ဘင်္ဂလားဒေ့ရှ် အစိုးရသည် နိုင်ငံအရှေ့တောင်ပိုင်းရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသော ဒုက္ခသည်များ၏ လူနေမှုအခြေအနေများ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်သွားမည်ဟု ကတိပြု ပြောကြားလိုက်သည်။
အစိုးရသစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ကော့စ်ဘဇား (Cox’s Bazar) ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ လူသားချင်းစာနာထောက်ထားမှု ဝန်ဆောင်မှုများနှင့် မြေပြင်အခြေအနေများကို စစ်ဆေးလေ့လာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သည် လက်ရှိတွင် ရိုဟင်ဂျာ ဒုက္ခသည် ၁.၃ သန်းခန့်ကို လက်ခံထားပြီး၊ အများစုမှာ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် မြန်မာ (Myanmar) စစ်တပ်၏ စစ်ဆင်ရေးများကြောင့် ထွက်ပြေးလာသူများ ဖြစ်ကြသည်။
ရှာမာ အိုဘာအိဒ် အစ္စလာမ် (Shama Obaed Islam) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စခန်းများအတွင်းရှိ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကို သွားရောက်ကြည့်ရှုခဲ့ပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme(WFP) ၏ အစားအစာ ဖြန့်ဝေရေးစင်တာများ၊ ရိုဟင်ဂျာကလေးများအတွက် ပညာရေးအစီအစဉ်များ၊ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (Médecins Sans Frontières (MSF) မှ ဆောင်ရွက်နေသော ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် ရိုဟင်ဂျာ အမျိုးသမီးများ ဦးဆောင်သော လူမှုအသိုင်းအဝိုင်း လှုပ်ရှားမှုများကို လေ့လာခဲ့သည်။
တာဝန်ရှိသူများ၏ အဆိုအရ ယခုခရီးစဉ်၏ ရည်ရွယ်ချက်မှာ ဒုက္ခသည်များနှင့် အကူအညီပေးရေးအဖွဲ့များ ကြုံတွေ့နေရသော အခက်အခဲများကို တိုက်ရိုက်နားလည်ရန် ဖြစ်ကြောင်း သိရသည်။
ဝန်ကြီး ရှာမာ အိုဘာအိဒ် အစ္စလာမ်သည် ရိုဟင်ဂျာ လူငယ်ခေါင်းဆောင်များနှင့် အမျိုးသမီး ကိုယ်စားလှယ်များ အပါအဝင် ရိုဟင်ဂျာအသိုင်းအဝိုင်း၏ ရွေးချယ်ခံ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ပြီး၊ စခန်းအခြေအနေများ၊ ပညာရေး၊ လုံခြုံရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
အစိုးရအနေဖြင့် ရိုဟင်ဂျာများအား မြန်မာနိုင်ငံ (Myanmar) ရခိုင်ပြည်နယ်သို့ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိသော နည်းလမ်းဖြင့် ဆန္ဒအလျောက် ပြန်လည်ပို့ဆောင်နိုင်ရန် “သင့်လျော်သော ပတ်ဝန်းကျင်” ဖန်တီးပေးသွားမည်ဟု ရှာမာ အိုဘာအိဒ် အစ္စလာမ် က ပြောကြားခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
စခန်းခရီးစဉ်အပြီးတွင် ကိုယ်စားလှယ်အဖွဲ့သည် ကော့စ်ဘဇားရှိ ဒုက္ခသည်ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ရေးကော်မရှင်နာ (Refugee Relief and Repatriation Commissioner )ရုံးတွင် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဒေသတွင်း အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO) များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
တစ်ဖက်တွင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (United Nations Children’s Fund (UNICEF) က ဘင်္ဂလားဒေ့ရှ် လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေမှ အရေးပေါ် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၈.၅ သန်း ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ – ဘင်္ဂလားဒေ့ရှ် (UNICEF Bangladesh) ၏ အဆိုအရ ယင်းရန်ပုံငွေကို အသုံးပြု၍ ရိုဟင်ဂျာ ဒုက္ခသည် ၅၇၈,၀၀၀ ကျော်အား အသက်ကယ်ဆယ်ရေး အကူအညီများ ပေးအပ်သွားမည်ဖြစ်ပြီး၊ အမျိုးသမီးများ၊ ကလေးများနှင့် အထူးလိုအပ်ချက်ရှိသူ ၅,၅၀၀ ခန့်လည်း ပါဝင်ကြောင်း သိရသည်။
အကူအညီများတွင် အာဟာရ စစ်ဆေးခြင်း၊ အရေးပေါ် အစားအစာ ထောက်ပံ့ခြင်း၊ သန့်ရှင်းသော သောက်သုံးရေ၊ သန့်ရှင်းရေး ဝန်ဆောင်မှုများနှင့် စခန်းအတွင်း လူနေမှုဘဝ တိုးတက်စေရန် လိုအပ်သော လူသားချင်းစာနာထောက်ထားမှု အစီအစဉ်များ ပါဝင်ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ပြောကြားခဲ့သည်။
လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများကမူ စခန်းများအတွင်း လူထူထပ်မှု၊ ရန်ပုံငွေ လျော့နည်းမှုနှင့် ပြန်လည်နေရာချထားရေး မသေချာမှုများသည် ရိုဟင်ဂျာ ဒုက္ခသည်များ ရင်ဆိုင်နေရဆဲ အဓိက စိန်ခေါ်မှုများဖြစ်ကြောင်း သတိပေးထားသည်။











