ဆိုရှယ်လစ် တစ်ပါတီ အာဏာရှင်စနစ်အောက်တွင် အာဏာပိုင်ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆန္ဒနှင့်အညီ ရေးဆွဲပြဋ္ဌာန်းခဲ့သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားထ ဥပဒေနှင့်စပ်လျဉ်း၍ ဝေဖန်ပြောဆိုမှုအမျိုးမျိုးကို မီဒီယာများမှတစ်ဆင့် ကြားသိနေရသည့်အပြင် ခင်မင်ရင်းနှီးသော မိတ်ဆွေများကလည်း ကျွန်တော်၏ ထင်မြင်ယူဆချက်ကို မကြာခဏ မေးမြန်းခြင်းခံနေရ သည့်အတွက် ဤဆောင်းပါးကို ရေးသားရန် လွန်ခဲ့သော ၂ဝ၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ အကြောင်းဖန် လာပါ သည်။ရှုပ်ထွေးလှသည့်ပြဿနာဖြစ်၍ ထင်မြင်ချက်ပေးရန် ခက်ခဲလှသည့်အပြင် နယ်ပယ်ကဏ္ဍစုံမှ ပုဂ္ဂိုလ်များ ကလည်း ကွဲပြားခြားနားသည့် ထင်မြင်ချက်အမျိုးမျိုးကို မီဒီယာများမှတစ်ဆင့် တင်ပြပြောဆိုနေကြသည့်အတွက် ကျွန်တော်၏ထင်မြင်ချက်ကို ပြောဆိုတင်ပြရန် ပို၍ မဝံ့မရဲဖြစ်မိပါသည်။

“နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ အခြေခံ သဘောတရားများ”

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအကြောင်း မဆွေးနွေး မီ ရှေ့ကရှိခဲ့သော နိုင်ငံသားဖြစ်ခြင်းနှင့် သက်ဆိုင်သည့် ဥပဒေများကို တာဝန်ရှိသူများအားလုံး ကျေညက်အောင် ဦးစွာ လေ့လာရန် လိုအပ်သည်ဟု ကျွန်တော်ထင်ပါသည်။

လူတစ်ဦး နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်း ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် သေရေးရှင်ရေးတမျှ အရေးကြီးသောကိစ္စဖြစ်၍ အလွယ်တကူ မှတ်ချက် ပေးရန်မသင့်ပါ။ အထူးသဖြင့် လူမျိုးရေးကို လည်းကောင်း၊ ဘာသာရေးကိုလည်းကောင်း၊ လူအများစု အနေအထားကိုလည်းကောင်း၊ လူနည်းစု အနေ အထားကိုလည်းကောင်း အခြေခံ၍ နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် စပ်လျဉ်းသည့် ထင်မြင်ချက်ကို ပေးမည် ဆိုလျှင် မှားယွင်းယုံမျှမက ဆိုးဝါးသော နောက်ဆက်တွဲ အကျိုးဆက်များနှင့်သာ ကြုံတွေ့ရမည် ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ ဥပဒေ သဘော တရားကို ဆွေးနွေးပြောဆိုလိုပါက လူမျိုးရေး၊ ဘာသာ ရေး၊ လူနည်းစု၊ လူများစု စသည်တို့အပေါ် အခြေမခံ ဘဲ မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်နှင့် ခေတ်အဆက်ဆက် အတည်ဖြစ်ခဲ့သည့် ဥပဒေ သဘောတရားများအပေါ် အခြေခံ၍ ဆွေးနွေးပြောဆိုကြခြင်းသာလျှင် အသင့်မြတ်ဆုံးဖြစ်မည်ဟု ထင်မြင်ယူဆပါသည်။

“နိုင်ငံသားဖြစ်ခြင်းနှင့် သက်ဆိုင်သည့် သမိုင်းနောက်ခံ”

