ရိုဟင်ဂျာများ ကြုံတွေ့ခဲ့ရသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှတ်တရများ၊ ကိုယ်တွေ့အတွေ့အကြုံများနှင့် အထောက်အထားများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းနိုင်ရန် ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းများအတွင်း ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဌာနခွဲ(Rohingya Genocide Cell) တစ်ခု ဖွဲ့စည်းသင့်ကြောင်း နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာပညာရှင် ပါမောက္ခ အင်တီ  ယာဇ် အာမတ် (Imtiaz Ahmed) က အဆိုပြုခဲ့သည်။

ဒုက္ခသည်နှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ဓာတ်ခွဲခန်း

၎င်းက ကော့စ်ဘဇားရှိ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးနှင့် နေရပ်ပြန်ပို့ရေးဆိုင်ရာ ကော်မရှင်နာ (Refugee Relief and Repatriation Commissioner (RRRC) ၏ အစည်းအဝေးခန်းမ၌ ကျင်းပသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သံတမန်ရေးနှင့် ရိုဟင်ဂျာများ – တရားမျှတမှု၊ အသိအမှတ်ပြုမှုနှင့် နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ နိုင်ငံရေး (Genocide Diplomacy and the Rohingya: Justice, Recognition and the Politics of International Response) ခေါင်းစဉ်ဖြင့် သုတေသနနှင့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွင် ယင်းအဆိုပြုချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲကို ဒုက္ခသည်နှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ဓာတ်ခွဲခန်း (Refugee and Migration Lab (RML) က လန်ဒန်ကောလိပ် တက္ကသိုလ် (University College London)၊ ဒါကာတက္ကသိုလ် (Dhaka University)၊ စစ်တကောင်းတက္ကသိုလ် (Chittagong University) နှင့် တောင်ဝေးလ်စ် တက္ကသိုလ် (University of South Wales) တို့နှင့် ပူးပေါင်းစီစဉ်ခဲ့ပြီး
ဗြိတိသျှ အကယ်ဒမီ (British Academy) က ရန်ပုံငွေပံ့ပိုးထားသည်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အထောက်အထားများ ထိန်းသိမ်းရန် တိုက်တွန်း

ပါမောက္ခ အင်တီယာဇ် အာမတ် (Imtiaz Ahmed) က လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သုတေသန၏ အဓိကရည်ရွယ်ချက်မှာ ယင်းကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံမဖြစ်ပွားစေရန် လူ့အဖွဲ့အစည်းအတွင်း အသိအမြင်နှင့် အလေးထားမှု မြင့်တက်လာစေရေးဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ကမ္ဘာတစ်ဝန်းတွင် လူမျိုးတုံးသတ်ဖြတ်မှုများ ထပ်မံဖြစ်ပွားနေခြင်းကြောင့် လက်ရှိကာကွယ်တားဆီးရေး ကြိုးပမ်းမှုများ၏ အားနည်းချက်များကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို နိုင်ငံတကာက အသိအမှတ်ပြုရေးနှင့်ပတ်သက်၍ အခြားလူမျိုးတုံးသတ်ဖြတ်မှုဖြစ်ရပ်များတွင် ကျူးလွန်ခံရသည့် လူမှုအသိုင်းအဝိုင်းများကိုယ်တိုင် အသိအမှတ်ပြုမှုရရှိရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

ထို့ကြောင့် ရိုဟင်ဂျာများကိုယ်တိုင်လည်း ၎င်းတို့၏ သမိုင်း၊ အသိအမှတ်ပြုမှုနှင့် တရားမျှတမှုရရှိရေး ကြိုးပမ်းမှုများတွင် ဦးဆောင်ပါဝင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ရိုဟင်ဂျာတို့၏ လူမျိုးရေးအထောက်အထားနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးထိန်းသိမ်းရေးတွင်လည်း ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း ပါမောက္ခ အင်တီယာဇ် က အလေးပေးပြောကြားခဲ့သည်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ငြင်းပယ်ခြင်းဆိုင်ရာ စာအုပ် မိတ်ဆက်

