆောင်လာကြသည်။

လမ်းကြောင်းတစ်ခုသည် မြန်မာနိုင်ငံ ဧရာဝတီတိုင်းရှိ Ayeik Sit ဆိပ်ကမ်းမှ စတင်ပြီး မူးယစ်ဆေးများကို ငါးဖမ်းလှေများပေါ် ထုပ်ပိုးတင်ဆောင်ကာ ဘင်္ဂလားပင်လယ်အော်သို့ ထွက်ရှိလာကြောင်း ဆိုသည်။

အခြားလမ်းကြောင်းတစ်ခုမှာ ရန်ကုန်မှ မင်းပြား၊ အမ်း၊ စစ်တွေဝန်းကျင်၊ ရသေ့တောင်နှင့် မောင်တောမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးသို့ ရောက်ရှိကြောင်း ဖော်ပြထားသည်။

မြန်မာဘက် သယ်ယူပို့ဆောင်ရေး Carriers များက ဂြိုလ်တုကိရိယာsatellite device များဖြင့် ဘင်္ဂလားဒေ့ရှ်ဘက် လက်ခံသူများကို ဆက်သွယ်ပြီး ပင်လယ်ပြင်အလယ်တွင် ကုန်ပစ္စည်းလွှဲပြောင်းကြောင်း အရင်းအမြစ်များက ဆိုသည်။ ထို့နောက် မူးယစ်ဆေးများသည် နတ်မြစ်တစ်လျှောက်ရှိ နေရာအမျိုးမျိုးမှ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်လာကြောင်း ဆိုသည်။

ကုန်ပစ္စည်းပို့၊ မူးယစ်ဆေးပြန်ယူသည့် ပုံစံရှိဟု DNC အတည်ပြု

Cox’s Bazar DNC ဒုတိယညွှန်ကြားရေးမှူး ဆိုမန် မွန်ဒို (men Mondol)က ဘင်္ဂလားဒေ့ရှ်မှ နေ့စဉ်သုံးကုန်ပစ္စည်းများ မြန်မာဘက်သို့ မှောင်ခိုပို့ဆောင်နေပြီး အပြန်တွင် ယာဘာ ဝင်ရောက်လာကြောင်း ပြောသည်။

“အမှုအများအပြားမှာ ငါးဖမ်းလှေတွေက ကုန်ပစ္စည်းတွေနဲ့ နယ်စပ်ဖြတ်သွားတယ်။ ပြန်လာတဲ့အခါ အဲဒီလှေတွေထဲမှာပဲ ယာဘာ ပြန်ယူလာကြတယ်” ဟု ၎င်းက ပြောသည်။

တရားမဝင်ငွေကြေးခဝါချမှု (hundi) စနစ်သည် ယခင်ကတည်းက တရားမဝင်ငွေပေးချေမှုအတွက် အသုံးပြုခဲ့သော်လည်း ယခုအခါ ကုန်ပစ္စည်းပို့ပြီး မူးယစ်ဆေးပြန်ယူသည့် စနစ်နှင့် ပေါင်းစပ်လာကြောင်း ၎င်းက ဆိုသည်။

မွန်ဒို က ရိုဟင်ဂျာအချို့သည် ဒေသခံအဖွဲ့များ၏ အကူအညီဖြင့် ယင်းကွန်ရက်တွင် ပါဝင်နေသည်ဟုလည်း စွပ်စွဲခဲ့သည်။ ယင်းအဆိုသည် DNC အရာရှိ၏ စွပ်စွဲချက်သာဖြစ်ပြီး ရိုဟင်ဂျာအသိုင်းအဝိုင်းတစ်ခုလုံးကို ကိုယ်စားမပြုကြောင်း KPN သတိပြုဖော်ပြသည်။

ရခိုင်တွင် ကုန်ပစ္စည်းရှားပါးမှုကြောင့် ဘင်္ဂလားဒေ့ရှ်ပစ္စည်း တန်ဖိုးမြင့်

ရခိုင်ပြည်နယ်တွင် စစ်ပွဲများကြောင့် ပုံမှန်ကုန်စည်စီးဆင်းမှု ထိခိုက်လာပြီးနောက် နယ်စပ်မှောင်ခိုကုန်သွယ်မှု ပိုမိုတိုးလာကြောင်း မူရင်းအကြောင်းအရာက ဖော်ပြသည်။