မြန်မာနိုင်ငံ၏ သမိုင်းနောက်ခံကို အကျဉ်းချုပ် တင်ပြ ရပါက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် အခြေခံ လူမျိုးကြီး(၈)မျိုး အခြေစိုက်နေထိုင် ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ၁၈၂၄ ခုနှစ်တွင် တနသာင်္ရီနှင့် ရခိုင်တို့ အင်္ဂလိပ်လက်အောက်ကျခဲ့ပြီး၊ ၁၈၅၅ ခုနှစ်တွင် ရန်ကုန်၊ ပဲခူး အပါအဝင် မြန်မာ ပြည်အောက်ပိုင်း အင်္ဂလိပ်လက်အောက် ကျရောက် ခဲ့ပါသည်။ ၁၈၈၅ ခုနှစ်တွင် မန္တလေးမြို့တော် အပါအဝင် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်ကျရောက်၍ သီပေါမင်း ပါတော်မူခဲ့ပါသည်။

ထိုအချိန်က မြန်မာနိုင်ငံကို မတရားသိမ်းပိုက်ထားသော အင်္ဂလိပ်အစိုးရက ၎င်းတို့ ဦးစွာ သိမ်းပိုက်ထား ပြီးဖြစ်သော အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် မြန်မာနိုင်ငံအား သတ်မှတ်ကာ အုပ်ချုပ်ခဲ့ကြပါသည်။ ၁၉၃၄ ခုနှစ်အထိ မြန်မာနိုင်ငံကို အိန္ဒိယ၏ ပြည်နယ် တစ်ခုအဖြစ် အင်္ဂလိပ်တို့က အုပ်ချုပ်ခဲ့ပြီး ခွဲရေးတွဲရေး ပြဿနာတစ်ရပ် ပေါ်ပေါက်လာကာ ၁၉၃၄ ခုနှစ်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံကို အိန္ဒိယပြည်နယ်တစ်ခု အဖြစ်မှ ခွဲထွက်၍ အင်္ဂလိပ်၏ သီးခြားကိုလိုနီနိုင်ငံ တစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

အိန္ဒိယ၏ ပြည်နယ်အဖြစ်မှ ခွဲထုတ်ပေးခဲ့သော်လည်း ကျွန်တော်တို့မြန်မာနိုင်ငံသည် အင်္ဂလိပ်၏ ကိုလိုနီနိုင်ငံ အဖြစ်ပင် ရှိမြဲရှိနေပါသည်။

ထိုသို့ အင်္ဂလိပ်၏ ကိုလိုနီအဖြစ် နှစ်ပေါင်းရာချီ၍ နေထိုင် ခဲ့ကြရပြီးနောက်မှ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ် ရေး ရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ရေး ကိစ္စ ဥပဒေရေးဆွဲရာတွင် အလေးအနက် စဉ်းစားရမည့် အကြောင်းအရာများ များစွာရှိခဲ့ပါသည်။

“၁၉၄၇ ခုနှစ်နှင့် ၁၉၄၈ ခုနှစ် ကာလအခြေအနေများ”

ဒုတိယကမ္ဘာစစ်ကြီး ပြီးပြီးနောက် အာရှတိုက်မှ ဖက်ဆစ်ဂျပန်များ ဆုတ်ခွာသွားပြီးသည့်အချိန်တွင် အိန္ဒိယနိုင်ငံ၊ အနောက်ပါကစ္စတန်နိုင်ငံ၊ မြန်မာနိုင်ငံ၊ အရှေ့ပါကစ္စတန်နိုင်ငံ (ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ)တို့ကို အင်္ဂလိပ်အစိုးရက လွတ်လပ်ရေးပေးရန် အခြေအနေများ ပေါ်ပေါက်လာပါသည်။ အနောက်ပါကစ္စတန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အလှမ်းကွာဝေးသော်လည်း အိန္ဒိယနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ဆက်စပ်နေသည့်အတွက် လွတ်လပ်ရေးရပြီးနောက် နိုင်ငံအသီးသီးအတွင်း အခြေချနေထိုင်လျက်ရှိသူများကို မည်သို့ပြဋ္ဌာန်း သတ်မှတ်ကြမည်နည်းဟူသော ပြဿနာ ပေါ်လာပါက နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်း ပေးရန် အကြောင်းတရားများ ပေါ်ပေါက် လာ ရပေသည်။

ရှင်းလင်းစေရန် ဥပမာဆောင်၍ တင်ပြရပါက နယ်နိမိတ် ချင်း ဆက်စပ်နေသော အိန္ဒိယနိုင်ငံအတွင်း ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများကို အိန္ဒိယအစိုးရက မည်သို့ ပြဋ္ဌာန်းသတ်မှတ်မည်နည်း။ အလားတူ မြန်မာ နိုင်ငံအတွင်း ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသားများကို မြန်မာနိုင်ငံဘက်က မည်သို့သတ်မှတ်မည်နည်းဆိုသည့် ပြဿနာပေါ်ပေါက်လာပါသည်။

