ဦးကျော်မင်း

တိရိစ္ဆာန် မျိုးစိတ် ပြုန်းတီးသွားမည် အရေးကို လူသားများက ကာကွယ်နေကြတယ်။ လူသားမျိုးနွယ်စု တစ်စု ပြုန်းတီးစိတ်သုန်းသွားရေးကို အားလုံးသူ ဝိုင်းဝန်းကာကွယ်မည်ဟု ယုံကြည် သည်။ ရိုဟင်ဂျာများရခိုင်ခေတ်၊ အင်္ဂလိပ် ခေတ်မှာ ရှိခဲ့သည် ကိုမငြင်းနိုင်၊ ငြင်းလိုသူတစ်ချို့ကဝါဒဖြန့် စာအုပ်စာပေများ ထုတ်ဝေနေသည်။ မွတ်စ်လင်မ် သမိုင်းအထောက် အထားမှန်သမျှကို ဖျောက်ဖျက်နေကြသည်။ မြောက်ဦးရှိသမိုင်းဝင် ဆန္ဒီခါန် ဗလီကို ရသေ့တရား ကျင့်ဂူ (Hermitage) ဟုရေးနေသည်။ ရသေ့ဂူဆိုလျှင် ၎င်း၏နှစ်ဖက်တွင် ကျောက် နံရံခံရေကန်ကြီးနှစ်ကန်ရှိရန် လိုမည်မဟုတ်၊ သမိုင်း အဆောင်ဆောင်မှာ ဘင်္ဂလားစစ်ကူဖြင့် နရမိတ်လှက ရခိုင်ထီးနန်း ကို ၁၄၂၈ ခုမှပြန်ရ ခဲ့သည် ဟု ပါရှိသည်ကို ကုလားအကူအညီမယူခဲ့ ဟုငြင်း နေကြသည်။ ၀လီခါန် ရခိုင်တွင် မင်းလုပ် ခဲ့သည်ကို ရခိုင် သမိုင်းများတွင် ပါရှိလျက်နဲ့ ငြင်းပယ်နေသည်။ မြောက်ဦးမြို့ကို အနိုင်နိုင်အားထုတ်ပြီး တည်ထောင်ခဲ့သူ နရမိတ်လှက ဘင်္ဂလားကို တိုးချဲ့သိမ်းသွင်းခွင့်မရခဲ့ပါ။ ညီဖြစ်သူနရနု (ခ) အာလီခါန်က ပန်းဝါ(ရာမူး) အထိ သိမ်းယူခဲ့ပြီး သူ့သား ဘစောဖြူ (ခ) ကလီမာရှားက စစ်တကောင်းအထိ စိုးပိုင်ခဲ့သည်ကို ရခိုင်သမိုင်းများက သက်သေခံနေသည်။ လက်အောက်ခံကုလားများကို ကျေနပ်စေရန် စည်းရုံးရေး သဘောဖြင့် ရခိုင်ဘုရင်များက မွတ်စ်လင်မ်နာမည် ခံခဲ့သည်ဟု ရှင်းလင်းချက် ပေးနေသူများက အထက် မြောက်ဦးမင်း သုံးဆက်က ဘင်္ဂလာနယ်မြေ ပိုင်ဆိုင်မူ မရှိခင်ကပင်၊ စူလေမာန်ရှား၊ အလီရှား၊ ကလီမာရှား နာမည်များ အဘယ်ကြောင့် ခံယူခဲ့သနည်းကို ဖြေရှင်းသင့် ပေသည်။ ယခင်က လက်အောက်ခံကုလားများ ကျေနပ်ရန်ဆိုသည်မှာ ယုတ္တိမရှိပါ။မွတ်စ်လင်မ်များ မြန်မာမင်းအုပ်ချူပ်ရေး ကာလ မှာလည်း စုစုပေါင်း လူဦးရေ၏ ၃ ပုံ ၁ ပုံကျော်ရှိကြောင်း အထောက်အထား များရှိသည်။ ပြည်တွင်းဆူပူမှုကြောင့် ဘင်္ဂလားသို့ ထွက်ပြေးခဲ့သူများ ရှိသလို စစ်သုံးပန်းအဖြစ် အင်းဝသို့ ရောက်ခဲ့သူလည်း ရှိခဲ့သည်။ သူတို့၏ ခေါင်းဆောင် အဘိရှားဟူစိန်နီကို ဘိုးတော်ဘုရားက မြန်မာတပြည်လုံးအစ္စလာမ် ဓမ္မသတ်မှုးခန့်ခဲ့သည်။ (J. P. Laider, 2014 ရှုပါ)

