ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) သည် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားတိုင်းရင်းသားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ဆုံးဖြတ်ချက် A/HRC/62/L.20 ကို မဲခွဲခြင်းမပြုဘဲ အတည်ပြုခဲ့ပြီး၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများကို အတားအဆီးမရှိ ရောက်ရှိခွင့်ပေးရေးနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်မည့် အခြေအနေများ ဖန်တီးပေးရေးကို တိုက်တွန်းလိုက်သည်။
ယင်းဆုံးဖြတ်ချက်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အတွင်း ဇူလိုင် ၆ ရက် တွင် အတည်ပြုခဲ့ကြောင်း ကောင်စီက ထုတ်ပြန်ခဲ့သည်။
OIC တင်သွင်းသည့် ဆုံးဖြတ်ချက်ကို အတည်ပြု
အစည်းအဝေးကာလ ဇွန် ၁၅ ရက်မှ ဇူလိုင် ၈ ရက်အထိ ကျင်းပခဲ့ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့သည်။
ထို့နောက် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က တင်သွင်းသည့် ဆုံးဖြတ်ချက်ကို ကောင်စီက အတည်ပြုခဲ့သည်။
ဆုံးဖြတ်ချက်တွင် ရိုဟင်ဂျာနှင့် အခြားတိုင်းရင်းသားလူနည်းစုများအပေါ် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အရင်းခံအကြောင်းရင်းများကို ထိရောက်စွာ စုံစမ်းစစ်ဆေးရန် နှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအား လုံခြုံစွာ၊ ဆန္ဒအလျောက်နှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး အတွက် အခြေအနေများ ဖန်တီးပေးရန် တောင်းဆိုထားသည်။
တာဝန်ခံမှုနှင့် တရားမျှတမှုကို OIC အလေးပေး
OIC က ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်းသားလူနည်းစုများအပေါ် ဆယ်စုနှစ်များစွာ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို တရားဥပဒေအရ တာဝန်ခံစေရေးသည် ရေရှည်ဖြေရှင်းချက်ရရှိရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း အလေးပေးဖော်ပြထားသည်။
ဗြိတိန်အစိုးရက ဆုံးဖြတ်ချက်ကို ကြိုဆို
ဗြိတိန်အစိုးရ က ဆုံးဖြတ်ချက် L.20 သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို တိကျစွာ မှတ်တမ်းတင်ထားကြောင်း ပြောကြားပြီး ကြိုဆိုခဲ့သည်။
UK in Myanmar ၏ ထုတ်ပြန်ချက်အရ ဗြိတိန်အစိုးရသည် ရိုဟင်ဂျာများနှင့် အခြားအရပ်သားများအပေါ် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်သည် အဓိကတာဝန်ရှိသည် ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။
ဗြိတိန်က လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ထောက်ခံပြီး၊ စစ်တပ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များ၏ ချိုးဖောက်မှုများကို ရှုတ်ချသည့် ရပ်တည်ချက်၊ နိုင်ငံတကာ တာဝန်ခံမှု ယန္တရားများကို အားပေးသည့် ရပ်တည်ချက်နှင့် လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားရေး အကူအညီများ အတားအဆီးမရှိ ရောက်ရှိစေရေး တောင်းဆိုချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
စစ်ကောင်စီက ပယ်ချ
ဆုံးဖြတ်ချက် အတည်ပြုပြီးနောက် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ ယင်းဆုံးဖြတ်ချက်ကို ပယ်ချခဲ့သည်။
စစ်ကောင်စီက သက်ဆိုင်ရာနိုင်ငံ၏ ပါဝင်မှုမရှိဘဲ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းအတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပြီး၊ အစီရင်ခံစာတွင် “အလွန်အကျွံအမြင်များ” နှင့် “အခြေအမြစ်မရှိသော စွပ်စွဲချက်များ” ပါဝင်နေသဖြင့် မြေပြင်အခြေအနေကို လုံလောက်စွာ ထင်ဟပ်ခြင်းမရှိကြောင်း ဆိုသည်။
OIC က ထောက်ခံသည့်နိုင်ငံများကို ကျေးဇူးတင်
ဆုံးဖြတ်ချက် အတည်ပြုပြီးနောက် OIC က ဆွေးနွေးမှုများအတွင်း ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သော သို့မဟုတ် ဘက်မလိုက်သော ရပ်တည်ချက်ကို ထိန်းသိမ်းခဲ့သည့် မိတ်ဆွေနိုင်ငံများအား ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
OIC က ရိုဟင်ဂျာများ၏ အခွင့်အရေးကာကွယ်ရေး၊ တာဝန်ခံမှုရှိစေရေးနှင့် ရေရှည်တည်တံ့သော ဖြေရှင်းချက်ရရှိရေးအတွက် နိုင်ငံတကာ ကြိုးပမ်းမှုများကို ဆက်လက်ပံ့ပိုးသွားမည်ဟု ထပ်လောင်းအတည်ပြုခဲ့သည်။