အရာရှိများအဆိုအရ အာရက္ခတပ်တော် (AA) က နယ်စပ်ဒေသအများအပြားကို ထိန်းချုပ်လာပြီးနောက် မြန်မာဘက်မှ ယာဘာ စီးဆင်းမှု တိုးလာခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီးနောက် စစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းကန့်သတ်မှုများကြောင့် အစားအစာ၊ လောင်စာနှင့် ဆောက်လုပ်ရေးပစ္စည်းများ ရှားပါးလာကြောင်း မူရင်းသတင်းက ဆိုသည်။

၂၀၂၅ တွင် ယာဘာ သိမ်းဆည်းရမိမှု မြင့်တက်

DNC ၏ ဘင်္ဂလားဒေ့ရှ် ၂၀၂၅ ခုနှစ် နှစ်ပတ်လည် မူးယစ်ဆေးဝါး အစီရင်ခံစာ (Annual Drug Report Bangladesh 2025) တွင်လည်း အမ်ဖီတမင်း အမျိုးအစား စိတ်ကြွဆေး (amphetamine-type stimulant (ATS) များ သိမ်းဆည်းရမိမှု သိသိသာသာ တိုးလာကြောင်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်တွင် ဥပဒေစိုးမိုးရေးအဖွဲ့များက ATS ဆေးပြား ၄၃,၅၆၂,၈၁၁ လုံး သိမ်းဆည်းရမိခဲ့ပြီး ၂၀၂၄ ခုနှစ် ၂၂,၈၅၇,၇၅၁ လုံး ထက် ၉၀.၅၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ၄၂,၉၇၇,၂၁၉ လုံး ရှိခဲ့သည်။

DNC ညွှန်ကြားရေးမှူးချုပ် မိုဟာမတ် ဟာဆန် မာရပ်ဖ် (DNC Director General Md Hasan Maruf )က ယာဘာ ပေးဝေမှု တိုးလာခြင်းကို မြန်မာရှိ လက်နက်ကိုင်အဖွဲ့များက ‘မူးယစ်ဆေးဝါးငွေကြေး’ အဖြစ် အသုံးပြုနေခြင်းနှင့် ချိတ်ဆက်ပြောဆိုခဲ့သည်။

ယာဘာ နှင့် Ice လက်ကားဈေးနှုန်းများလည်း ဖော်ပြ

ကုန်သွယ်မှုကွန်ရက်ကို သိရှိသူတစ်ဦးက ယာဘာ နှင့် crystal meth လက်ကားဈေးနှုန်းစာရင်းတစ်ခုကို မူရင်းသတင်းသို့ ပေးခဲ့သည်။

စာရင်းအရ ယာဘာ အမှတ်တံဆိပ် (yaba brand) များအလိုက် ဈေးနှုန်းကွာခြားပြီး crystal meth သို့မဟုတ် “ice” အဆင့်မြင့်အမျိုးအစားကို တစ်ကီလိုလျှင် တာကာ ၄.၅ သိန်းခန့်နှင့် အဆင့်နိမ့်အမျိုးအစားကို တာကာ ၃.၅ သိန်းခန့် ဖြင့် ရောင်းချကြောင်း ဆိုသည်။

ငါးဖမ်းသမားတစ်ဦးက မှောင်ခိုလှေ လည်ပတ်ပုံ ဖော်ပြ

မူရင်းသတင်းတွင် ကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်မှ မြန်မာဘက်သို့ သယ်ပြီး အပြန်တွင် ယာဘာ သယ်ယူသည့် လှေပေါ်တွင် လုပ်ခဲ့ဖူးသည်ဟု ဆိုသော ငါးဖမ်းသမားတစ်ဦး၏ ထွက်ဆိုချက်ကိုလည်း ကိုးကားထားသည်။

၎င်း၏ အဆိုအရ ဘိလပ်မြေ (cement) ၊ ဆန်၊ ပဲနှင့် စားသုံးဆီတို့ကို တစ်လလျှင် အကြိမ်အနည်းငယ် မြန်မာဘက်သို့ သယ်ယူပြီး အပြန်တွင် ယာဘာ ကို ငါးများအတွင်း ဖုံးကွယ်သယ်လာကြောင်း ဆိုသည်။

သတင်းတွင် အမည်ဖော်ပြခံထားရသည့် လှေပိုင်ရှင်တစ်ဦးကမူ တရားမဝင်ကုန်သွယ်မှုတွင် မိမိပါဝင်မှုမရှိကြောင်း ငြင်းဆိုခဲ့ပြီး လှေကို အခြားသူထံ ငှားထားခဲ့ကြောင်း ပြောသည်။