အခမ်းအနားတွင် လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းပယ်ခြင်းနှင့် အသိအမှတ်မပြုခြင်းဆိုင်ရာ နိုင်ငံရေး – ရိုဟင်ဂျာတို့၏ ဖြစ်ရပ် (Politics of Denial and Non-Recognition of Genocide: The Case of the Rohingya) အမည်ရှိ စာအုပ်ကိုလည်း မိတ်ဆက်ခဲ့သည်။

အဆိုပါစာအုပ်ကို ပါမောက္ခ နာဆာရ် အုဒ္ဒိန် (Nasir Uddin)၊ ဒေါက်တာ ပါလက်ရှ် ကမ်ရူဇာမန် (Dr Palash Kamruzzaman) နှင့် ဒေါက်တာ ဘေးစ် အာမက် (Dr Bayes Ahmed)တို့က တည်းဖြတ်ထားပြီး ပယ်လ်ဂရေ့ဗ် မက်မီလန် (Palgrave Macmillan) က ထုတ်ဝေထားသည်။

ဆွေးနွေးပွဲတွင် ပညာရှင်များ၊ မူဝါဒချမှတ်သူများ၊ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရိုဟင်ဂျာကိုယ်စားလှယ်များ ပါဝင်ကာ လူမျိုးတုံးသတ်ဖြတ်မှု အသိအမှတ်ပြုရေး၊ တရားမျှတမှု၊ လူမျိုးရေးအထောက်အထားနှင့် ရိုဟင်ဂျာအရေးအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ရိုဟင်ဂျာအရေးကို လူသားချင်းစာနာမှု ပြဿနာတစ်ခုတည်းအဖြစ် မမြင်သင့်

အက်ရှင်အိတ် ဘင်္ဂလားဒေ့ရှ် (ActionAid Bangladesh) ၏ နိုင်ငံဆိုင်ရာ ဒါရိုက်တာ ဖာရာ ကော်ဘိရ် ( Country Director Farah Kabir )က ရိုဟင်ဂျာအရေးကို လူသားချင်းစာနာထောက်ထားရေး ပြဿနာတစ်ခုတည်းအဖြစ်သာ ရှုမြင်ခြင်းတွင် ကြီးမားသည့် အန္တရာယ်ရှိကြောင်း သတိပေးခဲ့သည်။

စားနပ်ရိက္ခာ၊ ရေ၊ နေထိုင်စရာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့ အရေးပေါ်လိုအပ်ချက်များကိုသာ အာရုံစိုက်ပါက ရိုဟင်ဂျာများ နေရပ်စွန့်ခွာရခြင်း၏ နိုင်ငံရေးအကြောင်းရင်းများကို လျစ်လျူရှုသွားနိုင်ကြောင်း ၎င်းက ပြောသည်။

“ရိုဟင်ဂျာတွေကို လူသားချင်းစာနာထောက်ထားရေး အကူအညီလက်ခံရရှိသူတွေအဖြစ်သာ မမြင်သင့်ပါဘူး။ သူတို့ရဲ့ နိုင်ငံရေးအခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကိုလည်း ဆွေးနွေးမှုရဲ့ အစိတ်အပိုင်းအဖြစ် ဆက်လက်ထားရှိရပါမယ်” ဟု ဖာရာ ကော်ဘိရ် (Farah Kabir) က ပြောကြားခဲ့သည်။

ရိုဟင်ဂျာအထောက်အထားသည် နေရပ်ပြန်ရေးတွင် အဓိကပြဿနာဖြစ်နေ

ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာနှင့် မဟာဗျူဟာမြောက် လေ့လာရေးဌာန (Bangladesh Institute of International and Strategic Studies (BIISS) ၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဗိုလ်ချုပ် ASM ရစ်ဒ်ဝါနူရ် ရာဟ်မန် (Maj Gen ASM Ridwanur Rahman) က ရိုဟင်ဂျာတို့၏ လူမျိုးရေးအထောက်အထားဆိုင်ရာ အကျပ်အတည်းသည် နေရပ်ပြန်ပို့ရေးဆွေးနွေးမှုများတွင် အဓိကပြဿနာတစ်ခုဖြစ်ကြောင်း ထောက်ပြခဲ့သည်။

