မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် နေအိမ်များမှ ဖယ်ရှားခံရသည်ဟု ဆိုသည့် ရိုဟင်ဂျာမူဆလင်ဒုက္ခသည် ၁၀၀ ကျော်သည် ကွာလာလမ်ပူရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပြင်ဘက်တွင် အကာအကွယ်နှင့် အကူအညီတောင်းခံရန် စုဝေးခဲ့ပြီးနောက် မလေးရှားအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း Reuters က ဖော်ပြသည်။
Reuters သတင်းထောက်များ၏ မျက်မြင်အရ ရဲတပ်ဖွဲ့သည် ဒုက္ခသည်များနှင့် ၎င်းတို့၏ ပစ္စည်းများကို ရဲကားလေးစီးဖြင့် ဒေသစံတော်ချိန် ည ၈ နာရီခွဲခန့် တွင် ခေါ်ဆောင်သွားခဲ့ပြီး ကွာလာလမ်ပူ ရဲဌာနချုပ်သို့ ပို့ဆောင်ကာ ထပ်မံစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ခဲ့သည်။
နေအိမ်များမှ နှင်ထုတ်ခံရကြောင်း ဒုက္ခသည်များ ပြော
ဖမ်းဆီးခံရသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်ပြီး၊ ၎င်းတို့က ပီနန်ပြည်နယ်တွင် ဒေသခံအချို့၏ ဖိအားကြောင့် နေအိမ်များမှ ထွက်ခွာခဲ့ရပြီးနောက် တနင်္ဂနွေနေ့တွင် ဘတ်စ်ကားဖြင့် တစ်ညလုံး ခရီးနှင်ကာ ကွာလာလမ်ပူရှိ UNHCR ရုံးသို့ ရောက်ရှိလာခဲ့ကြောင်း ပြောသည်။
၎င်းတို့သည် ဒုက္ခသည်အဖြစ် အကာအကွယ်ရရှိရေးနှင့် တတိယနိုင်ငံ ပြန်လည်နေရာချထားရေးဆိုင်ရာ အကူအညီများ ရရှိရန် မျှော်လင့်ထားကြောင်းလည်း ဆိုသည်။
သို့သော် ပီနန်ရဲတပ်ဖွဲ့ က ရိုဟင်ဂျာများသည် ပြည်နယ်နှင့် ဖက်ဒရယ်အာဏာပိုင်များ၊ အမျိုးသားလုံခြုံရေးကောင်စီတို့၏ အကူအညီဖြင့် “ဆန္ဒအလျောက်” ကွာလာလမ်ပူသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဆီဘာရန် ပီရိုင် ဥတာရာ (Seberang Perai Utara) ခရိုင်ရဲမှူး အာနူအာ အဗ္ဗဒူလ် ရာမန် (Anuar Abdul Rahman) က ရိုဟင်ဂျာလူဦးရေ တိုးလာမှုကြောင့် ဖြစ်ပေါ်လာသည့် “စီးပွားရေးနှင့် နယ်မြေဆိုင်ရာ ယှဉ်ပြိုင်မှုများ” အပြီး ယခုကဲ့သို့ ပြောင်းရွှေ့စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အွန်လိုင်းအမုန်းစကားများ မြင့်တက်လာပြီးနောက် ဖြစ်ပွား
ယခုဖြစ်စဉ်သည် မေလမှစတင်၍ မလေးရှားတွင် ရိုဟင်ဂျာများကို ပစ်မှတ်ထားသည့် အွန်လိုင်းအမုန်းစကားများ၊ သတင်းမှားများနှင့် လှုံ့ဆော်ရေးလှုပ်ရှားမှုများ မြင့်တက်လာသည့် နောက်ခံအခြေအနေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေးအဖွဲ့များက အဆိုပါအွန်လိုင်းလှုံ့ဆော်မှုများကြောင့် ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် နှောင့်ယှက်မှုများ တိုးလာပြီး ဒုက္ခသည်စာသင်ကျောင်းများစွာ ပိတ်ထားရကာ လူမှုအသိုင်းအဝိုင်းအတွင်း မုန်းတီးမှုများ ပိုမိုပြင်းထန်လာကြောင်း ပြောသည်။
ဝန်ကြီးချုပ်၏ သတိပေးချက်
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က UNHCR ရုံးရှေ့ စုဝေးမှုသည် ပြည်သူများအတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားပြီး တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိသူများကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းမည်ဟု သတိပေးခဲ့သည်။
