သန်းခေါင်စာရင်းကောက်ယူသည့် ပထမဆုံးနေ့တွင် မြန်မာနိင်ငံအတွင်းမှ အစ္စလာမ်ဘာသာဝင်များအနေဖြင့် လူမျိုးနေရာတွင် လွတ်လပ်စွာဖြည့်သွင်းခွင့်ပိတ်ပင်ခံရခြင်းများရှိနေကြောင်း တစ် ရက်တာအတွင်း ဖုန်းဖြေဆိုမူ နှစ်ထောင်ထက်မနည်းရှိခဲ့သည့် အစ္စလာမ်ဘာသာဝင်များအတွက် သန်းခေါင်စာရင်းထောက်ကူပြု အဖွဲ့ ၂ ရပ်ထံမှသိရသည်။“ကြိုတင်တွက်ချက်ထားတဲ့အတိုင်း အစ္စလာမ်ဘာသာကိုးကွယ်တဲ့သူတွေအားလုံးကို ကုဒ်နံပါတ် ၉၀၀ သွေးနှောထည့်ခိုင်းတယ်။အဲသိလိုမှမဟုတ်ရင် ၉၁၄ ပဲရေးပြီး အခြားလို့ရေးတယ်။ အခြား ဆိုတာ လူမျိုးမှ မဟုတ်တာ။တချို့က လူမျိုးနဲ့ဘာသာမရေးပေးဘူး။တချို့က လူမျိုးကို ပသီလို့ပြောရင် မရေးပေးဘူး။တချို့ကျတော့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလီ တွေရေးပြီးတော့ နိင် ငံခြား သား ကုဒ် ထဲကိုပို့လိုက်တာတွေရှိတယ်”ဟုငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်(PCN)မှ တရားလွတ်တော်ရှေ့နေ ဦးအုန်းမောင်က မွန်းတည့်နေဂျာနယ်သို့ပြောသည်။
“အစ္စလာမ်ဘာသာဝင်လို့ပြောလိုက်တာနဲ့ စာရင်းကောက်က နိုင်းဝမ်းဖိုး ကိုတိုက်ရိုက်ရေးတယ်။တိုင်းရင်းသားနာမည်တစ်ခုခုပြောတာကိုမရေးတော့ဘူး။ဒါ့ကြောင့် ၁၈၄၀ ကိုတိုက်ရိုက် အကြောင်းကြား တယ်။နိုင်းဝမ်းဖိုးလို့ပြောတာကိုဘေးမှာလူမျိုးနာမည်တစ်ခုခုပြောရဲ့သားနဲ့မရေးတာမျိုးတွေလည်းတိုင်ကြားချက်မှာပါတယ်”ဟု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၄ ဖွဲ့မှ ခေါင်းဆောင် များပါဝင်သည့်သန်းခေါင်စာရင်းထောက်ကူပြုအဖွဲ့မှ မ.မ.လ ဥက္ကဌ ဦးမြင့်ထွန်းကမွန်းတည့်နေဂျာနယ်သို့ပြောသည်။
တိုင်ကြားချက်အများဆုံးလက်ခံရရှိသည့်နေရာများမှာ ဧရာဝတီတို်င်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းအနောက်ဘက်ခြမ်းတို့မှဖြစ်ကြောင်း လည်းသိရသည်။သန်းခေါင်စာရင်း ဥပဒေ တွင် အသက် ၁၅ နှစ်ပြည့်ပြီးသူတစ်ဦးသည် မိမိခံယူသည့်လူမျိုးအမည်ကို လွတ်လပ်စွာဖြည့်သွင်းခွင့်ရှိကြောင်းပြဌာန်းထားသော်လည်း အစ္စလာမ်ဘာသာဝင်များ အနေဖြင့်မလိုလား အပ် သည့် အခက်အခဲများကြုံတွေ့နေရမှုတွင် ဥပဒေကိုကျော်လွန်ကာ ဖိအားပေးမူများရှိနေခြင်းကြောင့်ဖြစ်သည်ဟုလည်း ဥပဒေပညာရှင်ဦးအုန်းမောင်က သုံးသပ်သည်။
