လွတ်လပ်ရေးမရသေးမီ ဗြိတိသျှလက်အောက်ကျရောက်စဉ်အချိန်ကတည်းကစ၍ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ကြပါသည်။ ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲ (Legislative Council Election) ကို စတင်ကျင်းပခဲ့ပြီးနောက် ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂ နှင့် ၁၉၃၆ ခုနှစ်များတွင်လည်း ဆက်လက်ကျင်းပခဲ့ကြပါသည်။၁၉၄၇ ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်ကိုသွားရောက်ကာ လွတ်လပ်ရေးပေးရန် ဗြိတိသျှတို့ကို တောင်းဆိုခဲ့ပြီးနောက် ၁၉၄၇ ဧပြီလတွင် တိုင်းပြုပြည်ပြုလွှတ်တော် (Constituent Assembly) အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပါသည်။ ယင်းရွေးကောက်ပွဲတွင် ဖက်ဆစ် ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) မှ ၁၇၃ နေရာ၊ ကရင်လူငယ်အဖွဲ့ (Karen Youth Organization – KYO) မှ ၁၉ နေရာနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ၇ နေရာ အသီးသီး အနိုင်ရရှိခဲ့ကြပါသည်။
ဖဆပလမှ ဗိုလ်ချုပ်အောင်ဆန်းအား ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးအပ်ရန် ရည်ရွယ်ခဲ့သော်လည်း ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပါသည်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလတွင် ‘ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ’ ကို တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုခဲ့ပြီး ၎င်းအခြေခံဥပဒေအရ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော ဖဆပလမှ အစိုးရဖွဲ့စည်းကာ ဝန်ကြီးချုပ်အဖြစ် ဦးနုမှတာဝန်ယူခဲ့ပါသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၃၃ တွင် ‘ဤအခြေခံဥပဒေအရ ကျင်းပသော ပဌမအမတ် ရွေးကောက်ပွဲကို ဤအခြေခံဥပဒေအာဏာတည်သည့်နေမှစ၍ ၁၈ လအတွင်းတွင် ကျင်းပရမည်’ ဟုဖော်ပြထားသော်လည်း လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော ပြည်တွင်း စစ်ကြောင့် ပထမအကြိမ်အထွေထွေရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန်လ မှ ၁၉၅၂ ခုနှစ် ဇန်နဝါရီလ အထိ သုံးကြိမ်ခွဲကာကျင်းပခဲ့ရပါသည်။
၁၉၅၆ ခုနှစ်ရွေးကောက်ပွဲတွင် ဖဆပလကသာ အနိုင်ရရှိခဲ့သော်လည်း ဦးနုဦးဆောင်သော သန့်ရှင်းအုပ်စုနှင့် ဦးကျော်ငြိမ်းနှင့်ဦးဘဆွေဦးဆောင်သော တည်မြဲအုပ်စုဟူ၍ ဖဆပလ နှစ်ခြမ်းကွဲခဲ့ပါသည်။ ၁၉၅၈ ခုနှစ်တွင် နိုင်ငံရေးသမားများကြား အာဏာလွန်ဆွဲပွဲများ ပြင်းထန် လာသောကြောင့် ဗိုလ်ချုပ်နေဝင်းက နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ပြီး အိမ်စောင့်အစိုးရအဖြစ် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ပါသည်။
၁၉၆၀ ခုနှစ်တွင် အိမ်စောင့်အစိုးရမှ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာမှာ သန့်ရှင်းဖဆပလမှ ၁၅၈ နေရာနှင့် တည်မြဲဖဆပလမှ ၄၁ နေရာ အနိုင်ရရှိခဲ့ကြပါသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီမှနေ၍ အာဏာသိမ်းယူခဲ့ပြီး ပါလီမန် ဒီမိုကရေစီခေတ် အဆုံးသတ်ခဲ့ပါသည်။
၁၉၇၃ ခုနှစ်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ခဲ့၍ အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၇၄ ခုနှစ် ဇန်နဝါရီလတွင် အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဦးဆောင်သော တစ်ပါတီစနစ်အုပ်ချုပ်မှုစတင်ခဲ့ပါသည်။ ၁၉၇၈၊ ၁၉၈၁ နှင့် ၁၉၈၅ ခုနှစ်များတွင် အထွေထွေရွေးကောက်ပွဲများပြုလုပ်ခဲ့ပြီး မဆလတစ်ပါတီသာရှိသည့်အတွက် ၎င်းပါတီကသာ ဆက်လက်အုပ်ချုပ်ခဲ့ပါသည်။
၁၉၈၈ ခုနှစ် သြဂုတ်လ လူထုအုံကြွမှု (၈လေးလုံးအရေးအခင်း) ကို တပ်မတော်မှ အင်အားသုံးဖြိုခွဲခဲ့ပြီး စက်တင်ဘာလတွင် ဗိုလ်ချုပ်ကြီးစောမောင်ဦးဆောင်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့ (နဝတ) ကအာဏာသိမ်းယူခဲ့ပါသည်။ ၁၉၉၀ ခုနှစ်တွင် နဝတ မှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပါလီမန်အမတ်နေရာ ၄၉၂ နေရာအနက် ၃၉၂ နေရာဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း နဝတအစိုးရမှ အာဏာလွှဲအပ်ပေးရန်ငြင်းဆန်ခဲ့ပြီး ရွေးချယ်တင်မြှောက်ခံရသော နိုင်ငံရေးသမား အများစုကို အကျဉ်းချခဲ့ပါသည်။
၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးစောမောင်ကို အနားပေးခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နဝတဥက္ကဌ ဖြစ်လာခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင်မူ အခြေခံဥပဒေသစ်ရေးဆွဲရန်အတွက် အမျိုးသားညီလာခံကိုစတင် ခေါ်ယူခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် နဝတကိုဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နယက/နအဖ) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၂၀၀၈ ခုနှစ် မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ကို နယက/နအဖ မှ အတည်ပြုခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးသောအခါ NLD မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ NLD ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်တွင်း ဝင်ရောက်ခဲ့ပါသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီမှ မဲဆန္ဒနယ်အများစုနေရာရပြီး အစိုးရဖွဲ့စည်းနိုင်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဧပြီလနှင့် ၂၀၁၈ခုနှစ် နိုဝင်ဘာလတို့တွင်လည်း လစ်လပ်နေရာများကို ဖြည့်တင်းရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပခဲ့ပါသည်။ ၁၉၂၂ ခုနှစ် မှ ၂၀၁၉ ခုနှစ် အထိ အထွေထွေရွေးကောက်ပွဲ ၁၆ ခု၊ ကြားဖြတ်ရွေးကောက်ပွဲ သုံးခု၊ ပြည်သူ့ဆန္ဒခံယူပွဲ နှစ်ခုနှင့် အခြေခံဥပဒေ သုံးခု ရှိခဲ့ပါသည်။