ယာဘာ နှင့် Crystal Meth အများစု ဘင်္ဂလားဒေ့ရှ်အတွင်း သုံးစွဲ

အရာရှိများအဆိုအရ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်လာသည့် ယာဘာ နှင့် crystal meth အားလုံးနီးပါးသည် မြန်မာနိုင်ငံမှ လာခြင်းဖြစ်ပြီး ၈၀ မှ ၉၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းတွင် သုံးစွဲကြသည်။

အနည်းငယ်ကိုသာ လေယာဉ်ခရီးသည်များ သို့မဟုတ် ပါဆယ်ပို့ဆောင်ရေး (courier parcel) များမှတစ်ဆင့် အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အမေရိကန်နှင့် ဩစတြေးလျသို့ ပို့ရန် ကြိုးပမ်းကြောင်း ဆိုသည်။

စောင့်ကြည့်မှု တင်းကျပ်လာတိုင်း လမ်းကြောင်းပြောင်း

ဥကီယား (Ukhiya) နှင့် တဲခ်နာဖ် (Teknaf) အနီး နတ်မြစ်တစ်လျှောက် အရေးကြီးနယ်မြေများကို စောင့်ကြည့်သည့် ၆၄ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်း (Border Guard Bangladesh 64 Battalion) က ဖိအားတိုးလာသည့်နေရာများမှ မှောင်ခိုသမားများ အခြားနယ်စပ်ဝင်ပေါက် သို့မဟုတ် ပင်လယ်လမ်းကြောင်းသို့ ရွှေ့သွားကြောင်း ပြောသည်။

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မိုဟာမတ် ဇာဟီရူလ် အစ္စလာမ် (Lt Col Md Zahirul Islam)က စောင့်ကြည့်မှု တင်းကျပ်လာသည့်အခါ လူကုန်ကူးသူ (trafficker) များက အစားထိုးလမ်းကြောင်းများ ရှာကြကြောင်း ဆိုသည်။

BGB က ယခင်နှစ်တွင် အာရက္ခတပ်တော် (AA) သည် ယာဘာကုန်ကူးမှု (yaba trafficking) တွင် တိုက်ရိုက်ပါဝင်နေသည်ဟု စွပ်စွဲခဲ့ပြီး ဘန်ဒါဘန် (Bandarban) ရှိ နိုင်ခွန်ချာရီ (Naikhongchhari) ဝေးလံဒေသများမှ မှောင်ခိုသယ်ယူမှု တိုးလာကြောင်းလည်း ဆိုခဲ့သည်။

ရခိုင်သို့ ပို့မည့် ဘိလပ်မြေ (Cement) နှင့် ကုန်ပစ္စည်းများ ရေတပ် (Navy) သိမ်းဆည်း

ဘင်္ဂလားဒေ့ရှ်ရေတပ် (Bangladesh Navy) ၏ နောက်ဆုံးစစ်ဆင်ရေးများကလည်း မြန်မာဘက်သို့ ကုန်ပစ္စည်းမှောင်ခိုပို့သည့် ကွန်ရက်အရွယ်အစားကို ဖော်ပြနေသည်။

ဇွန် ၂၆ ရက်တွင် ရေတပ်က မသင်္ကာသူ ၂၁ ဦးကို ဖမ်းဆီးပြီး ဘိလပ်မြေ (cement) အိတ် ၁,၄၅၀ တင်ထားသည့် ငါးဖမ်းလှေ နှစ်စီးကို သိမ်းဆည်းခဲ့သည်။

ဇွန် ၂ ရက်ကလည်း စိန့်မာတင်ကျွန်း (ရှင်မဖြူကျွန်း) (Saint Martin’s Island) အနီး စစ်ဆင်ရေးတစ်ခုတွင် လူ ၂၀ ကို ဖမ်းဆီးပြီး ရခိုင်ပြည်နယ်သို့ ပို့မည်ဟု စွပ်စွဲထားသည့် ဘိလပ်မြေ (cement)၊ အိတ် ၁,၇၀၀ ကို သိမ်းဆည်းခဲ့သည်။

အခြားစစ်ဆင်ရေးများတွင်ဘိလပ်မြေ (cement)၊ ဒီဇယ် (diesel)၊ ပဲ၊ ဂျင်းနှင့် စွမ်းအင်သောက်စရာ (energy drink) များကိုလည်း မြန်မာဘက်သို့ မှောင်ခိုပို့မည်ဟု စွပ်စွဲ၍ သိမ်းဆည်းခဲ့သည်။

