ရိုဟင်ဂျာဒုက္ခသည်များကို မြန်ဆန်ပြီး ရေရှည်တည်တံ့စွာ နေရပ်ပြန်ပို့နိုင်ရေးအတွက် ပြည့်စုံသည့် အမျိုးသားမဟာဗျူဟာတစ်ရပ် ရေးဆွဲရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် အစိုးရဌာနများအကြား ပူးပေါင်းညှိနှိုင်းမှု အားကောင်းစေရန် ဝန်ကြီးချုပ် တာရစ် ရာမန် ဦးဆောင်သည့် ၁၁ ဦးပါ အမျိုးသားကော်မတီကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖွဲ့စည်းလိုက်သည်။
အစိုးရအဖွဲ့ဌာနခွဲက “ရိုဟင်ဂျာအရေးဆိုင်ရာ အမျိုးသားမဟာဗျူဟာ ရေးဆွဲရေး အမျိုးသားကော်မတီ” ဖွဲ့စည်းကြောင်း တနင်္ဂနွေနေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။
နေရပ်ပြန်ပို့ရေး ဦးစားပေးကိစ္စများ သတ်မှတ်မည်
အမိန့်ကြော်ငြာစာအရ ကော်မတီသည် ရိုဟင်ဂျာနေရပ်ပြန်ပို့ရေးနှင့် သက်ဆိုင်သည့် အဓိကကိစ္စရပ်များအတွက် ဦးစားပေးလုပ်ငန်းများ သတ်မှတ်မည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ လုပ်ငန်းများကို ညှိနှိုင်းကြီးကြပ်မည်ဖြစ်သည်။
ရိုဟင်ဂျာအရေးနှင့် သက်ဆိုင်သည့် လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားရေးနှင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းများတွင် ပါဝင်သော အဖွဲ့အစည်းအသီးသီး၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းနယ်ပယ်များကိုလည်း ကော်မတီက သတ်မှတ်ပေးမည်ဖြစ်သည်။
ဝန်ကြီးချုပ် တာရက် ရာမန်က ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာန အကြံပေး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လက်နက်ကိုင်တပ်ဖွဲ့များဌာန အကြံပေးတို့က ကော်မတီဝင်များအဖြစ် ပါဝင်မည်ဖြစ်သည်။
လုံခြုံရေးအဖွဲ့ အကြီးတန်းတာဝန်ရှိသူများ ပါဝင်
လက်နက်ကိုင်တပ်ဖွဲ့များဌာန၏ အဓိကဝန်ထမ်းအရာရှိ (Principal Staff Officer )ကို ကော်မတီ၏ အဓိကညှိနှိုင်းရေးမှူးအဖြစ် သတ်မှတ်ထားပြီး ကာကွယ်ရေး ထောက်လှမ်းရေး ညွှန်ကြားမှုဦးစီးဌာန—DGFI ၏ ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ဝင်အတွင်းရေးမှူးအဖြစ် တာဝန်ယူမည်ဖြစ်သည်။
အခြားကော်မတီဝင်များတွင်—
- ရဲတပ်ဖွဲ့ အထွေထွေစစ်ဆေးရေးမှူး၊
- အမျိုးသားလုံခြုံရေးထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်၊
- ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နှင့်
- ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်သည်။
ဒုက္ခသည်ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေးကော်မရှင်နာ—RRRC နှင့် အထူးဌာန၏ နောက်ထပ် ရဲမှူးချုပ် (Additional Inspector General of Police၀ အပါအဝင် အကြီးတန်းတာဝန်ရှိသူ ငါးဦးကို ကော်မတီအား ကူညီရန် တာဝန်ပေးထားသည်။
အထူးတာဝန်အဖွဲ့က ရက်ပေါင်း ၉၀ အတွင်း မဟာဗျူဟာတင်ပြမည်
အဓိကညှိနှိုင်းရေးမှူး၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် အထူးတာဝန်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး ရိုဟင်ဂျာများကို မြန်ဆန်၍ ရေရှည်တည်တံ့စွာ နေရပ်ပြန်ပို့နိုင်ရေးအတွက် ပြည့်စုံသည့် အမျိုးသားမဟာဗျူဟာ ရေးဆွဲမည်ဖြစ်သည်။
အဆိုပါတာဝန်အဖွဲ့သည် မဟာဗျူဟာကို သုံးလ သို့မဟုတ် ရက်ပေါင်း ၉၀ အတွင်း ရေးဆွဲပြီး အမျိုးသားကော်မတီထံ တင်ပြရမည်ဖြစ်သည်။
မဟာဗျူဟာတွင် ဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေရေး၊ နေရပ်ပြန်ပို့ရေး ဦးစားပေးလုပ်ငန်းများ ဖော်ထုတ်ရေးနှင့် ရိုဟင်ဂျာဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်သည့် လုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့များ၏ တာဝန်များ ရှင်းလင်းသတ်မှတ်ရေးတို့ကို အဓိကထားမည်ဖြစ်သည်။
DGFI က အုပ်ချုပ်ရေးနှင့် အတွင်းရေးမှူးဆိုင်ရာ အကူအညီပေးမည်
DGFI သည် ကော်မတီလိုအပ်သည့် လူအင်အား၊ အခြေခံအဆောက်အအုံနှင့် အတွင်းရေးမှူးဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးမည်ဟု အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။
လိုအပ်ပါက ကော်မတီ၏ ဆုံးဖြတ်ချက်နှင့် ဝန်ကြီးချုပ်၏ ညွှန်ကြားချက်အရ အဆိုပါတာဝန်များကို အခြားထောက်လှမ်းရေး သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတစ်ခုသို့ လွှဲပြောင်းပေးနိုင်သည်။
ထို့အပြင် စစ်ဘက် သို့မဟုတ် အရပ်ဘက် တရားဥပဒေစိုးမိုးရေးအဖွဲ့များ၏ အကြီးအကဲများ၊ ကျွမ်းကျင်သူများနှင့် သင့်လျော်သူများကို လိုအပ်သည့်အခါ သတ်မှတ်ကာလအတွင်း ယာယီကော်မတီဝင်များအဖြစ် ပူးတွဲခန့်အပ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။
နေရပ်ပြန်ပို့ရေးသည် ဘင်္ဂလားဒေ့ရှ်မူဝါဒ၏ အဓိကရည်မှန်းချက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာနိုင်ငံရှိ ၎င်းတို့၏ မူလနေရပ်များသို့ လုံခြုံစွာ၊ ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာနှင့် ရေရှည်တည်တံ့စွာ ပြန်လည်ပို့ဆောင်နိုင်ရေးကို ဆက်လက်တောင်းဆိုနေသည်။
အဆင့်မြင့်ကော်မတီ ဖွဲ့စည်းခြင်းသည် ရိုဟင်ဂျာအရေးတွင် ပါဝင်သည့် နိုင်ငံရေး၊ သံတမန်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အစီအစဉ်များကို ဗဟိုမှ ညှိနှိုင်းပြီး ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်ရသည်။
သို့သော် ရေရှည်တည်တံ့သည့် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လုံခြုံရေး၊ ဥပဒေအရ အသိအမှတ်ပြုမှု၊ လွတ်လပ်စွာ သွားလာခွင့်နှင့် ပြန်လည်ရောက်ရှိလာသည့် ရိုဟင်ဂျာများအတွက် ထိရောက်သည့် အကာအကွယ်များ အာမခံနိုင်သည့် အခြေအနေဖန်တီးမှုအပေါ် မူတည်နေမည်ဖြစ်သည်။