စစ်တကောင်းတက္ကသိုလ် (Chittagong University) မှ မနုဿဗေဒပါမောက္ခ နာဆာရ် အုဒ္ဒိန် (Nasir Uddin) က သုတေသနများစွာမှ တွေ့ရှိချက်များကို မူဝါဒချမှတ်ရာတွင် လုံလောက်စွာ ထည့်သွင်းအသုံးပြုခြင်းမရှိသကဲ့သို့ မူဝါဒအများအပြားကိုလည်း ရှိပြီးသား သုတေသနများနှင့် လုံလောက်စွာ ချိတ်ဆက်တိုင်ပင်ခြင်းမရှိဘဲ ရေးဆွဲလေ့ရှိကြောင်း ပြောကြားခဲ့သည်။

လက်ထောက် RRRC ကော်မရှင်နာနာဇ်မူလ် အစ္စလာမ် ဘူယန် (Additional RRRC Commissioner Nazmul Islam Bhuiyan) က ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေးကို တားဆီးနေသည့် အဓိကအခက်အခဲများကို ဖော်ထုတ်နိုင်ရန် သုတေသီများအနေဖြင့် လေ့လာမှုများ ပိုမိုပြုလုပ်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ ယခင်နေရပ်ပြန်ပို့ရေး အတွေ့အကြုံကို အသုံးချရန် တိုက်တွန်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာ့ဌာန (Myanmar Wing) ၏ ညွှန်ကြားရေးမှူး နီဂျာ အာဒီကာရီ (Director Nirjhar Adhikari) က ၁၉၇၈ နှင့် ၁၉၉၂ ခုနှစ်များတွင် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ခဲ့သည့် ဘင်္ဂလားဒေ့ရှ်၏ အတွေ့အကြုံများကို လက်ရှိအကျပ်အတည်းအတွက် ဖြေရှင်းနည်းရှာဖွေရာတွင် အသုံးချသင့်ကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် သုတေသနနှင့် မူဝါဒချမှတ်မှုတို့ကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ရန်နှင့် ရိုဟင်ဂျာများ ဘေးကင်းပြီး ရေရှည်တည်တံ့စွာ နေရပ်ပြန်နိုင်ရေးကို တားဆီးနေသည့် နိုင်ငံရေး၊ သမိုင်းနှင့် လူမျိုးရေးအထောက်အထားဆိုင်ရာ အကြောင်းရင်းများကို နက်နက်ရှိုင်းရှိုင်း လေ့လာရန် လိုအပ်ကြောင်း အလေးပေးခဲ့ကြသည်။

ဆယ်စုနှစ်များစွာကြာ ဖိနှိပ်မှုများကို ရိုဟင်ဂျာကိုယ်စားလှယ် ထောက်ပြ

ရိုဟင်ဂျာကိုယ်စားလှယ် အေနာမူလ် ဟာဆန် (Anamul Hasan) က ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုသည် ၂၀၁၆ သို့မဟုတ် ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုများမှ စတင်ခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအကျပ်အတည်းသည် ဆယ်စုနှစ်များစွာကြာ ခွဲခြားဆက်ဆံမှု၊ လွတ်လပ်စွာသွားလာခွင့် ကန့်သတ်မှု၊ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ရိုဟင်ဂျာတို့၏ လူမျိုးရေးအထောက်အထားကို ဖျောက်ဖျက်ရန် ကြိုးပမ်းမှုများတွင် အမြစ်တွယ်နေကြောင်း ၎င်းက ဆိုသည်။

၎င်း၏ ပြောကြားချက်များက ၂၀၁၇ ခုနှစ် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှုနှင့် ဆက်စပ်သည့် ဖြစ်ရပ်များကိုသာမက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများ ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရသည့် ဖိနှိပ်မှုသမိုင်းကိုပါ စနစ်တကျ မှတ်တမ်းတင်ထားရန် အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့သည်။

ဆွေးနွေးပွဲက ရိုဟင်ဂျာအရေးအတွက် တရားမျှတမှု၊ နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် ရေရှည်တည်တံ့သည့် ဖြေရှင်းချက် ရှာဖွေရေးကြိုးပမ်းမှုများတွင် ရိုဟင်ဂျာတို့၏ အသံ၊ သမိုင်းမှတ်ဉာဏ်နှင့် ဖိနှိပ်ခံရမှုဆိုင်ရာ အထောက်အထားများကို အဓိကနေရာတွင် ထားရှိရန် လိုအပ်ကြောင်း ထပ်မံဖော်ပြခဲ့သည်။