ပို၍ရှင်းအောင် တင်ပြရပါက အိန္ဒိယနိုင်ငံအတွင်း ရောက် နေသော မြန်မာများကို လွတ်လပ်ရေးရပြီးနောက် အိန္ဒိယ အစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုမည်လား။ နိုင်ငံခြားသားအဖြစ် သတ်မှတ်မည်လား (သို့မဟုတ်) နိုင်ငံခြားသားဖြစ်၍ လက်မခံ နှင်ထုတ်မည်လား။ အလားတူ မြန်မာနိုင်ငံဘက်ကလည်း မည်သို့ဆောင် ရွက်မည်နည်း အစရှိသည့် ကိစ္စများကို ဉာဏ် အမြော် အမြင် ကြီးမားလှသော ထိုခေတ် ထိုအချိန်အခါက နိုင်ငံရေးခေါင်းဆောင်များက အလေးအနက် စဉ်းစား ခဲ့ကြပါသည်။

ထိုသို့ စဉ်းစားခဲ့ကြပြီးနောက် အုပ်ချုပ်သူ ကိုလိုနီ အစိုးရ နှင့် အုပ်ချုပ်ခံ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ နိုင်ငံရေးခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးကြပြီးနောက် အင်္ဂလိပ်ကိုလိုနီ ခေတ်ကာလအတွင်း အင်္ဂလိပ်ကိုလိုနီ နယ်ပယ်များဖြစ်သော အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် (အရှေ့ပါကစ္စတန်)နယ်ပယ်များအတွင်း နေထိုင်ခဲ့ကြ သူများအတွက် နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားအဖြစ် ရွေးချယ်ခြင်း အစရှိသည့် ဥပဒေများကို ပြဋ္ဌာန်းကာ နိုင်ငံသားဖြစ်ခွင့်၊ ရွေးချယ်ခွင့် အခွင့်အရေးများကို သက်ဆိုင်ရာနိုင်ငံအသီးသီးက ရွေးချယ်ခွင့်ပေးခဲ့ပါသည်။

အဆိုပါ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားအဖြစ် ရွေးချယ်ခြင်း တို့နှင့် သက်ဆိုင်သည့် အသေးစိတ်ကျသော ဥပဒေများ အကြောင်း မဆွေးနွေးမီ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ပထမဦးဆုံး အခြေခံဥပဒေဖြစ်သည့် ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်း ခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ နိုင်ငံသား ဖြစ်မှုဆိုသည့် စကားရပ်နှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းချက်ကို ဦးစွာတင်ပြလိုပါသည်။

“၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ “နိုင်ငံသားဖြစ်မှုဆိုင်ရာ” ဥပဒေပြဋ္ဌာန်းချက်(၂)ရပ်”

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် “နိုင်ငံသား”နှင့် စပ်လျဉ်းသည့် အောက်ပါ ဥပဒေပြဋ္ဌာန်းချက်(၂)ရပ်ကို ပြဋ္ဌာန်းထားကြောင်း တွေ့ရပါသည်။

ပုဒ်မ ၁ဝ။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံသားဟူ၍ တစ်မျိုးတည်းသာရှိရမည်။ ဆိုလိုရင်းမှာ ပြည်ထောင်စုအဖွဲ့ဝင်များ၏ နိုင်ငံသားဟူ၍ အသီး အခြားမရှိရ။ ပြည်ထောင်စုမြန်မာနိုင်ငံသားဟူ၍သာ ရှိရမည်။

