– “ရခိုင်ပြဿနာဟာ ရှုပ်ထွေးတယ်။ နက်နဲတယ်။ တစ်ရက်တည်း တစ်ညတည်း တစ်ထိုင်တည်းနဲ့ ဖြေရှင်း လို့မရဘူး” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အသိုင်းအဝိုင်းကို မကြာခဏ ပြောလေ့ရှိတယ်။
– ဘာကိုထောက်ပြီး ရှုပ်ထွေးတယ်၊ ဘာကိုအကြောင်းခံပြီး နက်နဲတယ်လို့ ပြောနေတာလဲ ဆိုတာ ကျနော်လည်း သေချာ နားမလည်သေးဘူး။
– ရခိုင်ပြည်နယ်က Muslim community ဟာ ခွဲခြားဆက်ဆံခံရတာ၊ လူမဆန်အောင် ဖိနှိပ်ခံနေရတာ ဆယ်စုနှစ်နဲ့ချီခဲ့ပြီ။ ဒါက အစိုးရအဆက်ဆက်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတဲ့ ကိစ္စပါပဲ။ နိုင်ငံရေးအရ အမြတ်ထုတ်ချင်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ချို့ရဲ့ ကစားပွဲမှာ ဒီလူတွေဟာ ကြားမှာ ဓားစားခံ ဘဝရောက်ခဲ့ရှာရတယ်လို့ ပြောရင် မှားစရာမရှိပါဘူး။
– ရခိုင်ပြဿနာကို တကယ်ပဲ ဖြေရှင်းချင်နေသလား။
ရှင်းရှင်းလေးပါပဲ။
(က) ခွဲခြား ဖိနှိပ်ခံ ရခိုင်ပြည်က Muslim community ဟာ သူ့တို့ကို သူတို့ ရိုဟင်ဂျာဆိုပြီး ခိုင်ခိုင်မာမာ ခံယူထားသူတွေဖြစ်တယ်။ ဒါကို လူ့အခွင့်အရေး၊ နိုင်ငံတကာစံနှုန်းတွေ နားလည်တဲ့သူတစ်ယောက်ကို ကန့်ကွက်ရင် တကယ်ရှက်စရာ ဖြစ်ပါလိမ့်မယ်။ “မြန်မာ” ဆိုတဲ့ နာမည်ကို မကြိုက်လို့ “Burma” လို့ သုံးနှုန်းခဲ့တာကို ကမ္ဘာက အလေးထားဖူးတဲ့ အချက်ကို ပြန်လည်စဉ်းစားကြည့်ပါ။ မိမိနာမည်ကို မိမိခေါ်ခွင့်မရှိရ ဘူးလို့ ပြောတာလောက် ရုပ်ဆိုးတဲ့ ခွဲခြားဖိနှိပ်မှု ရှိနေအုံးမလား။ စိတ်ဓာတ်မှန် လူမှန်ရင် နာမည်တစ်ခုကို အသည်းအသန် ပိတ်ပင်ပြီး ဒီလူတွေကို ကြိုက်သလို သတ်ခဲ့မှာမဟုတ်ဘူး။ စိတ်ဓာတ်ပဲ ရိုးသား မှန်ကန်ဖို့လိုပါတယ်။
ပြီးတော့ ဒီလူတွေဟာ ရခိုင်ပြည် (မူရင်းအခေါ်အဝေါ် – အာရ်ကာန်) ရဲ့ မူလဘူတ လူမျိုးလား။ ဒါမှမဟုတ် မနေ့တစ်နေ့က ဘင်္ဂလားဒေရှ့်နိုင်ငံကနေ စိမ့်ပြီးခိုးဝင်လာတဲ့ လူတွေလား။ ဒီတစ်ချက် အရင် ဖြေရှင်းပါ။ သမိုင်းဆိုင်ရာကိစ္စမို့သက်ဆိုင်ရာသမိုင်းပညာရှင်တွေကို ခေါ်တွေ့၊ ဆွေးနွေးရင် အဖြေထွက်လာပါမယ်။
(ခ) မူလဘူတ ဌာနေ ဖြစ်နေရင် မူလဘူတ ဌာနေတစ်ဦး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပေးလိုက်ပါ။ ၁၉၈၂ နိုင်ငံသား ဥပဒေအရ “၁၈၂၃ မတိုင်က မြန်မာနိုင်ငံနယ်နမိတ်အတွင်း မှီတင်းနေထိုင်သူတွေဟာ ဒီနိုင်ငံရဲ့ တိုင်းရင်းသား ဖြစ်တယ်” ဆိုတဲ့ ဥပဒေတစ်ခုနဲ့တင် လုံလောက်ပါတယ်။
(ဂ) အဲ့လို အခွင့်အရေးပေးရင် တစ်ဖက်လူ့အဖွဲ့အစည်းက မကြိုက်ဘူး၊ သဘောမတူဘူး ဆိုပြီး အကြောင်းပြလာရင်တော့ အဲ့ဒီအကြောင်းပြချက်ဟာ ယုတ္တိမဲ့နေပါလိမ့်မယ်။ တစ်ဖက်လူ့အဖွဲ့အစည်းရဲ့ လူမဆန်မှု၊ အငြိုးတရား၊ အမုန်း တရားအောက်မှာ ဒီလူတွေရဲ့ သွေးစက်တွေ၊ ဘဝတွေ၊ အသက်တွေ၊ အနာဂတ်တွေကို ထပ်ပြီး ဖျက်ဆီး ခံရမှာလား။ ပေး ဆပ်မြဲ ပေးဆပ်နေမြဲရမှာလား။
