ရခိုင်ပြည်နယ်ထဲကနေ စက်လှေဖြင့် တရားမဝင်သွားနေစဉ် အဖမ်းခံရပြီး မော်လမြိုင်အကျဥ်းထောင်မှာ ထောင် ၂ နှစ်ချခံထားရတဲ့ ရိုဟင်ဂျာ ၂၅၀ ကျော် ပြန်လည်လွတ်မြောက်လာပါတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ပင်လယ်ပြင်ကနေ ဖမ်းမီပြီး ထောင်ချခံထားရတဲ့ ရိုဟင်ဂျာ ၂၅၀ ကျော်ကို ဩဂုတ်လ(၇)ရက်နေ့က မော်လမြိုင်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ မော်လမြိုင်မြို့နေသူ အစ္စလာမ်ဘာသာဝင်တယောက်ထံကသိရပါတယ်။

“သူတို့က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့တွေ ကနေ မလေးရှားကို သွားဖို့ထင်တယ် မလေးရှားသွား စက်လှေဖြင့် တရားမဝင်သွားနေစဉ်အဖမ်းခံရပြီး၊ မော်လမြိုင်ထောင်ကို ပို့လိုက်တာ၊ မော်လမြိုင် လ၀က က တာဝန် ရှိသူက လဝက ဥပ‌ဒပုဒ်(၁၃)နဲ့ သူတို့အားလုံးကို ထောင်နှစ်နှစ်စီ ချလိုက်တာ၊ အခု နေသား နဲ့ သာမန်လျော့ရက်နဲ့ ပြည့်သွားလို့ အခုလို ပြန်လွှတ်ပေးလိုက်တာ၊ သူတို့ကို လွှတ်ဖို့ကို အရင် (လ၀က) ကို အရင်အကြောင်းကြား ရတယ်၊ သူတို့က သွားဖို့လာဖို့ စီစဥ်ပေးပြီး၊ ရဲ နဲ့ (လ၀က) လုံခြုံရေးလုပ်ပြီးမှ ရခိုင်ပြည်ကို ပြန်ပို့ဖို့ လုပ်ရတာ ” လို့ မော်လမြိုင် ထောင်ဝန်ထမ်း တယောက်ကပြောပါတယ်။

အခုလွတ်မြောက်လာတဲ့ ရိုဟင်ဂျာ ၂၆၂ ယောက်က ၂၀၂၁ ခု၊ ဒီဇင်ဘာလထဲမှာ ပင်လယ်ပြင်မှာပဲ စစ်ကောင်စီ ရေတပ်က ဖမ်းစီးခဲ့တာဖြစ်ပြီး၊ သူတို့စထွက်ခွာ လာတုံးမှာပဲ အဖမ်းခံလိုက်ရတာဖြစ်ပြီး၊ အသက်မပြည့်သေးတဲ့ လူငယ်တွေများတယ် လို့ သိရပါတယ်။

သူတို့ကို စစ်ကောင်စီက ဩဂုတ်လ (ရ)ရက်နေ့မှာပဲ စီစဥ်ထားတဲ့ ‌သင်္ဘောဖြင့် ရန်ကုန်ကို အရင်ပြေင်းရွှေ့ပေးပြိး၊ ရန်ကုန်က နေမှတဆင့် ရခိုင်ပြည်ကို ဆက်လက် ပို့ဆောင်ပေးမှာလို့ မော်လမြိုင် (လ၀က)ရုံးကနေသိရပါတယ်။