မြန်မာနိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ ဦးကို စတင်ပြန်လည်ပို့ဆောင်မည့် အစီအစဉ်သည် ၎င်းတို့၏ လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်မှသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး၊ အသက်အန္တရာယ် သို့မဟုတ် ဖိနှိပ်ညှဉ်းပန်းခံရနိုင်သည့် အခြေအနေရှိပါက မည်သည့်ပြန်ပို့မှုမျှ ပြုလုပ်မည်မဟုတ်ကြောင်း မလေးရှားအစိုးရက ပြောကြားလိုက်သည်။
ဆက်သွယ်ရေးဝန်ကြီး ဖာမီ ဖက်ဇီလ် (Fahmi Fadzil) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားရာ၌ အဆိုပါပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို အစိုးရက ဆက်လက်သုံးသပ်နေပြီး ပါဝင်မည့် ဒုက္ခသည်များကိုလည်း စိစစ်သတ်မှတ်နေကြောင်း သိရသည်။ နောက်ဆုံးဆုံးဖြတ်ချက် မချမီ မြန်မာစစ်အာဏာပိုင်များနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ၎င်းက ပြောသည်။
“တာဝန်ယူမှုရှိသော နိုင်ငံတစ်နိုင်ငံအနေဖြင့် အဆိုပါ မြန်မာဒုက္ခသည် ၅,၀၀၀ ဦးသည် ဖိနှိပ်ညှဉ်းပန်းခံရနိုင်ခြင်း သို့မဟုတ် အသက်အန္တရာယ် ကြုံတွေ့နိုင်ခြင်းရှိပါက မလေးရှားက ပြန်လည်ပို့ဆောင်မည်မဟုတ်ပါ” ဟု ဖာမီက The New Straits Times သို့ ပြောကြားခဲ့သည်။ ၎င်းက မြန်မာစစ်အစိုးရနှင့် ဆွေးနွေးရမည့် အရေးကြီးကိစ္စရပ်များကို အရင်ဆုံး သေချာစွာ စိစစ်ရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းထုတ်ပြန်ချက်သည် ဇူလိုင် ၂၉ ရက်တွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က နှစ်နိုင်ငံဆွေးနွေးမှုများအပြီး မြန်မာနိုင်ငံက မလေးရှားတွင် နေထိုင်နေသည့် ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ ဦးကို စတင်လက်ခံရန် သဘောတူခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင် အရှေ့တောင်အာရှဒေသအတွင်း ရိုဟင်ဂျာဒုက္ခသည် အများဆုံး လက်ခံထားသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး၊ အများစုမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖိနှိပ်မှုများနှင့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသူများ ဖြစ်ကြသည်။
ဖာမီက မြန်မာစစ်အာဏာပိုင်များသည် ဒုက္ခသည်များကို လက်ခံလိုကြောင်း ပြသထားသော်လည်း မလေးရှားအနေဖြင့် ပြန်လည်ပို့ဆောင်မှုသည် လုံခြုံမှုရှိပြီး သင့်လျော်ကာ စိတ်ဆန္ဒအလျောက် ဖြစ်ကြောင်း သေချာစေရန် သတ်မှတ်ချက်များကို အရင်ဆုံး စိစစ်မည်ဟု ပြောသည်။
“ဝန်ကြီးချုပ်ကလည်း ၎င်းတို့၏ အသက်အန္တရာယ်ရှိပါက ပြန်ပို့၍ မရကြောင်း ရှင်းလင်းစွာ ပြောထားသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန (Wisma Putra) သည် ဆက်စပ်ကိစ္စရပ်များကို လေ့လာသုံးသပ်နေသည်” ဟု ၎င်းက ဆိုသည်။
ရိုဟင်ဂျာများသည် မြန်မာနိုင်ငံရှိ မွတ်စလင် လူနည်းစုဖြစ်ပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မရှိသည့်အပြင် နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် အများအပြားသည် ဘင်္ဂလားပင်လယ်အော်နှင့် အန်ဒမန်ပင်လယ်ကို ဖြတ်ကျော်၍ အန္တရာယ်များသော ရေကြောင်းခရီးများဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးလာခဲ့ကြသည်။
၂၀၁၇ ခုနှစ် စစ်တပ်၏ အကြမ်းဖက်နှိမ်နင်းမှုများနောက်ပိုင်း ရိုဟင်ဂျာ သိန်းနှင့်ချီ မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ရပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၁.၃ သန်းကျော် ခိုလှုံနေကြသည်။ အခြားအများအပြားမှာ မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများသို့ ရေကြောင်းဖြင့် အသက်စွန့် ထွက်ပြေးခဲ့ကြသည်။
နောက်ခံ
ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်ပို့ဆောင်မှုသည် မိမိဆန္ဒအလျောက်၊ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိကာ ရေရှည်တည်တံ့သည့် အခြေအနေများ အောက်တွင်သာ ဆောင်ရွက်သင့်ကြောင်း အစဉ်တစိုက် တိုက်တွန်းလျက်ရှိသည်။