ပုဒ်မ ၁၁။ (က) မြန်မာနိုင်ငံ တိုင်းရင်းသားတစ်မျိုးမျိုးတွင် ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့သော မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း၊
(ခ) မြန်မာနိုင်ငံ တိုင်းရင်းသားတစ်မျိုးမျိုးတွင် ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့သော ဘိုးဘွားများ အနက် အနည်းဆုံးတစ်ဦးမှ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်း၌ မွေးဖွားသူ တိုင်းသည်လည်းကောင်း၊
(ဂ) ပြည်ထောင်စုနိုင်ငံ၏ နိုင်ငံသားဖြစ်သော သို့တည်းမဟုတ် ဤအခြေခံဥပဒေ စတင် အာဏာတည် သည့်နေ့တွင် အသက်ရှင်နေသည်ဖြစ်ပါက တိုင်းရင်းသား အဖြစ်ကို ရယူခွင့်ရှိသော မိဘနှစ်ပါးမှ ပြည်ထောင်စု နိုင်ငံ တွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်း၌ မွေးဖွားသူတိုင်းသည်လည်းကောင်း၊
(ဃ) ဗြိတိသျှ ဘုရင်မင်းမြတ်၏ အာဏာပြန့်ရာ နယ်မြေတစ်ခုခုတွင် မွေးဖွားခဲ့သည်ဖြစ်၍ ဤအခြေခံ ဥပဒေ စတင် အာဏာတည်သည့်နေ့မှ အထက်၊ သို့တည်းမဟုတ် ၁၉၄၂ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အထက် အခြားမဲ့သောဆယ်နှစ်အတွင်း ရှစ်နှစ်အောက် မယုတ်သော ကာလအဖို့ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်း၌ နေထိုင်ခဲ့ဖူး ပြီးလျှင် ပြည်ထောင်စုနိုင်ငံအတွင်းတွင် ထာဝစဉ်နေထိုင် ရန် ကြံရွယ်ခဲ့သည်ဖြစ်၍၊ ထို့ပြင် တရားဥပဒေဖြင့် သတ်မှတ်သော အချိန်အတွင်းတွင် ထိုသို့ သတ်မှတ် သော နည်းလမ်းနှင့်အညီ ပြည်ထောင်စုနိုင်ငံသားအဖြစ် ရွေးချယ်ခြင်းကို ထုတ်ဖော်သူတိုင်းသည်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ရမည်။ အထက်ပါ ပြဋ္ဌာန်းချက်(၂)ရပ်အနက် ပထမပြဋ္ဌာန်း ချက်ဖြစ်သော ပုဒ်မ-၁ဝ ပါ “နိုင်ငံသားတစ်မျိုး တည်း သာရှိရမည်”ဆိုသည့် ခွဲခြားခြင်းမရှိသော အမြော်အမြင် ကြီးမားသော ပြဋ္ဌာန်းချက်ကို စာရှုသူများ သတိပြု လေ့လာ ကြစေလိုပါသည်။

“နိုင်ငံသားတစ်မျိုးတည်းသာရှိရမည်”ဆိုသည့် စကားရပ် သည် နိုင်ငံသားအချင်းချင်းအကြား အဆင့်အတန်း မခွဲခြားဘဲ နိုင်ငံသားအားလုံးကို တစ်တန်းတစ်စားတည်း သတ်မှတ်ပေးထားသည့်အတွက် ခွဲခြားဆက်ဆံခြင်း သဘောတရားမှလွတ်ကင်း၍ အမျိုးသားစည်းလုံး ညီညွတ် ရေးကို တွန်းအားပေးရာရောက်သည့် ပြဋ္ဌာန်း ချက်တစ်ရပ်ဖြစ်ကြောင်း တွေ့နိုင်ပါသည်။

ထို့အပြင် တိုင်းရင်းသားများ အပါအဝင် မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်သူ အားလုံးအကြား စိတ်ဝမ်း ကွဲပြားမှုမရှိစေရန် ရည်ရွယ်၍ ထိုကဲ့သို့ အနှစ်သာရ အားဖြင့် လေးနက်မှုရှိသော ဥပဒေစာသားကို ရေးသား ထားခြင်းဖြစ်သည်ဟုလည်း ထင်မြင်သုံးသပ် နိုင်ပါသည်။

ထို့အပြင် တစ်ဆက်တည်း ပုဒ်မ-၁၁တွင် မည်သူတို့ နိုင်ငံသားဖြစ်သည် ဆိုသည်ကိုလည်း နောင်အခါ အငြင်းပွားမှု မဖြစ်ရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ပေးခဲ့သည့် အချက်သည် လည်း စိတ်ဝင်စားဖွယ်ကောင်းသော အချက်တစ်ရပ် ဖြစ်ပေသည်။

“ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ”

