မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင် အဘ်ဒူလာ (Saifuddin Abdullah) က ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် အစီအစဉ်နှင့်ပတ်သက်၍ အစိုးရအနေဖြင့် လွှတ်တော်တွင် အသေးစိတ်ရှင်းလင်းတင်ပြရန် တိုက်တွန်းလိုက်ပြီး ယင်းအစီအစဉ်သည် မလေးရှား၏ ရေရှည်လူသားချင်းစာနာမှုမူဝါဒနှင့် ဥပဒေစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမရှိ မေးခွန်းထုတ်ခဲ့သည်။
သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် အင်ဒရာ မာကိုတာ (Indera Mahkota) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဆိုင်ဖူဒင် အဘ်ဒူလာက ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူတီယွန် အစ္စမေးလ် (Saifuddin Nasution Ismail) အနေဖြင့် ရိုဟင်ဂျာများကို ပြန်လည်ပို့ဆောင်ရေးအစီအစဉ်၊ အမျိုးသားလုံခြုံရေးကောင်စီ ညွှန်ကြားချက်အမှတ် ၂၃ (National Security Council Directive No. 23) ၏ အကောင်အထည်ဖော်မှု၊ ရိုဟင်ဂျာဒုက္ခသည်များအပေါ် မလေးရှားအစိုးရ၏ မူဝါဒနှင့် ဥပဒေအရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လွှတ်တော်တွင် ရှင်းလင်းတင်ပြရန် တောင်းဆိုခဲ့သည်။
“နှစ်ပေါင်းများစွာ မလေးရှားက ရိုဟင်ဂျာများကို ပြန်လည်ပို့ဆောင်ခြင်းသည် လုံခြုံမှုရှိရမည်၊ မိမိဆန္ဒအလျောက် ဖြစ်ရမည်၊ ဂုဏ်သိက္ခာရှိရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရေရှည်ပြန်လည်နေထိုင်နိုင်မည့် အခြေအနေများ ရှိရမည်ဟု အမြဲပြောဆိုလာခဲ့သည်။ အဆိုပါမူဝါဒသည် ယနေ့ထိ ဆက်လက်တည်ရှိနေသေးသလား” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံဘက်မှ ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်၊ ဥပဒေရေးရာအဆင့်အတန်း၊ လုံခြုံရေး၊ လွတ်လပ်စွာ သွားလာခွင့်နှင့် ရေရှည်အကာအကွယ် တို့နှင့်ပတ်သက်၍ မည်သည့် အာမခံချက်များ ပေးထားကြောင်းကိုလည်း အစိုးရအနေဖြင့် ရှင်းလင်းရန် တောင်းဆိုခဲ့သည်။
ဆိုင်ဖူဒင် အဘ်ဒူလာက မလေးရှားအစိုးရသည် မြန်မာစစ်အာဏာပိုင်များအပေါ် ထားရှိသည့် မူဝါဒကို ပြောင်းလဲလိုက်ခြင်း ရှိမရှိကိုလည်း မေးမြန်းခဲ့သည်။ မလေးရှားသည် ယခင်က မြန်မာစစ်အာဏာပိုင်များကို တရားဝင်မှုမရှိကြောင်းနှင့် အာဆီယံ၏ ငါးချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus) ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြောင်း ပြောဆိုထားသည်ဟု ၎င်းက ထောက်ပြခဲ့သည်။
ထို့အပြင် ရိုဟင်ဂျာများကို မြန်မာစစ်အာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးခြင်းသည် စစ်အစိုးရနှင့် ဆက်ဆံရေးကို ပုံမှန်ပြန်လည်တည်ဆောက်သည့် အဓိပ္ပာယ်သက်ရောက်နိုင်သလားဟုလည်း မေးခွန်းထုတ်ခဲ့သည်။
“ဒီကိစ္စဟာ မလေးရှားရဲ့ လူသားချင်းစာနာမှုကတိကဝတ်၊ နိုင်ငံခြားရေးမူဝါဒရဲ့ တသမတ်တည်းရှိမှုနဲ့ နိုင်ငံတကာဂုဏ်သိက္ခာတို့နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အရေးကြီးကိစ္စဖြစ်တဲ့အတွက် လွှတ်တော်နဲ့ မလေးရှားပြည်သူတွေဟာ ရှင်းလင်းတဲ့ အဖြေတွေကို သိခွင့်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယင်းတောင်းဆိုမှုသည် ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူတီယွန် အစ္စမေးလ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ရိုဟင်ဂျာ ၅,၀၀၀ ဦးကို စတင်ပြန်လည်ပို့ဆောင်ရန် အစီအစဉ်အတွက် ဒုက္ခသည်များ၏ အချက်အလက် စိစစ်ခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း ကြေညာခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
မလေးရှားရှိ ရိုဟင်ဂျာဒုက္ခသည်များ
မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ရိုဟင်ဂျာဒုက္ခသည် အများဆုံး လက်ခံထားသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ UNHCR ၏ အချက်အလက်များအရ နိုင်ငံအတွင်း ဒုက္ခသည်နှင့် ခိုလှုံခွင့်ရှာဖွေသူ စုစုပေါင်း ၂၁၅,၀၀၀ ခန့် မှတ်ပုံတင်ထားပြီး ယင်းအနက် ၁၂၆,၀၀၀ ခန့်မှာ ရိုဟင်ဂျာများ ဖြစ်သည်။
မလေးရှားသည် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ သဘောတူစာချုပ် တွင် အဖွဲ့ဝင်နိုင်ငံမဟုတ်သဖြင့် ပြည်တွင်းဥပဒေအရ ဒုက္ခသည်အဆင့်အတန်းကို အသိအမှတ်မပြုဘဲ ခိုလှုံခွင့်ရှာဖွေသူများကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် သတ်မှတ်ထားသည်။
နောက်ခံ
မလေးရှားအစိုးရသည် မကြာသေးမီက မြန်မာနိုင်ငံနှင့် ဆွေးနွေးမှုများအပြီး ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ ဦးကို စတင်ပြန်လည်ပို့ဆောင်ရန် အစီအစဉ်ကို ကြေညာခဲ့သည်။ အစိုးရက ပြန်လည်ပို့ဆောင်ခံရသူများ၏ အသက်အန္တရာယ် သို့မဟုတ် ဖိနှိပ်ညှဉ်းပန်းခံရနိုင်သည့် အန္တရာယ်ရှိပါက ပြန်လည်ပို့ဆောင်မည်မဟုတ်ကြောင်း ပြောကြားထားသော်လည်း လူ့အခွင့်အရေးအဖွဲ့များက ပြန်လည်ပို့ဆောင်မှုတိုင်းသည် မိမိဆန္ဒအလျောက်၊ လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ဆောင်ရွက်ရမည်ဟု ဆက်လက်တိုက်တွန်းလျက်ရှိသည်။










