ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောင်ပူရ်ခရိုင်ရှိ ပီရ်ဂန်ဂျ် (Pirganj) မြိုံနယ်ခွဲ့ ရွေးကောက်ပွဲရုံး (Pirganj Upazila Election Office) တွင် မဲဆန္ဒရှင်အဖြစ် စာရင်းသွင်းရန် သွားရောက်ခဲ့သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရိုဟင်ဂျာဒုက္ခသည်တစ်ဦး ဖြစ်နိုင်သည်ဟု ရွေးကောက်ပွဲတာဝန်ရှိသူများက သံသယရှိသဖြင့် ထိန်းသိမ်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါအမျိုးသားက ၎င်း၏အမည်မှာ ရှော်ကတ် ဟူစိန် (Shawkat Hossain) ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ပီရ်ဂန်ဂျ် မြို့နယ်ခွဲ့၊ ပါချ်ဂါချီ ကျေးရွာအုပ်စု (Pirganj Upazila၊ Pachgachhi Union) ရှိ ဂျဟန်ဂီရာဘတ် (Jahangirabad) ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း အခိုင်အမာဆိုကာ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာ၊ မွေးစာရင်းလက်မှတ်နှင့် မဲဆန္ဒရှင်စာရင်းသွင်းရန် လိုအပ်သည့် အခြားစာရွက်စာတမ်းများကို တင်ပြခဲ့သည်။

၎င်းတင်ပြသည့် စာရွက်စာတမ်းများနှင့် မေးမြန်းစဉ် ထွက်ဆိုချက်များအကြား မကိုက်ညီမှုများ တွေ့ရှိခဲ့သဖြင့် သံသယဖြစ်ပေါ်ခဲ့ကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူများက ပြောသည်။

မေးမြန်းစဉ် ရှော်ကတ် (Shawkat) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်သီချင်း သီဆိုရန် တာဝန်ရှိသူများက တောင်းဆိုခဲ့သော်လည်း ၎င်းက မသီဆိုနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံသားဖြစ်ခွင့် စီစဉ်ပေးမည်ဟု ကတိပေးသူနှင့် တဲခ်နာဖ် မှ လာခဲ့ကြောင်းဆို

ရွေးကောက်ပွဲတာဝန်ရှိသူများ၏ ပြောကြားချက်အရ ရှော်ကတ် က နောက်ပိုင်းတွင် ကော့စ်ဘဇား (Cox’s Bazar) ခရိုင် တဲခ်နာဖ် မှ ပါချ်ဂါချီ သို့ လူတစ်ဦးနှင့်အတူ လာရောက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါလူက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများ စီစဉ်ပေးပြီး နိုင်ငံခြားသို့ ပို့ဆောင်ပေးမည်ဟု ကတိပေးခဲ့ကြောင်း ရှော်ကတ်က တာဝန်ရှိသူများကို ပြောကြားခဲ့သည်။

၎င်းနှင့်အတူ လာသူသည် ရှော်ကတ် ၏ ဖုန်းထဲမှ ၎င်း၏ဖုန်းနံပါတ်ကို ဖျက်ပြီးနောက် ရွေးကောက်ပွဲရုံးတွင် ရှော်ကတ်ကို ထားခဲ့ကာ ထွက်ခွာသွားကြောင်းလည်း ဆိုသည်။

အဆိုပါလူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အာဏာပိုင်များက လူသိရှင်ကြား ထုတ်ဖော်ထားခြင်း မရှိသေးပေ။

တင်ပြထားသည့် စာရွက်စာတမ်းများကို စစ်ဆေးနေ

ပီရ်ဂန်ဂျ် မြို့နယ်ခွဲ့၊ ရွေးကောက်ပွဲရုံးအုပ် အဇီးဇူလ် ရာမန် (Pirganj Upazila Election Officer Azizar Rahman )က အဆိုပါဖြစ်ရပ်ကို အတည်ပြုပြီး ရှော်ကတ် (Shawkat) ပေးထားသည့် အချက်အလက်များနှင့် ထွက်ဆိုချက်များတွင် မကိုက်ညီမှုများ တွေ့ရှိခဲ့ကြောင်း ပြောသည်။

