မလေးရှားနိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည်များကို ပစ်မှတ်ထားသည့် သတင်းအတု (Fake News)၊ အွန်လိုင်းသတင်းမှား (Disinformation) နှင့် အမုန်းစကား (Hate Speech) များ ပြန်လည်တိုးပွားလာနေသဖြင့် လူ့အခွင့်အရေးအဖွဲ့များနှင့် ဒုက္ခသည်အရေးလှုပ်ရှားသူများက စိုးရိမ်မှုများ ထုတ်ဖော်ပြောကြားနေကြသည်။

Agence France-Presse (AFP) ၏ အချက်အလက်စစ်ဆေးရေးအဖွဲ့က Facebook၊ Instagram နှင့် TikTok ပေါ်တွင် ပျံ့နှံ့နေသည့် ရိုဟင်ဂျာများနှင့်ပတ်သက်သော ကိုးကားချက်အတုများ၊ ဉာဏ်ရည်တု (AI) ဖြင့် ဖန်တီးထားသော ဓာတ်ပုံများ၊ ပြုပြင်ထားသည့် ဗီဒီယိုများနှင့် အချက်အလက်အတုများကို ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ စာရင်းအရ မလေးရှားနိုင်ငံတွင် ဒုက္ခသည်နှင့် ခိုလှုံခွင့်လျှောက်ထားသူ ၂၁၅,၀၀၀ ကျော် ရှိပြီး ယင်းအနက် ရိုဟင်ဂျာ ၁၂၆,၀၀၀ ကျော် ပါဝင်ကာ နိုင်ငံအတွင်း အကြီးဆုံးဒုက္ခသည်အုပ်စု ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးသတင်းမှားများ ပိုမိုပြင်းထန်လာ

သုတေသီများ၏အဆိုအရ ရိုဟင်ဂျာဆန့်ကျင်ရေး သတင်းမှားများသည် မြန်မာနိုင်ငံတွင် စစ်တပ်၏ စစ်ဆင်ရေးများအပြီးကတည်းက ရှိနေခဲ့သော်လည်း ယခုအခါ မလေးရှား၏ လာမည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပိုမိုကျယ်ပြန့်စွာ ဖြန့်ဝေလာခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်။

မလေးရှားနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးအဖွဲ့ (Malaysian Advisory Group on Myanmar) ၏ အတွင်းရေးမှူးရုံး အကြီးအကဲ လီလီယန် ဖန် (Lilianne Fan) က “စီးပွားရေး၊ ရွှေ့ပြောင်းနေထိုင်မှု၊ အများပြည်သူဝန်ဆောင်မှု၊ လုံခြုံရေးနှင့် အမျိုးသားရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ရိုဟင်ဂျာဒုက္ခသည်များအပေါ် လွှဲပြောင်းပုံဖော်ပြီး အမုန်းစကားအဖြစ် ဖော်ထုတ်နေကြသည်” ဟု ပြောကြားခဲ့သည်။

AI ဖြင့် ဖန်တီးထားသော သတင်းအတုများ ပျံ့နှံ့

မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာများ”Rohingya Malaysia” ဟု အမည်ပေးထားသည့် Facebook စာမျက်နှာတစ်ခုက ရိုဟင်ဂျာများသည် မလေးရှားမြို့တစ်မြို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုနေသည်ဟု ဖော်ပြခဲ့သော်လည်း AFP ၏ စစ်ဆေးချက်အရ ယင်းစာမျက်နှာနှင့် အကြောင်းအရာများမှာ AI ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး ယင်းအဖွဲ့အစည်း မရှိကြောင်း တွေ့ရှိခဲ့သည်။

အခြားဖြစ်ရပ်တစ်ခုတွင်လည်း Instagram ပေါ်တွင် ရိုဟင်ဂျာတစ်ဦးက မလေးရှားနိုင်ငံသားကို တိုက်ခိုက်နေသည့်ပုံအဖြစ် ဖန်တီးထားသော ဓာတ်ပုံတစ်ပုံ ပျံ့နှံ့ခဲ့ပြီး AFP က မူရင်းအကောင့်ပိုင်ရှင်ကို အမေရိကန်နိုင်ငံတွင် ဆက်သွယ်တွေ့ရှိကာ ယင်းပုံမှာ အတုဖြစ်ပြီး မိမိ မတင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

လီလီယန် ဖန် (Lilianne Fan) က “လူမှုကွန်ရက် အယ်လ်ဂေါ်ရစ်သမ်များသည် မှန်ကန်မှုထက် စိတ်ဆိုးဒေါသဖြစ်စေသည့် အကြောင်းအရာများကို ပိုမိုမြှင့်တင်ပေးသဖြင့် ဖြစ်ရပ်တစ်ခုချင်းစီကို ရိုဟင်ဂျာလူထုတစ်ရပ်လုံးနှင့် ဆက်စပ်ဖော်ပြနေကြသည်” ဟု ဆိုသည်။

ရိုဟင်ဂျာအသိုင်းအဝိုင်း စိုးရိမ်မှု မြင့်တက်

မလေးရှားအရပ်ဘက်အဖွဲ့အစည်းများက အွန်လိုင်းအမုန်းစကားများသည် လက်တွေ့ဘဝအတွင်း ခြိမ်းခြောက်မှုများအဖြစ် ပြောင်းလဲလာနေကြောင်း သတိပေးထားသည်။

ရိုဟင်ဂျာအခွင့်အရေးတုံ့ပြန်မှု (Rohingya Rights Response) အဖွဲ့မှ လုံခြုံရေးအရ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ရိုဟင်ဂျာများသည် အွန်လိုင်းတိုက်ခိုက်မှုများနှင့် လူထုမုန်းတီးမှုများကို စိုးရိမ်သဖြင့် မိမိတို့၏ အတွေ့အကြုံများကို မျှဝေရန် သို့မဟုတ် အကူအညီတောင်းခံရန်ပင် တွန့်ဆုတ်လာကြကြောင်း ပြောကြားခဲ့သည်။

မလေးရှားအစိုးရ၏ တုံ့ပြန်မှု 

ရိုဟင်ဂျာများကို နေရပ်ပြန်ပို့ရန် တောင်းဆိုမှုများ မြင့်တက်လာမှုအပေါ် မလေးရှား ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူရှင်း အစ္စမေးလ် (Saifuddin Nasution Ismail) က အစိုးရအနေဖြင့် လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်များအကြား မျှတစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) ကလည်း အာဆီယံ (ASEAN) ယန္တရားများမှတစ်ဆင့် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်း၍ ရိုဟင်ဂျာအရေးကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ၎င်းက “ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားရှိ ရိုဟင်ဂျာဒုက္ခသည်များ၏ အခက်အခဲများကို ပူးပေါင်းကြိုးပမ်းမှုဖြင့် ဖြေရှင်းသွားမည်” ဟု ပြောဆိုခဲ့သည်။