ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်များသည် အမေရိကန်၏ တောင်အာရှနှင့် အလယ်အာရှရေးရာ အထူးသံတမန် ဆာဂျီယို ဂေါရ် (Sergio Gor) ဥကီးယားဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာစဉ် မြန်မာနိုင်ငံသို့ လုံခြုံပြီး မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေရပ်ပြန်နိုင်ရေး ကို တောင်းဆိုခဲ့ကြသည်။
စခန်းများအတွင်း ရိုဟင်ဂျာရာနှင့်ချီက “သင်တို့မှာ အိမ်ရှိတယ်၊ ကျွန်တော်တို့ကတော့ ကိုယ့်အိမ်ကို လွမ်းတယ်”၊ “ဒုက္ခသည်ဘဝ မလိုတော့ဘူး၊ အိမ်ပြန်ချင်တယ်”၊ “မျှော်လင့်ချက်က အိမ်ပါပဲ၊ အာရက္ခက ကျွန်တော်တို့ရဲ့ အိမ်ပါ” စသည့် စာတန်းများကို ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ စောင့်ဆိုင်းခဲ့ကြပြီး ၎င်းတို့၏ နေရပ်ပြန်လိုသော ဆန္ဒကို ဖော်ပြခဲ့ကြသည်။
အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ်လည်း တာဝန်ထမ်းဆောင်နေသော ဆာဂျီယို ဂေါ်သည် ဘင်္ဂလားဒေ့ရှ်သို့ သုံးရက်ကြာ အလည်အပတ်ခရီးစဉ်၏ ဒုတိယနေ့တွင် ကော့ဘဇားသို့ ရောက်ရှိခဲ့ပြီး ဥကီးယားရှိ စခန်း ၄၊ စခန်း ၆ နှင့် စခန်း ၈ တို့အပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ စားနပ်ရိက္ခာဖြန့်ဝေရေးစင်တာကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။
အမေရိကန်နိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ သံအမတ်ကြီး ဘရန့် တီ. ခရစ်တန်ဆန် (Brent T. Christensen) လည်း ခရီးစဉ်တွင် လိုက်ပါခဲ့သည်။
ရိုဟင်ဂျာဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေးကော်မရှင်နာ မီဇာနူရ် ရာမန် သည်လည်း အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ တာဝန်ရှိသူများ၏ အဆိုအရ ဆာဂျီယို ဂေါ်သည် စခန်းများအတွင်း လူသားချင်းစာနာမှုအခြေအနေ၊ ရိုဟင်ဂျာများ၏ နေရပ်ပြန်လိုစိတ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေတို့ကို မေးမြန်းလေ့လာခဲ့သည်။
ခရီးစဉ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦး၏ အဆိုအရ ဆာဂျီယို ဂေါ်က အမေရိကန်အခွန်ထမ်းများ၏ ရန်ပုံငွေများကို ရိုဟင်ဂျာဒုက္ခသည်များအတွက် မည်သို့အသုံးပြုနေသည်ကို လေ့လာလိုသည့် ရည်ရွယ်ချက်ဖြင့် စခန်းများသို့ လာရောက်ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများအား ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသော ရိုဟင်ဂျာဒုက္ခသည် ၁.၂ သန်းကျော် အတွက် အဓိက လူသားချင်းစာနာမှု အကူအညီပေးနေသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။
ရိုဟင်ဂျာအများစုမှာ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးနှိမ်နင်းမှုများအပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာခဲ့ကြသည်။ ပြန်လည်ပို့ဆောင်ရေး ကြိုးပမ်းမှုများ အကြိမ်ကြိမ်ရှိခဲ့သော်လည်း ရိုဟင်ဂျာများက မြန်မာနိုင်ငံအတွင်း လုံခြုံရေးနှင့် အခြေခံအခွင့်အရေးများ အာမခံချက်မရှိသေးကြောင်း ပြောဆိုကာ ယနေ့အထိ အစုလိုက်အပြုံလိုက် နေရပ်ပြန်မှု မရှိသေးပေ။
အမည်မဖော်လိုသည့် ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတစ်ဦးက ရခိုင်ပြည်နယ်၏ နေရာအများစုကို အာရက္ခတပ်တော် (Arakan Army – AA) က ထိန်းချုပ်ထားသည့် လက်ရှိအခြေအနေအောက်တွင် ရိုဟင်ဂျာ ၆၀ ခန့်သည် အပတ်စဉ် ဘင်္ဂလားဒေ့ရှ်သို့ ဆက်လက်ထွက်ပြေးလာနေကြောင်း ပြောကြားခဲ့သည်။
ရိုဟင်ဂျာခေါင်းဆောင် ဆော်ယာဒ် အုလ္လာ (Syed Ullah) က ရိုဟင်ဂျာအရေးအတွက် ရေရှည်တည်တံ့သော နိုင်ငံရေးဖြေရှင်းချက် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ယင်းသည် တရားမျှတမှုနှင့် တာဝန်ခံမှု မရှိဘဲ မဖြစ်နိုင်ကြောင်း အလေးပေးပြောဆိုခဲ့သည်။
၎င်းက အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာအသိုက်အဝန်းအား ရိုဟင်ဂျာများ နေရပ်ပြန်နိုင်မည့် အခြေအနေများ ဖန်တီးပေးရန်နှင့် မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာအသိုက်အဝန်း၏ လုံခြုံရေးကို အကာအကွယ်ပေးရန် ပိုမိုတက်ကြွစွာ ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်။
သံတမန်ရေးရာ တွေ့ဆုံမှုများ
ယင်းမတိုင်မီ သောကြာနေ့နံနက်တွင် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အိန္ဒိယ အထက်တန်းကော်မရှင်နာ ဒီနက်ရှ် ထရီဗေဒီ (Dinesh Trivedi) သည် ဆာဂျီယို ဂေါ်နှင့် ဒါကာမြို့တွင် တွေ့ဆုံကာ နှစ်နိုင်ငံ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ဆွေးနွေးသည့် အသေးစိတ်အကြောင်းအရာများကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ဘင်္ဂလားဒေ့ရှ်ခရီးစဉ်၏ ပထမနေ့တွင် ဆာဂျီယို ဂေါ်သည် နိုင်ငံခြားရေးဝန်ကြီး ခါလီလူရ် ရာမန် နှင့်လည်း တွေ့ဆုံခဲ့ပြီး ခရီးစဉ်အတွင်း ဝန်ကြီးချုပ် တာရီက ရာမန် နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
နောက်ခံ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို လက်ခံထားပြီး အများစုမှာ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စစ်ရေးနှိမ်နင်းမှုများကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နိုင်ငံတကာအသိုက်အဝန်းက ရိုဟင်ဂျာများ၏ လုံခြုံပြီး မိမိဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိကာ ရေရှည်တည်တံ့သော နေရပ်ပြန်နိုင်ရေး ကို အစဉ်တစိုက် တိုက်တွန်းနေသော်လည်း ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေနှင့် နိုင်ငံသားအခွင့်အရေးကဲ့သို့သော အခြေခံပြဿနာများမှာ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။