ပဋိပက္ခစီးပွားရေးက နယ်စပ်မှောင်ခိုလုပ်ငန်းကို လှုံ့ဆော်

ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းရှားပါးမှုများကြောင့် ဘင်္ဂလားဒေ့ရှ်ပစ္စည်းများ၏ တန်ဖိုး အလွန်မြင့်တက်လာကြောင်း အရာရှိများက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် တာကာ ၅၀၀ ခန့်သာ တန်သည့် ဘိလပ်မြေ (cement) တစ်အိတ်သည် ပဋိပက္ခဒေသအတွင်း မြန်မာကျပ် ၁၀၀,၀၀၀ အထိ ရောင်းရနိုင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ယင်းအမြတ်အစွန်းကြီးမားမှုက နယ်စပ်မှောင်ခိုကွန်ရက်များ ဆက်လက်လည်ပတ်ရန် လှုံ့ဆော်ပေးနေသည်။

ထို့ကြောင့် နယ်စပ်မှောင်ခိုကုန်သွယ်မှုသည် နှစ်ဖက်စီးဆင်းသည့် စီးပွားရေးပုံစံတစ်ခု ဖြစ်လာနေသည် — ဘင်္ဂလားဒေ့ရှ်မှ အခြေခံကုန်ပစ္စည်းများ ရခိုင်ဘက်သို့ ဝင်ပြီး မူးယစ်ဆေးများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်ဝင်လာခြင်းဖြစ်သည်။

အိန္ဒိယနယ်စပ်တွင်လည်း ကုန်ပစ္စည်းဖြင့် မူးယစ်ဆေး ပေးချေမှုရှိဟု ဆို

မူးယစ်ဆေးကို ငွေကြေးအစား အသုံးပြုသည့် စနစ်သည် မြန်မာနယ်စပ်တစ်ခုတည်းတွင်သာ မရှိကြောင်း မူရင်းသတင်းက ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်တွင်လည်း Phensedyl၊ ဆေးခြောက် (cannabis) နှင့် ဘိန်းဖြူ (heroin) ကဲ့သို့ မူးယစ်ဆေးများကို ကုန်ပစ္စည်းများနှင့် အပြန်အလှန်လဲလှယ်ခြင်းနှင့် hundi စနစ်ကို တွဲဖက်အသုံးပြုကြောင်း အရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်ဟောင်းများက ဆိုသည်။

ငွေသား၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှု (mobile financial service)၊ ရွှေ၊ ငါးသလောက် (hilsa) ငါးနှင့် အခြားတရားမဝင်ကုန်ပစ္စည်းများကိုလည်း မူးယစ်ဆေးတန်ဖိုးနှင့် ချိန်ညှိပေးချေမှုအဖြစ် အသုံးပြုကြောင်း ဆိုသည်။

ပဋိပက္ခ၊ ကုန်ပစ္စည်းရှားပါးမှုနှင့် မူးယစ်ဆေးကုန်သွယ်မှု ချိတ်ဆက်လာ

နောက်ဆုံးပေါ်ပုံစံသည် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် လက်နက်ကိုင်ပဋိပက္ခ၊ ကုန်ပစ္စည်းရှားပါးမှုနှင့် တရားမဝင်စီးပွားရေးတို့ ပိုမိုနက်ရှိုင်းစွာ ချိတ်ဆက်လာကြောင်း ပြသနေသည်။

ဘင်္ဂလားဒေ့ရှ်အတွက် စိန်ခေါ်မှုမှာ မူးယစ်ဆေးဝင်ရောက်မှုတစ်ခုတည်း မဟုတ်တော့ဘဲ ပင်လယ်လမ်းကြောင်းများ၊ တရားမဝင်ငွေကြေးခဝါချမှု (hundi) ငွေလွှဲစနစ်များ၊ ရခိုင်ရှိ ကုန်ပစ္စည်းရှားပါးမှုနှင့် ပဋိပက္ခစီးပွားရေးတို့ကို ချိတ်ဆက်အသုံးပြုသည့် ပြောင်းလဲလွယ်သော မှောင်ခိုကွန်ရက်များ ဖြစ်လာသည်။

ယာဘာ နှင့် crystal meth တို့ကို ပေးချေမှုနည်းလမ်းတစ်ခုအဖြစ် အသုံးပြုလာခြင်းသည်လည်း မူးယစ်ဆေးကို ရောင်းချမည့် ကုန်ပစ္စည်းတစ်ခုအဖြစ်သာမက နယ်စပ်မှောင်ခိုစီးပွားရေးအတွင်း “ငွေကြေးတန်ဖိုး” အဖြစ်ပါ အသုံးပြုလာသည့် အခြေအနေကို ဖော်ပြနေသည်။