လွတ်လပ်ရေးရပြီး မြန်မာပြည်တွင် တိုင်းရင်းသားများ အဖြစ်ရှိ ခဲ့သည်။ ပအိုဝ် ၊ လားဟူ၊ မွန်ဘာသာ စကားများနှင့် အတူတိုင်းရင်းသားဘာသာစကား အစီအစဉ်မှာ ဝန်ကြီးအဖွဲ့ ဆုံးဖြတ်ချက်အဖြှင့် မြန်မာ့အသံ အသံလွှင့် ဌာနမှ အသံလွှင့်ခွင့်ရ ခဲ့သည်။ ၁၉၆၁ မှ ၁၉၆၅ အထိ မေယု နယ်ခြား အုပ်ချုပ်ရေး ဒေသဟု သတ်မှတ်ခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးလက်အောက်တွင် ထားပြီးအုပ်ချုပ် ခဲ့သည်။ အုပ်ချုပ်ခဲ့သော အရာရှိများသည် တပ်မတော်သားများဖြစ်ခဲ့သည်။ ထိုကာလသည် အလွန်တည်ငြိမ် အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိခဲ့သော အချိန်ဖြစ်ခဲ့သည်။ ကာကွယ်ရေး ဝန်ကြီး လက်အောက် ရှိခဲ့သော ဂျာနယ်၊ စာစောင် များတွင် ရိုဟင်ဂျာများ တိုင်းရင်းသား ဖြစ်ကြောင်း တွင်တွင်ရေးသား ဖြန့်ဝေခဲ့သည်။ ရိုဟင်ဂျာများ ဖွံ့ဖြိုးရေးကို စီမံချက်ဖြင့်ဆောင် ရွက်ခဲ့သည်။ ရိုဟင်ဂျာများက ထိုစဉ်က တပ်မတော်သား များကို ယနေ့ အထိ သတိရနေသည်။ ကျေးဇူးတင်လျက် လည်းရှိသည်။ ယနေ့တပ်မတော်က ရိုဟင်ဂျာကို လက်မခံနိုင်ခြင်း တတိယ နိုင်ငံပို့ရမည်ဆိုခြင်းကို ရိုဟင်ဂျာများ နားမလည် နိုင်ဖြစ်နေသည်။ ဖဆပလ၊ ပထစ ၊ တော်လှန်ရေး ကောင်စီ၊ အစိုးရခေတ်များတွင် တိုင်းရင်းသားများ ဖြစ်ခဲ့ပြီး မဆလခေတ်မှာ နိုင်ငံသားဟုသာ သဘော ထားပြန်သည်။ သို့သော်ကောင်စီအဆင့်ဆင့်မှာ ပါဝင်ခွင့် ရခဲ့သည်။ မဲပေးခွင့်များ ရခဲ့သည်။ နဝတ၊ နအဖ ခေတ် တွင် သံသယ ရှိသူများဟု အကြောင်းပြပြီး ခွဲခြားဆက်ဆံမှုများ ပြုလုပ်လာ သည်။ လယ်သိမ်း၊ မြေသိမ်း၊ မှတ်ပုံတင်ကတ်ပြား များသိမ်း စသည်ဖြင့်ပြုလုပ်လာခဲ့သည်။ ဒီမိုကရေစီ သမ္မတ ဥိးသိန်းစိန်လက်ထက်မှာ ခိုးဝင်ဘင်္ဂါလီဟု စွပ်စွဲပြီး သွားလာလှုပ်ရှားခွင့် ပိတ်ပင်ခဲ့သည်။ ရခိုင်ပြည်နယ် မြို့များပေါ်ရှိ မွတ်စ်လင်မ် ရပ်ကွက်အားလုံးကို ဒုက္ခသည် စခန်းအသီးသီးသို့ ပို့ထားသည်။ ရိုဟင်ဂျာခံယူသူများကို သန်းခေါင်စာရင်းတွင် စာရင်းမတင်ပဲ ထားရှိခဲ့သည်။

