၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၅(က)တွင် `ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူများသည် နိုင်ငံသားများ ဖြစ်သည်´ ဟု ဆိုထားပါသည်။ တိုင်းရင်းသားဆိုသည့် စကားရပ်မှာ လက်ရှိတည်ဆဲ ၁၉၈၂ ခုနှစ်၊ မြန်မာ နိုင်ငံသားဥပဒေနှင့် လုပ်ထုံးလုပ်နည်းပါ ပြဌာန်းချက် များအရ တိကျစွာ ခွဲခြားဆုံးဖြတ်သတ်မှတ်ရန် အလွန် ခက်ခဲ ပါသည်။
မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၅တွင် `တိုင်းရင်းသား တိုင်းသည် လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း မွေးရာပါ နိုင်ငံသား ဖြစ်သည်´ဟု ပြဌာန်းထားပြီး၊ ပုဒ်မ-၃တွင် `နိုင်ငံတော် တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလ မှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားမျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများ ဖြစ်သည်´ဟု ပြဌာန်းထားပါသည်။နဝတအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ အာဏာကို ကျင့်သုံးပြီး ထင်ရှားသော တိုင်းရင်းသား(၈)မျိုးအပါအဝင် တိုင်းရင်းသားမျိုးနွယ်စု (၁၃၅)မျိုးစာရင်းကို ထုတ်ပြန်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသားများဖြစ်ကြောင်း အသိအမှတ် ပြုခဲ့ပါသည်။ နောင်အစိုးရအဆက်ဆက် ကလည်း အသိအမှတ်ပြုထားပါသည်။ ထူးခြားချက်တစ်ရပ်မှာ နဝတအစိုးရက တိုင်းရင်းသား(၁၃၅)မျိုးကို သတ်မှတ်စဉ် က ရှမ်းလူမျိုးတွင် `လွယ်လ´မျိုးနွယ်စု ပါရှိသော်လည်း နအဖအစိုးရက ထိုမျိုးနွယ်စုကို ဖြုတ်ပြီး `၀´မျိုးနွယ်စုကို အစားထိုးထားသည်ကို တွေ့ရှိရသည်။
၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်-၈ ဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေပုဒ်မ-၂(က)တွင် `တိုင်းရင်းသားလူမျိုးများ ဆိုသည်မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ် ၍ စဉ်ဆက်မပြတ်နေထိုင်ခဲ့ကြသော လူမျိုးများကိုဆို သည်။ ယင်းစကားရပ်တွင် နိုင်ငံသားပြုခွင့်ရသူများနှင့် ဧည့်နိုင်ငံသားများ မပါဝင်´ဟု ပြဌာန်းထားသည်ကို တွေ့ရပါသည်။
နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ်-၅ အရ ဆိုပါလျှင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်လူမျိုးများပင် ဖြစ်စေကာမူ နိုင်ငံတော်တွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခြင်းမရှိဘဲ အခြားနိုင်ငံ တွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင် ကြသူများသည် တိုင်းရင်းသားများမဟုတ်ပါ။ AD ၁၈၂၃ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင် ရောက်နေထိုင် ကြသော အမည်တူမျိုးနွယ်စုများသည်လည်း တိုင်းရင်းသား မဟုတ်သည့်အပြင် မွေးရာပါနိုင်ငံသား များလည်း မဟုတ်ပါ။ အခြားနိုင်ငံတစ်ခု၏ နိုင်ငံသား အဖြစ်ကို ခံယူထားသော တိုင်းရင်းသားသည် လည်းကောင်း၊ ထိုသို့ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများ သည်လည်းကောင်း မြန်မာနိုင်ငံသား များမဟုတ်ပါဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ဤသို့ဆိုလျှင် ဗမာလူမျိုးဖြစ်သည်ဆိုရုံမျှနှင့် မြန်မာ နိုင်ငံ၏ နိုင်ငံသား တိုင်းရင်းသားဟု တထစ်ချ မပြောနိုင် ပါ။ ဘိုးတော်ဘုရားလက်ထက်မှစ၍ ထိုင်းနိုင်ငံတွင် အစဉ်တစိုက် နေထိုင်သော ဗမာလူမျိုး၊ ရှမ်းလူမျိုး၊ မွန်လူမျိုး စသည်တို့သည် ထိုနိုင်ငံ၏ နိုင်ငံသားများသာ ဖြစ်ကြပြီး မြန်မာနိုင်ငံ၏ နိုင်ငံသား တိုင်းရင်းသားများ မဟုတ်နိုင်ပါ။
အလားတူ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ မီဇိုလူမျိုးများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသရှိ ရခိုင်မျိုးနွယ်စုဝင် ချက်မနှင့် မောက်တိုင်းရင်းသား များသည် ရှေးဘုရင်များလက်ထက်ကလည်း ၎င်းတို့ အစဉ်တစိုက် နေထိုင်သော ယခု အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ကျေးဇူးသစ္စာကိုသာ ခံယူနေကြသူများ ဖြစ်၍ မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ မြန်မာနိုင်ငံ၏ တိုင်းရင်းသား နိုင်ငံသားများဟု သတ်မှတ် ၍ မရနိုင်ပါ။
လွတ်လပ်ရေးရရှိပြီးနောက် အသက်ဘေး အန္တရာယ်အရ သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း နည်းအမျိုးမျိုးဖြင့် အမိနိုင်ငံကို စွန့်လွှတ်ထွက်ခွာသွားပြီး နိုင်ငံသားဖြစ် နေသူများကိုလည်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၇၂ (ဤဥပဒေအာဏာတည်သည့်နေ့မှစ၍ ဤဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ် အရမှအပ မည်သည့် နိုင်ငံခြာသားမျှ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားခွင့် မရှိစေရ) အရ မြန်မာနိုင်ငံသား တိုင်းရင်းသားများဟု သတ်မှတ်၍မရနိုင်ပါ။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအရ ပြုနိုင်ငံသား အဆင့်ကိုပင် လျှောက်ထားနိုင် ခွင့်မရှိပါ။
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပါ အဓိပ္ပါယ်ဖွင့် ဆိုချက်နှင့် ထိုဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ်-၅ တို့အရ မြန်မာနိုင်ငံအတွင်း နေထိုင်သူတစ်ဦးကို သမ္မတဖြစ်ခွင့် အရည်အချင်းတစ်ရပ်ဖြစ်သည့် တိုင်းရင်းသား ဟုတ်/မဟုတ် စစ်ဆေးမည်ဆိုပါက တိုင်းရင်းသား(၁၃၅)မျိုးတွင် အပါအဝင်ဖြစ်သည်ဟု အကြောင်းပြချက်ကို အခြေပြု၍ တိုင်းရင်းသားဟု သတ်မှတ်ခြင်း မပြုနိုင်ဘဲ ထိုပုဂ္ဂိုလ်၏ ဆွေစဉ်မျိုးဆက် များမှာ AD ၁၈၂၃ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံအတွင်း တစ်ဆက်တည်း နေထိုင်လာခဲ့ခြင်း ဟုတ်/မဟုတ် စစ်ဆေးပြီးမှသာ တိုင်းရင်းသား