“အခုအနေအထားကိုသုံးသပ်ကြည့်တာကတော့ စာစောင်တွေဂျာနယ်တွေထဲမှာ ဖွနေတဲ့ဦးရဲထွဋ်ပြောတဲ့စကားတွေဟာ အစိုးရရဲ့အာဘော်သဘောမျိုး လိုဖြစ်နေတယ်။ အဲဒီတော့ဥပဒေ ကတစ်မျိုး ဥပဒေအထက်ကပြောတဲ့သဘောဖြစ်နေတယ်။ဥပဒေက ပြောထားတာက ကြိုက်တဲ့နာမည်ပြောဖြည့်ပေးရမယ်လို့ပြောထား တယ်။ဒါပေမဲ့အခုပြောနေတဲ့ စကားတွေက ဥပဒေ ကိုကျော်ပြီး ဒါမထည့်ရဘူး ဒီလူမျိုးမရှိဘူးလို့ စာရင်းကောက်တွေကို အလွတ်သဘောနဲ့ ညွန်ကြားပြီး ဖိအားပေးထားတာတွေရှိနေတယ်”ဟု တရားလွတ်တော်ရှေ့နေ ဦးအုန်းမောင် ကပြော သည်။
အထက်ပါကဲ့သို့ နှတ်မိန့်ဖြင့် ဖိအားပေးညွန်ကြားချက်များပေးခံခဲ့ရသည့် သန်းခေါင်စာရင်းစာရင်းကောက် များအနက်ရိုးသားသည့် ပညာတတ်များရှိခြင်းကြောင့် ပသီ၊ရိုဟင်ဂျာ စသည့် လူမျိုး အမည်များဖြည့်သွင်းခွင့်ရခဲ့မှုများရှိကြောင်းလည်းတရားလွတ်တော်ရှေ့နေဦးအုန်းမောင်က ပြောသည်။
“ရိုဟင်ဂျာလို့ဖြည့်လို့ရတာကတော့ စာရင်းကောက်တွေအပေါ်မှာမူတည်တယ်။ရန်ကုန်မြို့က ဒေါပုံ၊သာကေတ၊သင်္ကန်းကျွန်း၊တောင်ဒဂုံ၊တာမွေ စတဲ့နေရာတွေမှာ ရိုဟင်ဂျာလို့ထည့်ခွင့် ရခဲ့ တဲ့ သူတွေ ရှိတယ်”ဟု ပြည်ထောင်စုအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(လျှောက်ထားဆဲ)ဥက္ကဌ ဦးသာအေးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ဟုထည့်သွင်းဖြေဆိုခြင်း ခွင့်မပြုသော်လည်း ရခိုင်ပြည်နယ်ပြင်ပ ဒေသများတွင်မှု ရိုဟင်ဂျာလူမျိုး ဟုဖြည့်သွင်းခွင့်ရသူများရှိကြောင်းလည်းသိရသည်။
“ရိုဟင်ဂျာလို့လည်းပြောလိုက်ရော သူတို့ အခြင်းခြင်းကြားမှာ တီးတိုးတိုင်ပင်ပြီးတော့ ဒီလောက်ပဲဆိုပြီးပြန်ထွက်သွားဖို့လုပ်တယ်။မေးတော့ နိုင်းဝမ်းဖိုး(914) နဲ့ပဲကောက်တယ်။ အခြား လူမျိုးစု အားလုံး အကျုံးဝင်တယ်။ဘေးမှာလူမျိုးအမည်ရေးစရာမလိုဘူးလို့ပြောပြီး ပြန်ထွက်သွားကြတယ်”ဟု ဆိပ်ကမ်းသာလမ်း တွင်နေထိုင်ပြီး မိမိကိုယ်ကိုယ် ရိုဟင်ဂျာလူမျိုး ဟုခံယူ ထားသူ ကိုဇေယျာက ကိုယ်တွေ့ဖြစ်ရပ်ကို မွန်းတည့်နေဂျာနယ်သို့ပြောသည်။
အထက်ပါဖြစ်ရပ်များအပြင် ကိုးကွယ်သည့်ဘာသာကိုခြေပြုကာ လူမျိုးအမည်သတ်မှတ်ရေးသွင်းခြင်းကို သန်းခေါင်စာရင်းကောက်သူများက ပြုလုပ်ခဲ့သဖြင့် ပြန်လည်ပြင်ဆင်ပေးရန် လိုက် လံတောင်း ဆိုခဲ့ရမှုများလည်းရှိကြောင်းသိရသည်။
“ကျွန်မတို့က ကိုးကွယ်သည့်ဘာသာအစ္စလာမ်၊ လူမျိုး ဗမာလို့ပြောတော့ စာရင်းဖြည့်တဲ့ဆရာမ ဒေါ်ယဉ်ယဉ်အောင်က လူမျိုးနေရာမှာ ၉၁၄ လို့တန်းရေးတယ်။၅၀၁ ဆိုရင် ကိုးကွယ်တဲ့ ဘာသာဗုဒ္ဓဘာသာပဲဖြစ်ရမယ်လို့ပြောထားလို့လို့ပြောတယ်။ပြောထားတယ်ဆိုကတည်းက သင်တန်းပေးတာကပြောတာဖြစ်မယ်လို့ယူဆတယ်။ဒါ့ကြောင့် အိမ်ပြင်ထွက်သွားပြီးမှ လိုက်ပြင် ခိုင်းရတယ်။နောက်ဆုံးတော့ ပြန်ဖျက်ပြီးပြင်ပေးတယ်”ဟု ပဲခူးတိုင်းဒေသကြီး၊ဖြူးမြို့နယ်၊ဇေယျဝတီမြို့၊သီရိမင်္ဂလာရပ်ကွက်တွင်နေထိုင်သည့် မသီတာအောင်က