၁၉၉၀ ကျော်နှစ် များမှာ အမျိုးသားမှတ်ပုံတင်များကို စီမံချက်ဖြင့် သိမ်းယူပြီး ယာယီ သက်သေခံ ကတ်ပြားများ (white card) များကို အစားထိုးလဲပေး ခဲ့သည်။ ထိုစဉ်ကမကြာခင် နိုင်ငံသား စီစစ်ရေး ကတ်များ ထုတ်ပေးမည်ဟု ပြောဆိုခဲ့သည်။ ယာယီသက်သေခံကတ်ပြားစုစုပေါင်း ၇သိန်းခွဲခန့်ရှိပြီး အများဆုံးမှာ ရခိုင်ပြည်နယ်မှာ ဖြစ်သည်။ ၂၀၁၅ အကုန်တွင် သမ္မတဦးသိန်းစိန်အစိုးရက ယာယီ သက်သေခံ ကတ်ပြားများကို သမ္မတအမိန့်ဖြင့် ပြန်လည် သိမ်းယူပြီး ဖြတ်ပိုင်းတစ်ခုစီပေး ထားခဲ့သည်။

ယာယီသက်သေခံကတ်ပြား သိမ်းယူခံရသူများနှင့် သူတို့၏ မိဘဘိုးဘွားများအတွက် လဝကရုံးမှာ ပုံစံ (၁) ဟူ၍ မှတ်တမ်း အစုံရှိသည်။ မွေးရပ်နှင့် နိုင်ငံသားဇယားမှာ မြန်မာနိုင်ငံသားဟု ပါရှိပြီးဖြစ်သည်။ သို့ရှိပါလျက်နှင့် ခိုးဝင် ဘင်္ဂါလီ ဟု စွပ်စွဲခြင်းကို နားမလည်နိုင်ဖြစ်နေသည်။ တစ်ဖန် သမ္မတဦးသိန်းစိန်က ပင် အစိုးရ က ၃ လတိတိ ဠာနပေါင်းစုံဖြင့် စီစစ်ခဲ့ရာ ခိုးဝင်သူ မရှိသလောက်ဟု သတင်း ရှင်းလင်းခဲ့သည် ကိုလည်း တွေ့ရသည်။ လဝကရုံးများရှိ မှတ်တမ်း များသည် ရိုဟင်ဂျာကို ခိုးဝင်လာသူ တကယ်ရှိလျှင် သူတို့နှင့်ခွဲခြားနိုင်ရန် လုံလောက်သည်ဟု ယူဆပါသည်။

လက်ရှိ ဒီမိုကရေစီအစိုးရက ခိုးဝင်ဘင်္ဂါလီဟု မသုံး ယခင်ရောက်ရှိနေသူများဟု သုံးစွဲနေရာ အနက် အဓိပ္ပာယ်ခြင်း မခြားနားဟု ဆိုရမည်။ မကြာခင်က လဝကဝန်ကြီးဠာန အမြဲတန်းအတွင်းဝန် ဦးမြင့်ကြိုင်က ရခိုင်ပြည်နယ်ရှိ မွတ်စ်လင်မ် ၁.၀၉ သန်းမှာ နိုင်ငံသား စီစစ်ခံရမည့်သူများ၏ သက်သေခံ ကတ်ပြား ( national verification card) ကိုင်ဆောင်ရမည်ဟု ရှင်းခဲ့ကြောင်းတွေ့ရသည်။ သို့သော် များမကြာမီက ရန်ကုန်၌ အစ္စလာမ် ဘာသာရေးအဖွဲ့များအား ရှင်းပြရာတွင် လဝကဝန်ကြီးက အိမ်ထောင်စုစားရင်း ရှိလျှင်ပင် အထက် NVC ကိုင်ဆောင်ရန်မလိုဟု ရှင်းလင်းကြောင်း သိရှိရသည်။ ၂၀၁၆ ခု ဂျူလိုင်လ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားမှတ်ပုံတင်ကိုင်ဆောင်သူများ NVC