အထက်ပါဥပဒေကို ၃-၅-၁၉၄၈ နေ့တွင် ပြဋ္ဌာန်းခဲ့ ပါသည်။ ပြဋ္ဌာန်းရသည့် ရည်ရွယ်ချက်မှာ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၁၁ တွင် ဖော်ပြထားသည့် “ပြည်ထောင်စု နိုင်ငံသားအဖြစ် ရွေးချယ်ခြင်းကို ထုတ်ဖော်သူတို့” အတွက် ပြဋ္ဌာန်းထား ခြင်းဖြစ်ပါသည်။
အဆိုပါဥပဒေပုဒ်မ ၃ တွင် –
(က) မွေးဖွားစဉ်က ဗြိတိသျှ ဘုရင်မင်းမြတ်၏ အာဏာ ပိုင်နက်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မွေးဖွားခဲ့သူ ဖြစ်ခြင်း၊
(ခ) ၁၉၄၂ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့မှ၊ သို့တည်းမဟုတ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှ အထက် အခြားမဲ့သောဆယ်နှစ်အတွင်း၊ ရှစ်နှစ်အောက် မယုတ်သော ကာလအဖို့ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အာဏာပိုင်နက်အတွင်း၌ နေထိုင်ခဲ့ဖူးသူဖြစ်ခြင်း၊
(ဂ) အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ခြင်း၊
(ဃ) ပြည်ထောင်စုမြန်မာနိုင်ငံ၏ လုံခြုံမှုကိုသော်လည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးကို သော်လည်းကောင်း၊ အကျိုးစီးပွားကိုသော်လည်းကောင်း၊ ပျက်ပြားနစ်နာအောင် မပြုလုပ်ခဲ့ဘူးသူဖြစ်ခြင်း၊ ထို့ပြင်
(င) ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ ၂ တွင် အဓိပ္ပာယ် ဖော်ပြထားသည့် အတိုင်း အရည်အချင်း ချို့တဲ့သူမဟုတ်ခြင်း၊ စသည့် အရည်အချင်းများနှင့် ပြည့်စုံလျှင် နိုင်ငံသား လက်မှတ် ရလိုကြောင်း လျှောက်ထား နိုင်သည် ဟု ပြဋ္ဌာန်းထားကာ စိစစ်ပြီးနောက် မှန်ကန်လျှင် ဝန်ကြီးက နိုင်ငံသား လက်မှတ် ထုတ်ပေးရမည်ဟု ပြဋ္ဌာန်းထားပါသည်။

အဆိုပါ မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေးဥပဒေသည် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် အံဝင်ခွင်ကျဖြစ်အောင် စနစ်တကျ စီစဉ်ရေးသား ထားသည်ကို တွေ့ရပါသည်။ အရေးကြီးသော ဒုတိယဥပဒေတစ်ခု ဆက်လက်တင်ပြပါမည်။

“ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေ”

အထက်ပါဥပဒေသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် ၄-၁-၁၉၄၈ နေ့တွင် ပြဋ္ဌာန်းအတည်ပြုခဲ့သော ဥပဒေဖြစ်ပါသည်။ မည်သူများ ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်သည်ဆိုသည်ကို ဤဥပဒေတွင် အသေးစိတ်ရှင်းလင်းစွာ ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။
စာရှုသူများ မှတ်သားရ လွယ်ကူစေရန် လိုရင်းပုဒ်မများကို အောက်ပါအတိုင်း အနှစ်ချုပ် ဖော်ပြလိုပါသည်။
ပုဒ်မ – ၄ (၁)တွင် – ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ – ၁၁ (က) (ခ) (ဂ)နှင့် (ဃ) တို့အရ နိုင်ငံသားဖြစ်ပြီး သူများသည်လည်းကောင်း၊
ပုဒ်မ – ၄ (၂)တွင် – ဘိုးဘွားအားလုံး လက်ထက်မှစ၍ မြန်မာနိုင်ငံအတွင်း အခြေစိုက် နေထိုင်လာခဲ့သည့်အပြင် မိဘနှစ်ပါးနှင့်တကွ မိမိကိုယ်တိုင် မြန်မာနိုင်ငံအတွင်း မွေးဖွားလျှင် မွေးဖွားသူတိုင်းသည်လည်းကောင်း နိုင်ငံသားဖြစ်သည်ဟု သတ်မှတ်ထားသည်ကို တွေ့ရ ပါသည်။

“၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အာဏာ တည်ပြီးနောက် မွေးဖွားသူများ”

အထက်ဖော်ပြပါ ပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ပုဒ်မ – ၅ တွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် နိုင်ငံသားဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။
(က) နိုင်ငံသားမိဘတစ်ပါးပါးမှ မြန်မာနိုင်ငံအတွင်း မွေးဖွားသူ။ (သို့ရာတွင် ဖခင်နိုင်ငံခြားသား ဖြစ်ပါက ထိုကလေး အရွယ်ရောက်ပြီး ၁ နှစ်အတွင်း မြန်မာနိုင်ငံ သားအဖြစ် ရွေးချယ်ကြောင်း ကြေညာရန် လိုပါသည်။)
(ခ) နိုင်ငံသားဖခင်က နိုင်ငံပြင်ပတွင် မွေးဖွားသူ။ (သို့ရာတွင် မြန်မာနိုင်ငံ ကောင်စစ်ဝန်ရုံးတွင် မွေးဖွားကြောင်း မှတ်ပုံတင်ရန် လိုအပ်သည်။)
(ဂ) နိုင်ငံ့ဝန်ထမ်း နိုင်ငံသားမိဘတစ်ပါးပါးက အစိုးရအမှုထမ်းနေဆဲ မြန်မာနိုင်ငံပြင်ပတွင် မွေးဖွားသူ။ (သို့ရာတွင် ဖခင်နိုင်ငံခြားသားဖြစ်ပါက ထိုကလေး အရွယ်ရောက်ပြီး ၁ နှစ်အတွင်း နိုင်ငံခြားသားအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာရန် လိုအပ်သည်။)
အထက်ဖော်ပြပါ ပုဒ်မ – ၄ နှင့် ၅ ပါ ပြဋ္ဌာန်းချက်များ သည် အလိုအလျောက် နိုင်ငံသားရထိုက်ခွင့်ရှိသူများကို ပြဋ္ဌာန်းသတ်မှတ်ပေးခြင်းဖြစ်ပြီး၊ နိုင်ငံခြားသား တစ်ဦးက လည်း နိုင်ငံသားအဖြစ် ခံယူလိုပါက ဝန်ကြီးထံ လျှောက်ထား နိုင်ကြောင်းနှင့် ဝန်ကြီးက ကျေနပ်လက်ခံလျှင် နိုင်ငံသားပြုမှုလက်မှတ် ထုတ်ပေးနိုင်ကြောင်း ပုဒ်မ – ၇ တွင် ပြဋ္ဌာန်းထားပါသည်။
ပုဒ္မ – ၇ အရ
(က) အသက် ၁၈ နှစ်ပြည့်ပြီး
(ခ) ၅ – နှစ်ထက်မနည်း မြန်မာနိုင်ငံအတွင်း အဆက်မပြတ် နေခဲ့သည့်အပြင်
(ဂ) စာရိတ္တကောင်းမွန်၍ မြန်မာ (သို့မဟုတ်) တိုင်းရင်းသားစကား တစ်မျိုးမျိုး ပြောတတ်၍
(ဃ) မြန်မာနိုင်ငံအတွင်း အမြဲနေထိုင်ရန်၊ အစိုးရ အမှုထမ်းရန်၊ ဘာသာရေး၊ လှူဒါန်းရေး၊ စီးပွားရေးကိစ္စများ ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း ဖော်ပြကာ – နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရန် လျှောက်ထားနိုင်ကြောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။
အထက်ဖော်ပြပါ ဥပဒေပြဋ္ဌာန်းချက်များသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ယင်းအခြေခံဥပဒေကို အကြောင်းပြုကာ ပြဋ္ဌာန်းထားသော ဥပဒေများကို ခြုံငုံသုံးသပ် တင်ပြခဲ့ခြင်းဖြစ်ပါသည်။

“၁၉၇၄ ခုနှစ်၊ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ”

နိုင်ငံသားဖြစ်ခြင်းနှင့် စပ်လျဉ်း၍ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးရသည့်နေ့မှစ၍ ၃.၁.၁၉၇၄ နေ့အထိ အပြောင်းအလဲ တစ်စုံတစ်ရာ မရှိခဲ့ပါ။