(ဃ) မနေ့တစ်နေ့က ခိုးဝင်လာသူ ဖြစ်ခဲ့ရင်တော့ သက်ဆိုင်ရာ နိုင်ငံကို ခေါ်တွေ့ပြီး “ခင်ဗျားတို့နိုင်ငံကနေ စိမ့်ဝင်လာတဲ့ လူတွေ၊ အထောက်အထားက ဒီမှာ၊ ပြန်ခေါ်သွားလိုက်ပါ” ဆိုပြီး ပြောလိုက်ရုံပါပဲ။ သက်ဆိုင်ရာ နိုင်ငံက ခေါ်မသွားဘူးဆိုရင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဆီ တင်ပြပါ။ “ဒီလူတွေ ငါတို့နိုင်ငံက မဟုတ်ဘူး၊ သက်ဆိုင်ရာ နိုင်ငံကလည်း ခေါ်မသွားဘူး၊ ခိုးဝင်လာကြောင်း အထောက်အထားလည်း ဒီမှာရှိတယ်၊ ငါတို့နိုင်ငံမှာလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်၊ အဲ့တော့ ဒီလူတွေရဲ့ပြဿနာ ကို ခင်ဗျားတို့ ဖြေ ရှင်းပေးပါ၊ မဟုတ်ရင် ငါတို့ ရတဲ့နည်းနဲ့ နှင်ထုတ်ပစ်ရမယ်” ဆိုပြီး ခေါင်းမော့ ရင်ကော့ပြီးပြောလိုက်ရုံပါပဲ။
– ရှင်းနေတာပဲ။ ဘယ်မှာလဲ နက်နဲတာ။ ဘယ်မှာလဲ ရှုပ်ထွေးနေတာ။
×××
အခုက ရခိုင်ပြဿနာဟာ နက်နဲတယ်၊ ရှုပ်ထွေးတယ်၊ဖြေရှင်းရ ခက်နေတယ်၊ အချိန်ယူ ဖြေရှင်းရမယ် ဆိုပြီး ဇတ်ရှည်သွားအောင် လုပ်နေတာဟာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လည်းဟုတ်၊ ဒီမိုကရေစီ ခေါင်း စဉ်နဲ့ တက်လာတဲ့ အစိုးရရဲ့ ဩဇာအရှိဆုံး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မှာလည်း အရင်စစ်အစိုးရလို ယုတ်မာတဲ့စိတ်ဓာတ်၊ လူလူချင်း ကိုယ်ချင်းမစာနာတဲ့ စိတ်ဓာတ်တွေရှိနေပြီလား ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက မီးမောင်းထိုး ဝေဖန်နေတာ တွေ့ရပါတယ်။
မေတ္တာရှင်လို့ နာမည်ကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အများက လည်း မေတ္တာပုံရိပ်စကားလုံးဖြစ်တဲ့ “အမေ” နဲ့ တင်စားခေါ်ဝေါ်နေချိန် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လည်း ဒီရခိုင်ပြည်က Muslim Community ကြီး ကို ကိုးကွယ်တဲ့ ဘာသာတစ်ခုတည်းကြောင့် လူမဆန်အောင် ခွဲခြား ဖိနှိပ်နေတာတွေ ရပ်တန့်အောင် ဦးဆောင်လုပ်ပေးချိန် တန်ပါပြီ။
ကျနော်တို့ ရခိုင်ပြည်နယ်က Muslim Community ဟာ လူကမွေးလာပြီး လူ့အသိုင်းအဝိုင်းမှာ နေနေရတဲ့ လူတွေဆိုတော့ လူ့ဂုဏ်သိက္ခာနဲ့ ဘဝရှင်ခွင့်ရရေးအတွက် တောင်းဆိုခွင့်ရှိတယ်လို့ ယုံကြည်နေသူများ ဖြစ်တာနဲ့ အညီ ကျနော်တို့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို ဆက်လက်ပြီး မတရား ပိတ်ပင်ထားတာတွေ ရပ်တန့်ပေး ဖို့ တောင်းဆိုပါတယ်။
တကယ်တော့ ရခိုင်ပြဿနာဟာ နက်နဲရှုပ်ထွေးနေတာ မဟုတ်ဘဲ ဖြေရှင်းပေးရမယ့် ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်သာ မှန်မှန်ကန်ကန်နဲ့ တရားမျှတရန် လိုအပ်နေတာသာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
ကျနော် ယျာတင် ရိုဟင်းသား ဖြစ်ပါတယ်။