“ဘယ်သူမှ မြို့ရဲ့ ဘယ်အစိတ်အပိုင်းကိုမှ သိမ်းပိုက်ပိုင်ခွင့် မရှိပါဘူး” ဟု ၎င်းက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်သည့် ဗီဒီယိုတွင် ပြောကြားခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့များက အကာအကွယ်ပေးရန် တိုက်တွန်း
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch (HRW) ၏ အာရှဒေသ ဒုတိယညွှန်ကြားရေးမှူး ဘရိုင်ယိုနီ လော် (Bryony Lau) က မလေးရှားရှိ ရိုဟင်ဂျာဒုက္ခသည်များသည် ဖမ်းဆီးမှုများနှင့် စီးနင်းရှာဖွေမှုများကို အမြဲတမ်း ကြောက်ရွံ့နေရပြီး ယခုအွန်လိုင်းအမုန်းလှုံ့ဆော်မှုများကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလာကြောင်း ပြောသည်။
“နေအိမ်များမှ ဖယ်ရှားခံရသည့် ဒုက္ခသည်များကို ထပ်မံကြောက်ရွံ့စေမည့်အစား မလေးရှားအစိုးရအနေဖြင့် ၎င်းတို့ကို အကာအကွယ်ပေးရန် ဦးစားပေးသင့်သည်” ဟု ၎င်းက ဆိုသည်။
UNHCR ၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မလေးရှားတွင် ရိုဟင်ဂျာဒုက္ခသည် ၁၂၆,၀၀၀ ခန့် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လူ့အခွင့်အရေးအဖွဲ့များက မှတ်ပုံတင်မထားသည့် ရိုဟင်ဂျာများ ပိုမိုများပြားနိုင်ကြောင်း ခန့်မှန်းထားသည်။
UNHCR က အွန်လိုင်းအမုန်းစကားများအပေါ် စိုးရိမ်
ရိုဟင်ဂျာဒုက္ခသည် Syed Kasim က ဇနီးနှင့် ကလေးများနှင့်အတူ တနင်္လာနေ့ နံနက်အစောပိုင်းတွင် UNHCR ရုံးသို့ ရောက်ရှိခဲ့သော်လည်း မည်သည့်အဖွဲ့အစည်းထံမှ အကူအညီမရရှိခဲ့ကြောင်း Reuters သို့ ပြောကြားသည်။
“ကျွန်တော်တို့ရဲ့ ပြဿနာကို ဘယ်သူမှ မကူညီဘူး၊ ဘယ်သူမှလည်း နားမလည်ဘူး” ဟု ၎င်းက ပြောသည်။
UNHCR ကလည်း မကြာသေးမီက ရိုဟင်ဂျာများနှင့် အခြားဒုက္ခသည်များကို ပစ်မှတ်ထားသည့် အွန်လိုင်းအမုန်းစကားများ၊ သတင်းမှားများနှင့် လူသားမဟုတ်သကဲ့သို့ ဖော်ပြသည့် အကြောင်းအရာများ တိုးလာနေခြင်းအပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်ထားပြီး ယင်းက မြေပြင်တွင် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားသည်။
ရိုဟင်ဂျာများအတွက် လုံခြုံခိုလှုံရာအဖြစ် ရပ်တည်မှု စိန်ခေါ်ခံနေရ
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း မလေးရှားသည် မြန်မာနိုင်ငံတွင် ဖိနှိပ်ခံရမှုများမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာများအတွက် နှစ်ပေါင်းများစွာ လုံခြုံသည့် ခိုလှုံရာအဖြစ် သတ်မှတ်ခံခဲ့ရသည်။
သို့သော် COVID-19 ကပ်ရောဂါကာလနောက်ပိုင်းတွင် ရိုဟင်ဂျာများအပေါ် သတင်းမှားများနှင့် အမုန်းစကားများ မြင့်တက်လာခြင်းကြောင့် လူထုသဘောထား ပြောင်းလဲခဲ့ပြီး လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုများနှင့် အွန်လိုင်းလှုံ့ဆော်မှုများကြောင့် ရိုဟင်ဂျာမိသားစုများ၏ လုံခြုံရေးအခြေအနေမှာ ပိုမိုစိုးရိမ်ဖွယ် ဖြစ်လာနေကြောင်း လူ့အခွင့်အရေးအဖွဲ့များက သတိပေးထားသည်။