ကိုင်ဆောင်ရန်မလို နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ထုတ်ပေးမည်ဟု လဝက ဝန်ကြီးက ရှင်းလင်း ထုတ်ဖော်ပြောခဲ့သည်ကို ရိုဟင်ဂျာများ ကအားရဝမ်းသာ ကြိုဆိုခဲ့ကြောင်း တွေ့ရသည်။ ၎င်းကို ရခိုင်ပြည်နယ်ရှိ မွတ်စ်လင်မ်များ (ရိုဟင်ဂျာများ) ၏ ပြဿနာများဖြေရှင်းရေး အတွက် ပဏာမခြေလှမ်းဟု သုံးသပ်ခဲ့သည်။

ယခုအခါ ဖေဖော်ဝါရီလ ၈ ရက်နေ့က အထက် NVC ထုတ်ပေးရေးဖြစ်စဉ်ကို ကြီးကြပ်ရန် လဝကဝန်ကြီး ဦးဆောင်သော အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးပြီး အမြန်အကောင်အထည်ဖော်မည်ဟု သမ္မတရုံး ကြေညာချက် အမိန့် ၂၁/၂၀၁၇ ကို ထုတ်ပြန် ထားသည်။ NVC လက်မခံသူများကို မှတ်ပုံတင်ဥပဒေ ပုဒ်မ ၆(၂) ၊ ၆(၃)တို့ဖြင့် အရေးယူမည်ဟု အစိုးရ ရှင်းလင်းချက် တစ်ခုလည်း ထွက်ထားသည်။ ရခိုင်ပြည်နယ်မှာ နေထိုင် သော လူမျိုးစုအားလုံးသည် ဘင်္ဂလားမှာလည်း နေထိုင်ကြသည်။ မွတ်စ်လင်မ်နှင့် ရုပ်ရည်၊ ဘာသာစကား တူနေကြသူများလည်းရှိသည်။ ဤတွင်မွတ်စ်လင်မ်တစ်မျိုးတည်းကို သီးခြားကွက်၍ နိုင်ငံသားစီစစ် ခံရမည့်သူများဟု နိုင်ငံသားမဟုတ်သူအဖြစ် တံဆိပ်ကပ်ထားခြင်းကို လက်ရှိဒီမိုကရေစီအစိုးရ၏ ခွဲခြား ဆက်ဆံမှုဟု ရှုမြင်နေကြသည်။ NVC ကို မြန်မာနိုင်ငံတွင်း နေထိုင်သူများ အက်ဥပဒေ ပုဒ်မ၅(၂)(ဂ) အရ ထုတ်ပေးခြင်းဟု ဆိုသည်။ အထက်ပါ ပုဒ်မတွင် နိုင်ငံတော်သမ္မတက သက်သေခံကတ်ပြား (အမျိုးသား မှတ်ပုံတင်) ပုံစံကို သတ်မှတ်နိုင်သည်။ နည်းဥပဒေများ ပြဌာန်းနိုင်သည် ဟုသာပါရှိသည်။ NVC ဟု မပါရှိပေ။ နှစ်ပေါင်း ၆၀ မတိုင်ခင်ကပင် ပုံစံများ သတ်မှတ် ခဲ့ပြီး လဝကလုပ်ငန်းများ လည်ပတ်နေပြီ လည်းဖြစ်သည်။

ရိုဟင်ဂျာများက ယခု NVC ဟု ပုံစံအသစ် ထွင်ခြင်းသည် ရိုဟင်ဂျာများကို နိုင်ငံမဲ့ ပြုလုပ်ရန် စီမံခြင်းဟု ရှုမြင်နေသည်။ အစပထမ NVC သက်တမ်းမှာ ၂နှစ်ဟုဆို ခဲ့သည်။ မကြာခင်က အစိုးရထုတ်ပြန်သော ရှင်းတမ်းတွင် နောက်ထပ် မှတ်ပုံတင် ကတ်တစ်ခုခု မရမချင်း NVC ကိုင်ထား ရမည်ဟုဆိုထား ပြန်သည်။ ယခင် အမျိုးသားမှတ်ပုံတင်ကတ်များ သိမ်းယူစဉ်က မကြာမီနိုင်ငံသားစီစစ်ရေးကတ် ထုတ်ပေးမည် ဟုပြောခဲ့သော်လည်း ၂၅ နှစ်ကျော်လွန်သွားပြီ စီစစ်ရေးကတ် မလာသေးပါ။ NVC သာလာနေသည်။
