ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်က နိုင် ကျဥ်းသား ၃၇ ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ က ထောင်ရွေ့မယ်ဆိုပြီး ခေါ်ထုတ်သွားပြီးနောက် ဘယ်ထောင်ကိုမှ ရောက်ရှိ မလာကြတဲ့ အတွက် မိသားစုဝင်တွေ က စိုးရိမ်နေကြတယ်လို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူတယောက်ထံက သိရပါသည်။
“အခု ခေါ်ထုတ်သွားတဲ့သူတွေက ပြီးခဲ့တဲ ဇွန်လထဲမှာတုံးကလဲ အကြိမ်ကြိမ်ခေါ်ထုတ်ပြီး ပြင်ပုံကြီး စစ်ကောင်စီတပ်ထဲမှာ ခေါ်ယူရိုက်နှက်ထားခဲ့သူတွေ၊ အဲဒီတုံးက လက်လွန်ပြီး တယောက်သေသွားသေးတယ်၊အခုကျန်တဲ့ ၃၇ ယောက်ကို ထောင်ကနေ ထုတ်သွားတာ၊ ထောင်ဝန်ထမ်းတွေဆီမှာ မေးကြည့်တော့ သာယာ၀တီထောင်ကို ရွေ့သွားတယ်ဆိုလို့ သာယာ၀တိထောင်ကိုလဲ သွားမေးပြီးပြီ၊ မရှိဘူးတဲ့ အခုက ပျောက်နေတာ၊ တခုခုများလုပ်လိုက်ပြီလားမသိဘူး” လို့ နိုင် ကျဥ်းသားတစ်ယောက်ရဲ့မိခင်တစ်ယောက်ကပြောပါတယ်။
“ထောင်ပြောင်းမယ်ဆိုတာကိုလဲ မိသားစုဝင်တွေထံကို အကြောင်းကြားတာတော့ မရှိပါဘူး၊ဒါပေမဲ့ ထောင်မှာ သွားစုံစမ်းတော့၊ အင်းစိန်၊ သာယာ၀တီနဲ့ သရက်ထောင်တွေ ကို ပြောင်းလိုက်တယ်လို့ ကြားတာကြောင့်၊ အဲဒီထောင်တွေကို လိုက်လံစုံစမ်းတော့လဲ ဘယ်သူမှ ရောက်မလာဘူးလို့ ဆိုပါတယ်၊ ဒါကြောင့် သူတို့စားဝတ် နေရေးနဲ့ကျန်းမာရေးတွေအတွက်လဲ စိုးရိမ်နေရတာ၊ အဓိကကတော့ သူတို့ သတ်လိုက်ပြီလားမသိဘူး၊” လို့
နိုင် ကျဥ်းသားတစ်ယောက်ရဲ့ဖခင်တယောက်ကပြောပါတယ်။
အခုပျောက်ဆုံးနေသူတွေက နှစ် ၄၀ အထက် ထောင်ချထားပြီးသူတွေဖြစ်ပြီး အကျဥ်းထောင်လက်စွဲ ဥပဒေအရ ထောင်ထဲရောက်ရှိပြီးသား ဘယ်အကျဥ်သားကိုမှ အပြင်ကိုထုတ်ယူခွင့်မရှိသလို၊ လိုအပ်လို့ ပြန်လည် စစ်ဆေးချင်ရင်လဲ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ယူပြီးမှ တရားရုံးတွေမှာပဲ စစ်ဆေးရမှာဖြစ်ပါတယ်။ သို့မဟုတ်ပါက အကျဥ်းထောင်အရာရှိရဲ့ ရှေ့မှောက်မှာပဲ စစ်ဆေးရမှာပါ၊ အခုက ဥပဒေ မဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းရှေ့နေတယောက် ကပြောပါတယ်။
ယခု ပျောက်ဆုံးနေသူတွေကို ပြီးခဲ့တဲ့ ဇွန်လထဲမှာတုံးက ပြင်ပုံကြီး စစ်ကောင်စီတပ်ထဲမှာ ခေါ်ယူ ရိုက်နှက် စစ်ကြောရေး ပြန်လုပ်ခဲ့ခံတဲ့သူတွေဖြစ်ပြီး၊ အဲဒီတုံးက စစ်ကြောရေး ဒဏ်ကြောင့် နှစ်ကြီးချခံထားရတဲ့ ကိုသန့်ဇင်ဝင်း တယောက်ကတော့ လက်လွန်ပြီးသေဆုံးသွားခဲ့ပါတယ်။








