ကမ္ဘာတစ်ဝန်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရန်ပုံငွေများ အခက်အခဲနှင့် ရင်ဆိုင်နေရချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် ဒုက္ခသည်များကို လက်ခံထားသည့် ဒေသခံအသိုင်းအဝိုင်းများအား ကူညီပံ့ပိုးရန် ဩစတြေးလျအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ ဩစတြေးလျဒေါ်လာ ၂၅.၂၅ သန်း (A$25.25 million) နှစ်ရှည်ရန်ပုံငွေ ထောက်ပံ့မည်ဟု ကြေညာခဲ့သည်။(

အဆိုပါထောက်ပံ့မှုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ခါလီလူ ရာမန် (Khalilur Rahman) နှင့် ဩစတြေးလျနိုင်ငံ၏ နိုင်ငံသားဖြစ်မှု၊ အကောက်ခွန်နှင့် ယဉ်ကျေးမှုပေါင်းစုံရေးရာ (Citizenship, Customs and Multicultural Affairs) ဆိုင်ရာ လက်ထောက်ဝန်ကြီးနှင့် နိုင်ငံတကာပညာရေး (International Education) ဆိုင်ရာ လက်ထောက်ဝန်ကြီး ဂျူလီယန် ဟေးလ် (Julian Hill)တို့ တက်ရောက်သည့် အခမ်းအနားတွင် ဩစတြေးလျအစိုးရနှင့် UNHCR တို့က ကြေညာခဲ့ခြင်းဖြစ်သည်။

ကာကွယ်စောင့်ရှောက်ရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေးကို ပံ့ပိုးမည်

A$25.25 သန်း ထောက်ပံ့မှုသည် ဩစတြေးလျ၏ ၂၀၂၆–၂၀၂၈ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒုက္ခသည်များအတွက် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးအစီအစဉ်များနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းများကို ပံ့ပိုးပေးမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုရန်ပုံငွေ မသေချာမှုများကြောင့် ရိုဟင်ဂျာဒုက္ခသည်များ မှီခိုနေရသည့် အခြေခံဝန်ဆောင်မှုများ ထိခိုက်လာနိုင်သည့်အချိန်တွင် ယခုရန်ပုံငွေကတိကဝတ် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဩစတြေးလျနိုင်ငံအနေဖြင့် ကျွန်ုပ်တို့ဒေသအတွင်း အရေးအကြီးဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို ဆက်လက်တုံ့ပြန်နေပြီး ဒေသကို ပိုမိုလုံခြုံ၊ တည်ငြိမ်ပြီး ကြံ့ကြံ့ခံနိုင်စေရန် ဆောင်ရွက်နေပါတယ်” ဟု ဂျူလီယန် ဟေးလ် (Julian Hill) က ပြောသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာများ၏ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“နေရပ်စွန့်ခွာနေရတဲ့ ရိုဟင်ဂျာတွေက အိမ်ပြန်ချင်ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ ရေရှည်တည်တံ့စွာ ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ သင့်လျော်တဲ့အခြေအနေတွေ ရှိဖို့လိုပါတယ်” ဟု ဂျူလီယန် ဟေးလ် က ပြောသည်။

ထိုအခြေအနေများ ပေါ်ပေါက်လာရန် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအကျပ်အတည်း၏ အရင်းခံအကြောင်းရင်းများကို ဖြေရှင်းရမည်ဟုလည်း ၎င်းက ဆိုသည်။

ရိုဟင်ဂျာအကျပ်အတည်း ကမ္ဘာ့အာရုံစိုက်မှုမှ ပျောက်ကွယ်သွားနိုင်ဟု UNHCR သတိပေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ UNHCR ယာယီကိုယ်စားလှယ် ဂျူးလီယက် မူရီကီဆိုနီ (Juliette Murekeyisoni) က ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာခဲ့ရသည့် အကျပ်အတည်း စတင်ခဲ့ပြီး ကိုးနှစ်နီးပါးအကြာတွင် ကမ္ဘာတစ်ဝန်း အရေးပေါ်အကျပ်အတည်းအသစ်များ ဆက်လက်ပေါ်ပေါက်လာခြင်းကြောင့် ရိုဟင်ဂျာအရေးသည် နိုင်ငံတကာ၏ အာရုံစိုက်မှုမှ လျော့နည်းသွားနိုင်ကြောင်း သတိပေးခဲ့သည်။