မွန်း တည့်နေဂျာ နယ် သို့ သူ၏ ကိုယ်တွေ့ဖြစ်ရပ်ကိုပြောသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် တရားဝင်သတ်မှတ်သည့် ခဲတံကိုအသုံးပြုသော်လည်း အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်ပြီး လူမျိုးနေရာတွင် ပြောကြားသည့် အတိုင်းရေးသား မှုမ ရှိခြင်း၊ပြင် ဆင်ရန် ခဲဖျက်သုံးခြင်းတို့ကြောင့် အစ္စလာမ်ဘာသာဝင်များအနေဖြင့် သံသယများပွားများနေရခြင်းများလည်းရှိကြောင်းသိရသည်။
“စာရင်းကောက်တွေက လူတွေရှေ့မှာတောင် ရေးပြီးနေတဲ့ စာရွက်ပေါ်မှာ ပြင်တာ ဖျက်တာတွေရှိလာတော့ တော်တော်များများက သံသယရှိတယ်။ကိုယ့်ရှေ့မှာတောင်ပြင် တာဖျက် တာလုပ်ရင် ကွယ်ရာမှာ သူတို့လိုချင်တာ ပြန်ဖြည့်မလားလို့စိုးရိမ်ကြတယ်”ဟု ဒေါက်တာမြင့်သိန်းက မွန်းတည့်နေဂျာနယ်သို့ ပြောသည်။
Mizzima သတင်းတစ်ရပ်တွင် မတ်လ ၃၀ ရက်နေ့တွင်ဖေါ်ပြခဲ့သည့် သန်းခေါ င်စာရင်းကောက်ယူရာ၌ လူမျိုးအမည် နေရာတွင် ရိုဟင်ဂျာ ဟူသည့်အသုံးအနှုန်းကို လက်မခံဟု ရခိုင်ပြည် နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီထုတ်ပြန်ချက်သည် သန်းခေါင်စာရင်းဥပဒေကို ချိုးဖေါက်ရာရောက်ကြောင်း လည်းရိုဟင်ဂျာလူမျိုးကိုယ်စားပြုအဖြစ် သမ္မတ အိုဘားမားနှင့်တွေ့ ဆုံဖူး သည် ဦးသာအေးက ပြောသည်။
“ပြည်နယ်အစိုးရရဲ့ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီသည် ဗဟို သန်းခေါင်စာရင်းကပြဌာန်းထားတာကို ပြင်ဆင်ခွင့်မရှိဘူး။ဒါဟာ သန်းခေါင်စာရင်းဥပဒေကို ချိုးဖေါက်ရာရောက် တယ်။ စာရင်းကောက်တွေ မှာ ဖြေတဲ့သူတွေရဲ့ အဖြေကို မရေးပဲငြင်းဆို ခြင်းဟာလည်း သန်းခေါင်စာရင်းဥပဒေကိုချိုးဖေါက်ရာရောက်တယ်” ဟု ပြည်ထောင်စုအမျိုးသား များဖွံ့ဖြိုးတိုးတက်ရေး ပါတီ (လျှောက်ထားဆဲ)ဥက္ကဌ ဦးသာအေးက ရိုဟင်ဂျာအမည် ထည့်သွင်းခွင့်မပြုဟုကြေညာချက်အပေါ် အထက်ပါအတိုင်းဝေဖန်သည်။
ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ဘူးသီးတောင်၊မောင်တော၊စစ်တွေ စသည့်ဒေသများတွင် ရိုဟင်ဂျာလူမျိုးဟု ခံယူထားသူများနေထိုင်သည့် နေရာများသို့ သန်းခေါင်စာရင်းကောက် သွားသူ များတွင် သန်းခေါင်စာရင်းကောက်ယူသည့်ပုံစံကိုယူဆောင်သွားခြင်းမရှိဘဲ ပြင်ပစာအုပ်များဖြင့်သာမှတ်တမ်းတင်သူများလည်းရှိကြောင်း ဦးသာအေးက မွန်းတည့်နေသို့ ထပ်လောင်း ပြောကြား သည်။
မင်းအောင်နိင်
Bi မွန်းတည့်နေ Vol,1 No. 16 ပါသတင်းကို မြန်မာမွတ်စလင်မ်မီဒီယာက မူရင်းအတိိုင်းကူးယူတင်ပြသည်။