“ကနဦးအနေဖြင့် သူ့ကို ရိုဟင်ဂျာတစ်ဦးလို့ သံသယရှိပါတယ်” ဟု အဇီးဇူလ် (Azizar) ပြောသည်။

ရှော်ကတ် (Shawkat) တင်ပြခဲ့သည့် စာရွက်စာတမ်းများကို စိစစ်အတည်ပြုနေပြီး ယင်းစာရွက်စာတမ်းများကို မည်သူက ပေးအပ်ခဲ့သည်ကိုလည်း စုံစမ်းနေကြောင်း ၎င်းက ဆက်ပြောသည်။

ရှော်ကတ် (Shawkat) သည် ရိုဟင်ဂျာတစ်ဦးဖြစ်ကြောင်း လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးဘဲ တာဝန်ရှိသူများကလည်း ယင်းကို ကနဦးသံသယအဖြစ်သာ ဖော်ပြထားသည်။

ကျေးရွာ အုပ်စု အုက်ချုပ်ရေးမှုး (Union Parishad) ၏ လက်မှတ်နှင့် တံဆိပ် အတုလုပ်ထားကြောင်း တာဝန်ရှိသူပြော

ပတ်ချ်ဂါချီ ကျေးရွာအုက်စု တာဝန်ခံ (Pachgachhi Union Parishad )၏ အဖွဲ့ဥက္ကဋ္ဌ ဆူလ်တန် မွန်ဒယ်လ် (Panel Chairman Sultan Mondal) က ရှော်ကတ် (Shawkat )တင်ပြခဲ့သည့် စာရွက်စာတမ်းများကို ၎င်းတို့ Union Parishad က ထုတ်ပေးထားခြင်းမဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

“စာရွက်စာတမ်းတွေပေါ်က ကျေးရွာအုက်စုရူံး (Union Parishad) ရဲ့ လက်မှတ်တွေနဲ့ တံဆိပ်ကို အတုလုပ်ထားတာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါစာရွက်စာတမ်းများ မည်သို့ရရှိခဲ့သည်နှင့် ယင်းတို့ကို ပြင်ဆင်ပေးခြင်း သို့မဟုတ် ပေးအပ်ခြင်းတွင် အခြားသူများ ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို အာဏာပိုင်များက စုံစမ်းနေသည်။

တဲခ်နာဖ် မှ ခေါ်ဆောင်လာသူကို ရဲတပ်ဖွဲ့ ရှာဖွေနေ

ပီရ်ဂန်ဂျ် ရဲစခန်း (Pirganj Police Station) ၏ ရဲမှုး နေဇာမုလ်ဟောက် (Officer-in-Charge Nazmul Haque) က ရှော်ကတ် ကို ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှုအောက်တွင် ထားရှိထားကြောင်း ပြောသည်။

“ကနဦးရရှိထားတဲ့ အချက်အလက်တွေအရ ဒေသခံတစ်ဦးက သူ့ကို တဲခ်နာဖ်ကနေ ပီရ်ဂန်ဂျ် (Pirganj) ကို ခေါ်လာခဲ့တာဖြစ်တယ်” ဟု ရဲစခန်းတာဝန်ခံက ပြောသည်။

ယင်းတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့က ကြိုးပမ်းနေကြောင်းလည်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲရုံးဘက်မှ စာဖြင့်တိုင်ကြားချက် ရရှိပြီးနောက် ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း နေဇာမုလ်ဟောက် (Nazmul Haque )က ထပ်မံပြောကြားခဲ့သည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ တင်ပြခဲ့သည့် စာရွက်စာတမ်းများ၏ မူလရင်းမြစ်နှင့် မဲဆန္ဒရှင်စာရင်းသွင်းရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သံသယရှိသူများကို အာဏာပိုင်များက ဆက်လက်စုံစမ်းနေသည်။