အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ ဟောင်း ဒေသရှိ အငယ်တန်းကောလိပ်တစ်ခုတွင် ရိုဟင်ဂျာမိသားစုများ၏ ကလေးများ တက်ရောက်ပညာသင်ကြားနေသည်ဟု ဘာရာတီယာ ဂျနတာပါတီ (Bharatiya Janata Party (BJP) ဒေသခံခေါင်းဆောင်တစ်ဦးက စွပ်စွဲပြောဆိုခဲ့သော်လည်း ကျောင်းဘက်က ယင်းစွပ်စွဲချက်ကို “အခြေအမြစ်မရှိ၊ မမှန်ကန်” ဟု ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

ဇူလိုင် ၁ ရက်က BJP ခေါင်းဆောင် အန်ဒီလာ ဆရီရာမူလူ ယာဒဗ် (Andela Sriramulu Yadav) ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့သည် ဟိုက်ဒရာဘတ် မြို့ရှိ နူရီယာ သမဝါယမ ဂျူနီယာကောလိပ် (Nooria Co-Op Junior College) သို့ ဝင်ရောက်ခဲ့ပြီး ကျောင်းသားနှစ်ဦး၏ ကျောင်းအပ်မှတ်တမ်းများနှင့် ရိုဟင်ဂျာကလေးများ ကျောင်းတက်နေခြင်း ရှိ၊ မရှိကို မေးမြန်းခဲ့ကြောင်း သိရသည်။

ကျောင်း၏ CCTV မှတ်တမ်းများအရ အဖွဲ့ဝင်များသည် ကျောင်းအုပ်ချုပ်ရေးဝန်ထမ်းများထံမှ ကျောင်းသားစာရင်းများကို စစ်ဆေးရန် တောင်းဆိုခဲ့ပြီး ရိုဟင်ဂျာကျောင်းသားများ ရှိ၊ မရှိကို မေးမြန်းခဲ့ကြောင်း ဖော်ပြထားသည်။

ကျောင်းဝန်ထမ်းများက ကျောင်းသားအားလုံးသည် အိန္ဒိယနိုင်ငံ၏ ထူးခြားသော ခွဲခြားသတ်မှတ်ရေး အာဏာပိုင်အဖွဲ့ မှ ထုတ်ပေးသောကတ် (Aadhaar) ကတ်အပါအဝင် တရားဝင်အထောက်အထားများဖြင့်သာ ကျောင်းအပ်ထားကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

နောက်ပိုင်းတွင် သတင်းမီဒီယာများနှင့် ပြောကြားရာတွင် ၂၀၂၃ ခုနှစ် တယ်လန်ဂါနာ (Telangana) ပြည်နယ်ရွေးကောက်ပွဲတွင် မဟေသာရမ် (Maheswaram) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သီရိရာမူလူ ယာဒဗ် (Sriramulu Yadav) က ကောလိပ်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ ကလေးများကို လက်ခံထားသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

“ဘာလာပူရ် (Balapur) မှာ နေထိုင်တဲ့ ကလေးတစ်ယောက် ဒီကောလိပ်မှာ တက်နေတယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်တည်း မဟုတ်ဘဲ ရိုဟင်ဂျာမူဆလင်မိသားစုတွေရဲ့ ကလေးအများအပြား ဒီမှာ ပညာသင်နေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် အာဆာဒူဒင် အိုဝိုင်စီ (Asaduddin Owaisi) ဦးဆောင်သည့် အိန္ဒိယတနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင်စည်းလုံး ညီညွတ်ရေး အဖွဲ့ (All India Majlis-e-Ittehadul Muslimeen (AIMIM) ပါတီက ယင်းကောလိပ်ကို ထောက်ခံပံ့ပိုးနေပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ ကလေးများကို ကျောင်းအပ်နိုင်ရန် ကူညီနေသည်ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။

အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ AIMIM ဘက်မှ သတင်းထုတ်ပြန်ချိန်အထိ တရားဝင် တုံ့ပြန်ချက် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ကျောင်းဘက်က စွပ်စွဲချက်များကို ငြင်းဆို

နူရီယာ သမဝါယမ ဂျူနီယာကောလိပ်(Nooria Co-Op Junior College) ကျောင်းအုပ်ကြီး မိုဟာမက် ဂါဇီယူဒင် (Mohammed Ghaziuddin) က BJP ခေါင်းဆောင်၏ စွပ်စွဲချက်များသည် “အခြေအမြစ်မရှိသလို မမှန်ကန်ကြောင်း” ပြောကြားခဲ့သည်။

ကျောင်းအုပ်ကြီး၏အဆိုအရ BJP အဖွဲ့သည် ၎င်းမရှိသည့်အချိန်တွင် ကျောင်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရုံးဝန်ထမ်းများနှင့် အငြင်းပွားကာ ခွင့်ပြုချက်မရှိဘဲ ဗီဒီယိုရိုက်ကူးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မိုဟာမက် ဂါဇီယူဒင် (Mohammed Ghaziuddin) က ဆန်တို့ရှ် နာဂါရ် (Santosh Nagar) ရဲစခန်းတွင် တိုင်ကြားချက်တစ်စောင် တင်သွင်းခဲ့သည်။

ရဲတပ်ဖွဲ့က တိုင်ကြားချက်ကို လက်ခံရရှိထားကြောင်း အတည်ပြုခဲ့သော်လည်း နောက်ဆုံးရရှိသည့် သတင်းများအရ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်အရေးယူခြင်း မရှိသေးကြောင်း သိရသည်။