ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်တွင် မုတ်သုံမိုး အဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင် ၉ ရက် နံနက်အစောပိုင်းက မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ရိုဟင်ဂျာဒုက္ခသည် ၈ ဦးအပါအဝင် လူ ၉ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများအနက် ကလေးငယ် ၅ ဦး ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
သေဆုံးသူ ရှစ်ဦးမှာ ဥခီးယားမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ အတွင်း သေဆုံးခဲ့ကြပြီး၊ နောက်ထပ် တစ်ဦးမှာ ကော့ဘဇားမြို့နယ် အတွင်း မြေပြိုမှုကြောင့် သေဆုံးခဲ့သည်။
ဥခီးယားမြို့နယ် အုပ်ချုပ်ရေးမှူး ပန်နာ အက်တာ က အဆက်မပြတ်ရွာသွန်းသည့် မိုးနှင့် တောင်ကျရေများကြောင့် ဒုက္ခသည်စခန်းများအတွင်း မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောကြားသည်။
စခန်းအမှတ် (၁၁) တွင် လူလေးဦးသေဆုံး
ဥခီးယား မီးသတ်နှင့် အရပ်ဘက်ကာကွယ်ရေးဌာန၏ အဆိုအရ နံနက် ၃ နာရီခန့်တွင် စခန်းအမှတ် (၁၁) အတွင်း တောင်စောင်းပြိုကျကာ နေအိမ်များကို ဖုံးလွှမ်းခဲ့ပြီး ရိုဟင်ဂျာ လေးဦး သေဆုံးခဲ့သည်။
သေဆုံးသူများမှာ အူမေဟာဘီဘာ (၂၇ နှစ်)၊ တန်ဇီနာအက်တာ (၁၃ နှစ်)၊ မိုဟာမက် ရီဟန် (၅ နှစ်) နှင့် ဟာရူနာ ရာရှစ် (၃ နှစ်) တို့ဖြစ်ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ကူတူပါလောင်စခန်းတွင် ၇ နှစ်အရွယ် ကလေးငယ်သေဆုံး
နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကူတူပါလောင် စခန်းအမှတ် (၇)၊ Block D/7 ၌ အသက် (၇) နှစ်အရွယ် အက်ခရမ် သည် တောင်ကျရေနှင့်အတူ စီးဆင်းလာသော မြေကြီးအောက် ပိမိသေဆုံးခဲ့သည်။
စခန်းခေါင်းဆောင် အင်နာယက် အူလာ က ဒေသခံများ၏ အကြောင်းကြားချက်အရ ရိုဟင်ဂျာစေတနာ့ဝန်ထမ်းများက ကလေးငယ်၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောသည်။
ဂျမ်တိုးလီစခန်းတွင် မိသားစုသုံးဦးသေဆုံး
နံနက် ၁ နာရီ ၁၀ မိနစ်ခန့်တွင် ဂျမ်တိုးလီ စခန်းအမှတ် (၁၅) ၌ မြေပြိုမှုကြောင့် မိုဟာမက် ကမာလ် ဟူစိန် (၄၄)၊ ၎င်း၏ ဇနီး ဟူမိုင်ရာ ဘီဂမ် (၃၉) နှင့် အသက် (၄) နှစ်အရွယ် သား မိုဟာမက် အာနပ်စ် တို့ သေဆုံးခဲ့ကြောင်း မီးသတ်ဌာနက ပြောသည်။
အန္တရာယ်ရှိဒေသများမှ ပြောင်းရွှေ့ပေးနေ
ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာ မိုဟာမက် မီဇာနူရာ ရာမန် က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ထပ် ထိခိုက်မှုများ မဖြစ်ပွားစေရန် အန္တရာယ်ရှိနေရာများမှ ဒုက္ခသည်များကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေကြောင်း ပြောကြားသည်။
ကော့ဘဇားမြို့တွင်လည်း လူတစ်ဦးသေဆုံး
ကော့ဘဇားမြို့ Sattar Ghona ရပ်ကွက်၌လည်း နံနက် ၄ နာရီခွဲ ခန့်တွင် မြေပြိုမှုဖြစ်ပွားကာ အလီ အက်ခဘာ (၅၀) နှင့် မိသားစုဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အလီ အက်ခဘာသည် ဆေးရုံသို့ပို့ဆောင်ပြီးနောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။
နောက်ထပ် နှစ်ရက်အထိ မိုးသည်းနိုင်
ကော့ဘဇား မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၉ ရက် နံနက် ၆ နာရီအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၂၅၀ မီလီမီတာကျော် ရွာသွန်းခဲ့သည်။
မိုးလေဝသပညာရှင် မိုဟာမက် အဘ်ဒူလ် ဟန်နန် က ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေ အားကောင်းမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေခြင်းဖြစ်ပြီး နောက်ထပ် နှစ်ရက်ခန့် ဆက်လက်ရွာသွန်းနိုင်ကြောင်း ပြောကြားသည်။
၂၀၂၁ ခုနှစ်မှစ၍ မြေပြိုမှုကြောင့် လူ ၂၈ ဦးသေဆုံး
UNHCR ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးအရာရှိ ရှာရီ နစ်ဇ်မန် ၏ ပြောကြားချက်အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန်လ ၂၉ ရက်အထိ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း မြေပြိုမှုကြောင့် လူ ၂၈ ဦး သေဆုံးပြီး ၈၀ ဦး ဒဏ်ရာရရှိခဲ့သည်။
UNHCR စာရင်းများအရ ၂၀၂၁ ခုနှစ်တွင် ၈ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၃ ဦး၊ ၂၀၂၄ ခုနှစ်တွင် ၁၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၂ ဦးနှင့် ၂၀၂၆ ခုနှစ် ဇွန်လ ၂၉ ရက်အထိ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လူသားချင်းစာနာမှုအဖွဲ့အစည်းများက မုတ်သုံရာသီအတွင်း တောင်စောင်းများပေါ်တွင် တည်ဆောက်ထားသည့် လူဦးရေထူထပ်သော ရိုဟင်ဂျာဒုက္ခသည်စခန်းများသည် မြေပြိုအန္တရာယ်ကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သတိပေးထားသည်။











