ဗြိတိန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် အိမ်ရှင်ဘင်္ဂလားဒေ့ရှ်အသိုက်အဝန်းများကို ထောက်ပံ့ရန် လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လိုက်ပြီး အမေရိကန်ဒေါ်လာ ၇.၈ သန်း တန်ဖိုးရှိ စီမံကိန်းများကို အကောင်အထည်ဖော်နေကြောင်း သိရသည်။
ယင်းကို ဆော်ဒီအာရေဗျ၏ King Salman Humanitarian Aid and Relief Center (KSrelief) နှင့် ဒက္ကားရှိ ဗြိတိန်အထက်တန်းကော်မရှင် ကိုယ်စားလှယ်အဖွဲ့များ၏ ဘင်္ဂလားဒေ့ရှ်သို့ ပထမဆုံး ပူးတွဲကွင်းဆင်းခရီးစဉ်အတွင်း ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ကော့စ်ဘဇားခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများ၊ ရိုဟင်ဂျာဒုက္ခသည်များနှင့် အိမ်ရှင်အသိုက်အဝန်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး စားနပ်ရိက္ခာဖူလုံရေးနှင့် ရေ၊ သန့်ရှင်းရေးနှင့် ကျန်းမာရေး (WASH) စီမံကိန်းများကို သွားရောက်လေ့လာခဲ့သည်။
ယခုအကူအညီသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တွင် ကျင်းပခဲ့သည့် ဗြိတိန်–ဆော်ဒီ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှု မဟာဗျူဟာဆွေးနွေးပွဲ တွင် နှစ်နိုင်ငံက ကတိပြုခဲ့သည့် ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းဖြစ်သည်။
အမေရိကန်ဒေါ်လာ ၇.၈ သန်းတန် စီမံကိန်းများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) နှင့် Integrated Social Development Effort Bangladesh (ISDE Bangladesh) တို့အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများမှ အကောင်အထည်ဖော်လျက်ရှိသည်။
ဗြိတိန်အထက်တန်းကော်မရှင်၏ ထုတ်ပြန်ချက်အရ ယခုခရီးစဉ်သည် ဆော်ဒီအာရေဗျနှင့် ဗြိတိန်အကြား လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာလာမှုကို ထင်ဟပ်စေသည်ဟု ဖော်ပြထားသည်။ နှစ်ဖက်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် လန်ဒန်၌ ဘင်္ဂလားဒေ့ရှ်နှင့် ယီမင်နိုင်ငံများရှိ လူသားချင်းစာနာထောက်ထားမှု စီမံကိန်းများအတွက် ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ကိုယ်စားလှယ်အဖွဲ့သည် စီမံကိန်းမှ အကျိုးခံစားခွင့်ရရှိသူများနှင့်လည်း တွေ့ဆုံခဲ့ပြီး၊ အဆိုပါအစီအစဉ်များကြောင့် အခြေခံဝန်ဆောင်မှုများ လက်လှမ်းမီလာခြင်း၊ နေထိုင်မှုအခြေအနေ တိုးတက်လာခြင်းနှင့် ရေရှည်လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ရင်ဆိုင်နိုင်စွမ်း မြင့်မားလာကြောင်း ပြောကြားခဲ့သည်။
KSrelief ၏ Operations and Programs ဆိုင်ရာ Assistant Supervisor General ဖြစ်သူ အင်ဂျင်နီယာ Ahmed bin Ali Al-Baiz က ဗြိတိန်နိုင်ငံ၏ Foreign, Commonwealth & Development Office (FCDO) နှင့် ပူးပေါင်းဆောင်ရွက်မှုကို အလွန်တန်ဖိုးထားကြောင်း ပြောကြားသည်။
“ဗြိတိန်နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည်များနှင့် အိမ်ရှင်အသိုက်အဝန်းများထံ အသက်ကယ်ဆယ်ရေး အကူအညီများကို ပိုမိုထိရောက်စွာ ပို့ဆောင်နိုင်ခဲ့သည်” ဟု Al-Baiz က ပြောသည်။
ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဗြိတိန်အထက်တန်းကော်မရှင်နာ Sarah Cooke ကလည်း ရိုဟင်ဂျာဒုက္ခသည်များ၊ အိမ်ရှင်အသိုက်အဝန်းများနှင့် ကမ္ဘာတစ်ဝန်းရှိ အားနည်းထိခိုက်လွယ်သော လူထုများကို ထောက်ပံ့ရာတွင် KSrelief နှင့် လက်တွဲဆောင်ရွက်ရခြင်းကို ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
“ယခုခရီးစဉ်သည် ကျွန်ုပ်တို့၏ လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာမှုနှင့် အကူအညီလိုအပ်နေသူများဘက်တွင် ဆက်လက်ရပ်တည်မည့် ကတိကဝတ်ကို ပြသနေပါသည်” ဟု Cooke က ပြောသည်။
ဗြိတိန်နှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံစလုံးက ကမ္ဘာပေါ်ရှိ အားနည်းထိခိုက်လွယ်ဆုံး လူထုများထံ ထိရောက်မှုရှိပြီး လူသားဂုဏ်သိက္ခာကို လေးစားသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရောက်ရှိစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထပ်မံအတည်ပြုခဲ့ကြသည်။