“ဩစတြေးလျရဲ့ ဆက်လက်ပံ့ပိုးမှုက ရိုဟင်ဂျာလူမျိုးတွေကို မမေ့သေးဘူးဆိုတဲ့ အားကောင်းတဲ့ သတင်းစကားတစ်ခု ပေးလိုက်တာဖြစ်ပါတယ်” ဟု ဂျူးလီယက် မူရီကီဆိုနီ က ပြောသည်။

သူမတွေ့ဆုံခဲ့သည့် ဒုက္ခသည်တိုင်းနီးပါးက မိမိတို့၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာ ပြန်လည်ရရှိကာ နေရပ်သို့ ဘေးကင်းစွာ ပြန်နိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုကြသည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများ အပြည့်အဝ နိုင်ငံသားအခွင့်အရေးနှင့်အတူ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်မည့် အခြေအနေများ မပေါ်ပေါက်မချင်း နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်ပံ့ပိုးရန် လိုအပ်ကြောင်း သူမက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး ဆူဆန် ရိုင်းလ် (Susan Ryle) ကလည်း ရိုဟင်ဂျာဒုက္ခသည်များနှင့် ၎င်းတို့ကို လက်ခံပေးထားသည့် ဘင်္ဂလားဒေ့ရှ်ဒေသခံအသိုင်းအဝိုင်းများကို ဩစတြေးလျက ဆက်လက်ပံ့ပိုးသွားမည်ဟု ပြောသည်။

ယခု A$25.25 သန်း ထောက်ပံ့မှုသည် အမျိုးသမီးများ၊ မိန်းကလေးများနှင့် မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်ဆုံးသူများအတွက် အရေးကြီးဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးကို ကူညီမည်ဟု ဆူဆန် ရိုင်းလ် က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာ ၁.၂ သန်းခန့် ဆက်လက်ခိုလှုံနေရ

လက်ရှိတွင် ရိုဟင်ဂျာဒုက္ခသည် ၁.၂ သန်းခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နေရပ်စွန့်ခွာခိုလှုံနေရဆဲဖြစ်ပြီး အများစုမှာ ကော့စ်ဘဇားဒေသရှိ လူဦးရေထူထပ်သည့် ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ကျယ်ပြန့်သော အကြမ်းဖက်မှုနှင့် ဖိနှိပ်ညှဉ်းပန်းမှုများကြောင့် ရိုဟင်ဂျာ သိန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး ယခင်ကတည်းက ထွက်ပြေးခိုလှုံနေသူများနှင့် ပူးပေါင်းခဲ့ရသည်။

ရိုဟင်ဂျာဒုက္ခသည်အများစုသည် နေ့စဉ်ဘဝအတွက် လိုအပ်သည့် အခြေခံစားဝတ်နေရေးကို လူသားချင်းစာနာမှုအကူအညီများပေါ်တွင် အလွန်အမင်း မှီခိုနေရဆဲဖြစ်သည်။

ရန်ပုံငွေမလုံလောက်မှု ဆက်လက်ဖြစ်ပေါ်နေခြင်းက ဒုက္ခသည်များ၏ ထိခိုက်လွယ်မှုကို ပိုမိုဆိုးရွားစေပြီး အချို့သူများကို ဒေသတွင်း အခွင့်အလမ်းများ ရှာဖွေရန် အန္တရာယ်များသည့် ပင်လယ်ခရီးများကို ရွေးချယ်စေသည့် အခြေအနေများ ဖြစ်ပေါ်စေသည်။

မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံချက်များအရ ၂၀၂၅ ခုနှစ်အတွင်း ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်ရန် ကြိုးပမ်းစဉ် ရိုဟင်ဂျာဒုက္ခသည် ၉၀၀ နီးပါး သေဆုံးခဲ့ခြင်း သို့မဟုတ် ပျောက်ဆုံးခဲ့ခြင်းရှိသည်။

ရန်ပုံငွေပြတ်လပ်မှုကြောင့် ထိခိုက်လွယ်သူများ ပိုမိုအန္တရာယ်ရှိလာ

လူသားချင်းစာနာမှုရန်ပုံငွေ လျော့နည်းမှုသည် အမျိုးသမီးများနှင့် မိန်းကလေးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအပေါ် အချိုးမညီစွာ ပိုမိုထိခိုက်စေသည်။

၂၀၂၄ ခုနှစ်မှစ၍ ရိုဟင်ဂျာအသစ် ၁၅၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာခဲ့ပြီး အများအပြားမှာ လုံလောက်သည့် အမိုးအကာနှင့် သန့်ရှင်းသော ချက်ပြုတ်လောင်စာအပါအဝင် အခြေခံဝန်ဆောင်မှုများကို မရရှိသေးကြောင်း သိရသည်။

ဩစတြေးလျ၏ ယခုထောက်ပံ့မှုသည် ရိုဟင်ဂျာဒုက္ခသည်များအတွက် ကာကွယ်စောင့်ရှောက်ရေးနှင့် အရေးကြီးသော ဝန်ဆောင်မှုများ ရရှိစေရန် ကူညီပေးသည့်အပြင် ပိုမိုလုံခြုံပြီး ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းနှင့် ရင်ဆိုင်ဖြေရှင်းနည်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ထားသည်။

လက်ရှိအရေးပေါ် လူသားချင်းစာနာမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအပြင် ပညာရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး အခွင့်အလမ်းများ တိုးချဲ့ပေးခြင်းသည် ရိုဟင်ဂျာဒုက္ခသည်များ၏ ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရန်နှင့် ရေရှည်ဒုက္ခသည်ဘဝမှ ကျော်လွန်သည့် အနာဂတ်အတွက် ပြင်ဆင်နိုင်ရန် အရေးကြီးကြောင်း လူသားချင်းစာနာမှုအဖွဲ့အစည်းများက အလေးထားပြောဆိုနေကြသည်။

ဘေးကင်းပြီး ဂုဏ်သိက္ခာရှိသည့် နေရပ်ပြန်ရေးသည် အဓိကဖြေရှင်းချက်အဖြစ် ဆက်ရှိနေ

ရိုဟင်ဂျာဒုက္ခသည်များအတွက် မိမိတို့၏ မူရင်းနေရပ်ဖြစ်သော မြန်မာနိုင်ငံသို့ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် ရေရှည်တည်တံ့စွာ ပြန်နိုင်ရေးသည် အဓိကရေရှည်ဖြေရှင်းချက်အဖြစ် ဆက်လက်တည်ရှိနေသည်။

သို့သော် မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများ၏ ဘေးကင်းလုံခြုံရေး၊ အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် နိုင်ငံသားအခွင့်အရေးများကို အာမခံနိုင်သည့် အခြေအနေများ ပေါ်ပေါက်မှသာ နေရပ်ပြန်ပို့ရေးကို ဆောင်ရွက်နိုင်မည်ဟု လူသားချင်းစာနာမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာမိတ်ဖက်များက အလေးထားထားသည်။

ရေရှည်တည်တံ့သည့် ဖြေရှင်းချက်တစ်ရပ် မရရှိမချင်း ရိုဟင်ဂျာဒုက္ခသည်များ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေးနှင့် အရေးတကြီးလိုအပ်သော ကာကွယ်စောင့်ရှောက်မှု၊ အကူအညီနှင့် အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် နိုင်ငံတကာ၏ ဆက်လက်ပံ့ပိုးမှုသည် မရှိမဖြစ်လိုအပ်မည်ဟု UNHCR က ပြောကြားထားသည်။