လက်ရှိ NVC စီမံချက် မလာခင် ၂၀၁၃ ခုနှစ်တွင် verification process ဟု စီမံချက်တစ်ခု အသက်သွင်းရန် အစိုးရက စီမံခဲ့သည်။ ၎င်းတွင် မွတ်စ်လင်မ်များ၏ လက်ဗွေ (Thumb Print) နှင့် မျက်စိဗွေ ( eye print) များပေးခဲ့ရသည်။ တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများစားရင်း ဟူသောစာရွက်မှာ လက်မှတ်ထိုးရန် လိုအပ်ခဲ့ သည်။ ထိုဒေသက မွတ်စ်လင်မ်များ ပူးပေါင်း ပါဝင်ခြင်း မပြုခဲ့၍ စီမံချက် မပြီးဆုံးနိုင်ခဲ့ပေ။ ယခု NVC ကိုင်မှသာ နောက်ထပ် စီစစ်၍ ကတ်ပြားတစ်မျိုးမျိုး ပေးမည်ဟု ပြောခြင်းသည် နိုင်ငံ သားကတ် မဖြစ်နိုင်။ နိုင်ငံသားစီစစ်ရေးကတ် ထုတ်ပေးရန် ရှိပါက အမျိုးသားမှတ်ပုံတင် (NRC)နှင့် ယာယီသက်သေခံ ကတ်ပြား ( White Card) များသိမ်းယူရန် မရှိပါ။ ၎င်းတို့သည် နိုင်ငံသား အထောက်အထားများ ဥပဒေအရ အမှန်အကန်ဖြစ်၍ သိမ်းယူခြင်းဖြစ် သည်။ ရည်ရွယ်ချက်က ရိုဟင်ဂျာများ အထောက်အထားမဲ့ ဖြစ်စေရန် ဖြစ်သည်။

နိုင်ငံတော်၏သတင်းရှင်းလင်းချက် ၂၈.၁၂.၂၀၁၆ သတင်းရှင်းလင်း ချက်တွင် ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေ ပုဒ်မ ၆၅ ဖြင့် NVCကိုင်သူများက နိုင်ငံသားစီစစ်ခံရမည်ဟု ပါရှိနေသည်။ ၎င်းပုဒ်မသည် နိုင်ငံသားမဟုတ်သူ များ သံသယရှိ သူများက လျှောက် ထားရသော ဥပဒေပုဒ်မ ဖြစ်သည်။ လျှောက်လွှာပုံစံသည်လည်း နိုင်ငံသားစီစစ်ရေး လျှောက်လွှာ လဝကနိုင် (၂)နှင့်မတူ။ သို့ဖြစ်၍ ရခိုင်ပြည်နယ်မှ မွတ်စ်လင်မ် များက ဤ NVC စီမံချက်ကို လူမျိုးတစ်မျိုး တည်းကို ဦးတည်နေ သဖြင့် ထိုသူတို့အား အခွင့်အရေးပိတ်ပင်ရန် လူမှုဘဝတွင် ကန့်သတ်မှုများ ပြူလုပ်ရန် စီမံဆောင်ရွက်ခြင်းဟု လွန်စွာစိုးရိမ်နေပါသည်။ သူတို့မှာ အနာဂတ်မရှိ ပျောက်သွားသည်ဟု ရှုမြင်နေသည်။ မွတ်စ်လင်မ်များက ဤစီမံချက်တွင် ပူးပေါင်း ပါဝင်လို စိတ် မရှိကြောင်း လေ့လာတွေ့ရှိရသည်ကို သိရှိနိုင်ရန် တင်ပြအပ်ပါ သည်။