ဟုတ်/မဟုတ် ဆုံးဖြတ်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသားဥပဒေကို ပြဌာန်းရန်နှင့် မည်သည့် အကြောင်းအရာများကို ဥပဒေတွင် တရားဝင် ထည့်သွင်းပြဌာန်းပါဟု အသေးစိတ် ညွှန်ကြားခဲ့သည့် ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းနှင့် မြန်မာနိုင်ငံသား ဥပဒေကို လက်မှတ်ရေးထိုးထုတ်ပြန် ခဲ့သည့် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ဦးစန်းယုတို့၏ ကိုယ်ရေးသမိုင်းကိုပင် တိုင်းသူပြည်သားများ မသိရှိနိုင်သော အခြေအနေတွင် ၎င်းတို့၏ ဘိုးဘေးဘီဘင်တို့ကို သိရှိနိုင်အောင် စုံစမ်းမေးမြန်း ရန်ဆိုသည်မှာ မဖြစ်နိုင်သည်ကို လဝကဝန်ထမ်းများအား ဆောင်ရွက်စေရန် ဥပဒေတွင် ထည့်သွင်းပြဌာန်း တာဝန်ပေးရာကျရောက်နေပါသည်။
AD ၁၈၂၃ ခုနှစ်မတိုင်မီကပင် မြန်မာနိုင်ငံတွင် အစဉ် တစိုက် နေထိုင်သော တိုင်းရင်းသား ၁၃၅ မျိုးအနက်မှ မွေးဖွားလာသူဖြစ်ကြောင်း သက်သေထင်ရှားပြသနိုင် သူသာလျှင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ -၅၉(ခ) နှင့်ညီညွတ်သော တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသော တိုင်းရင်းသားဟု သတ်မှတ်နိုင်မည် ဖြစ်ပါသည်။
အစိုးရမှ အသိအမှတ်ပြုခဲ့ပြီးဖြစ်သော တိုင်းရင်းသား (၁၃၅)မျိုးမှာ လူမျိုးနွယ်စုအမည်ကိုသာ အသိအမှတ်ပြု ခဲ့ခြင်းဖြစ်ပြီး၊ မည်သူမည်ဝါသည် AD ၁၈၂၃ ခုနှစ်မှစ၍ နိုင်ငံတော်အတွင်း အစဉ်တစိုက် နေထိုင်ခဲ့သော တိုင်းရင်းသားမျိုးနွယ်စုမှ ပေါက်ဖွားလာသူဖြစ်ကြောင်း သတ်မှတ်ထားခြင်း မဟုတ်ပါ။
သို့ရာတွင် ထင်ရှားသော တိုင်းရင်းသားလူမျိုး(၈)မျိုးတွင် အကျုံးဝင်သက်ဆိုင်သော မျိုးနွယ်စုငယ်များအနက် အချို့မျိုးနွယ်စုများမှာ ပြည်ပတွင် နေထိုင်ခြင်းမရှိဘဲ ပြည်တွင်းတွင်သာ အစဉ်တစိုက်နေထိုင်ခြင်းဖြစ်ကြောင်း၊ ပြည်ပတွင် အလားတူ မျိုးနွယ်စု လုံးဝမရှိကြောင်း၊ ပြည်ပတွင်နေထိုင်သော နိုင်ငံသားဆွေမျိုးမရှိကြောင်း သက်သေထင်ရှားပါက ထိုလူတစ်ဦး၊ လူတစ်စုတို့ကို တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာခဲ့သော နိုင်ငံသားအဖြစ် အသိအမှတ်ပြုမည်ဆိုပါကလည်း ထိုလူနည်းစုအတွက်ပင် တိကျသော လုပ်ထုံးလုပ်နည်းကို အသေးစိတ်ရေးဆွဲပြီးမှ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
အကယ်၍ AD ၁၈၂၃ ခုနှစ်မှစ၍ စဉ်ဆက်မပြတ်သော ဆွေစဉ်မျိုးဆက်စာရင်းကို မည်သူကမျှ တင်ပြရန် မဖြစ်နိုင်ပါဟုဆိုလျှင် မည်သူ့အား တိုင်းရင်းသား (မွေးရာပါနိုင်ငံသား)ဟု အသိအမှတ်ပြုမည်နည်း၊ မည်သူတို့အား တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ (မွေးရာပါနိုင်ငံသား)များဟု ဆိုမည်နည်း။ အဖြေမရှိပါက… ဖြေရှင်းစရာ နည်းလမ်းကား အလွယ်ပင်၊ မည်သူမဆို စဉ်းစားနိုင်ကြပေလိမ့်မည်။ ။
M-Media
မောင်သာ.K ရေးသည်။








