မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် မြန်မာခေါင်းဆောင် မင်းအောင်လှိုင်တို့သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်သမားရေးရာနှင့် ဒေသတွင်းလုံခြုံရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြပြီး မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေးနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
မလေးရှားနိုင်ငံတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အန်ဝါက နှစ်ဖက်သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းရေးရာများအပါအဝင် ကိစ္စရပ်များစွာကို ပွင့်လင်း၍ အပြုသဘောဆောင်စွာ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
မလေးရှားအနေဖြင့် မြန်မာနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် အစားအစာ၊ စွမ်းအင်၊ ကျန်းမာရေးနှင့် စွမ်းရည်မြှင့်တင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း အန်ဝါက ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် အာဆီယံ၏ ပါဝင်ဆောင်ရွက်မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့စဉ်က ကွင်းဆင်းဆေးရုံများတွင် ခွဲခြားမှုမရှိဘဲ လူတိုင်းကို ကူညီပေးရန်နှင့် အကြမ်းဖက်မှု ပိုမိုမြင့်တက်လာခြင်းကို ရှောင်ရှားနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့များနှင့် ဆက်လက်ထိတွေ့ဆွေးနွေးရန် ပြောဆိုခဲ့ကြောင်း အန်ဝါက ပြန်လည်ရည်ညွှန်းခဲ့သည်။
မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး
သတင်းစာရှင်းလင်းပွဲတွင် အဓိကဆွေးနွေးခဲ့သည့် ကိစ္စတစ်ခုမှာ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား နေရပ်ပြန်ပို့ရေးဖြစ်သည်။
အန်ဝါ၏ ပြောကြားချက်အရ မြန်မာနိုင်ငံသား ၁၀,၄၉၃ ဦးကို လေကြောင်းခရီးစဉ်များနှင့် ရေတပ်သင်္ဘောများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ရှိနေသည့် နောက်ထပ် လူ ၃,၀၀၀ မှ ၄,၀၀၀ ခန့်ကို မြန်မာနိုင်ငံသားဖြစ်ကြောင်းနှင့် သက်ဆိုင်ရာမှတ်တမ်းများ အတည်ပြုပြီးပါက နေရပ်ပြန်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။
မင်းအောင်လှိုင်ကလည်း မလေးရှား လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ရှိနေပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုနိုင်သူများကို အမြန်ဆုံးပြန်လည်ခေါ်ယူသွားမည်ဟု ပြောကြားခဲ့သည်။
ယင်းလုပ်ငန်းစဉ်အတွက် မြန်မာဘက်မှ ရေတပ်သင်္ဘောတစ်စီးကို မလေးရှားသို့ စေလွှတ်မည်ဟုလည်း ၎င်းက ဆိုသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး
မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်သမားပူးပေါင်းဆောင်ရွက်ရေးသည်လည်း ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာတစ်ခုဖြစ်ခဲ့သည်။
မင်းအောင်လှိုင်က မလေးရှားနိုင်ငံ၏ စီးပွားရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း ပြောသည်။
အလုပ်ခွင်ဘေးကင်းရေး၊ အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ အကာအကွယ်နှင့် လူမှုဖူလုံရေးတို့အတွက် မလေးရှားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် တရားဝင်လမ်းကြောင်းများမှ အလုပ်သမားများ ဝင်ရောက်နိုင်ရေးနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုမှ ကာကွယ်နိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု
မင်းအောင်လှိုင်က မလေးရှားသည် မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံနှင့် နဝမအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း ပြောကြားခဲ့ပြီး မလေးရှားစီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
နှစ်ဖက်ဆွေးနွေးမှုများတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့်နည်းပညာ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ပြည်သူအချင်းချင်း ဆက်သွယ်မှုတို့ ပါဝင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ကုန်သွယ်ရေးအတားအဆီးများ လျှော့ချရေး၊ နှစ်နိုင်ငံဈေးကွက်သို့ ဝင်ရောက်နိုင်မှု လွယ်ကူချောမွေ့စေရေးနှင့် စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ စားအုန်းဆီ၊ အစားအစာထုတ်လုပ်မှုနည်းပညာ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဆိုက်ဘာလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု
ဒေသတွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည်လည်း ဆွေးနွေးပွဲ၏ အရေးကြီးကဏ္ဍတစ်ခုဖြစ်သည်။
မင်းအောင်လှိုင်၏ ပြောကြားချက်အရ မြန်မာနှင့် မလေးရှားတို့သည် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုနှင့် ဆိုက်ဘာရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် သတင်းအချက်အလက်ဖလှယ်ခြင်း၊ နှစ်နိုင်ငံဥပဒေစိုးမိုးရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပူးတွဲစုံစမ်းစစ်ဆေးခြင်းတို့ကို တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။
လူကုန်ကူးမှုတားဆီးရေးနှင့် ဒုက္ခရောက်နေသူများအား ကယ်ဆယ်ရေးကိစ္စများကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။
နှစ်နိုင်ငံသံတမန်ဆက်ဆံရေး
မြန်မာနှင့် မလေးရှားတို့သည် ၁၉၅၈ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ကြပြီး ၂၀၂၈ ခုနှစ်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်မည်ဖြစ်သည်။
ယင်းအထိမ်းအမှတ်အတွက် ပြင်ဆင်ရေးနှင့် သံတမန်ဆက်ဆံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း မင်းအောင်လှိုင်က ပြောသည်။
အန်ဝါက မလေးရှားအနေဖြင့် မြန်မာနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဖြစ်သလို အာဆီယံမူဘောင်မှတစ်ဆင့်လည်း ဆက်လက်ထိတွေ့ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
မင်းအောင်လှိုင်က ၎င်း၏ မလေးရှားခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်စေမည်ဟု ပြောကြားခဲ့ပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။