၃.၁.၁၉၇၄ နေ့တွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဟု အမည်ပေးထားသော မြန်မာနိုင်ငံ၏ ဒုတိယ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာသည့်အခါ နိုင်ငံသားနှင့်စပ်လျဉ်း၍ အဓိပ္ပာယ်ဖွင့်ဆိုမှုအပိုင်းတွင် အနည်းငယ်ကွဲလွဲသွားသည်ကို စတင်တွေ့ရှိရပါသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ – ၁၄၅ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။
(က) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူအားလုံးသည် နိုင်ငံသားများဖြစ်သည်။
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်း သည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ များ သည်လည်း နိုင်ငံသားများဖြစ်သည်။
အထက်ပါ ပြဋ္ဌာန်းချက်ကို လေ့လာပါက နိုင်ငံသား နှစ်မျိုးနှစ်စားရှိသည်ဟု ထင်သာမြင်သာ တွေ့နိုင်ပါသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ – ၁ဝ တွင် “ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် နိုင်ငံသား တစ်မျိုးတည်းသာရှိရမည်” – ဟု ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ – ၁၄၅ ပါ နိုင်ငံသား ၂ မျိုးရှိသည်ဆိုသည့် ပြဋ္ဌာန်းချက် များ သည် တစ်ခုနှင့်တစ်ခု သဟဇာတမဖြစ် တော့ ကြောင်း စတင်တွေ့မြင်လာရပါသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ – ၁၄၅ တွင် ဖော်ပြထားသည့် နိုင်ငံသား ၂ မျိုးလုံး၏ နိုင်ငံသားဖြစ် မှုအပေါ် ဝေဖန်ထောက်ပြရန် အကြောင်းမရှိသော်လည်း နိုင်ငံတစ်နိုင်ငံအတွင်း နိုင်ငံသား တစ်မျိုးတည်းရှိ သည်ဆိုသည့် ပြဋ္ဌာန်းချက်နှင့် နိုင်ငံသား ၂ မျိုးရှိသည် ဆိုသော ပြဋ္ဌာန်းချက်တို့သည် လုံးဝ သဟဇာတမဖြစ်ဘဲ နိုင်ငံသားအချင်းချင်းအကြား အဆင့်အတန်း ခွဲခြား သည့်သဘော (သို့မဟုတ်) တန်းတူညီမျှမှု မရှိနိုင် သည့်သဘော ခွဲခြားပြဋ္ဌာန်းထားသည်ဟု ဝေဖန်ပြော ဆိုရန် အကြောင်းအချက်များ မြင်တွေ့နေရပါသည်။

“၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ”

အထက်ဖော်ပြပါ နိုင်ငံသားဥပဒေကို အာဏာရှင် ဦးနေဝင်းခေတ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ ယင်းဥပဒေကို ပြည်သူလူထုအား ချပြ၍ ရေးဆွဲခဲ့ ခြင်းဖြစ်သည်ဟု ဆိုသော်လည်း ဆိုရှယ်လစ်အာဏာရှင် တစ်ပါတီ အာဏာရှင်ခေတ်ဖြစ်၍ မည်သူမျှ ကန့်ကွက်နိုင် သည့် အခွင့်အရေး မရှိရုံမျှမက ဝေဖန်ထောက်ပြနိုင်သည့် အခြေအနေပင် မရှိကြောင်း ကျွန်တော်တို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရပါသည်။

အဆိုပါ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေတွင် နိုင်ငံသား ဆိုသည့် စကားရပ်နှင့် စပ်လျဉ်း၍ အောက်ပါ အတိုင်း အမျိုးမျိုး ခွဲခြားပြဆိုထားသည်ကို တွေ့ရပါသည်။
(၁) နိုင်ငံသားဆိုသည်မှာ မြန်မာနိုင်ငံသားကိုဆိုသည်။ [ပုဒ်မ – ၂ (ခ)]
(၂) ဧည့်နိုင်ငံသားဆိုသည်မှာ ဤဥပဒေအရ သတ်မှတ် ထားသော ဧည့်နိုင်ငံသားကိုဆိုသည်။ [ပုဒ်မ – ၂ (ဂ)]
(၃) နိုင်ငံသားပြုခွင့်ရသူဆိုသည်မှာ ဤဥပဒေအရ သတ်မှတ်ထားသော နိုင်ငံသားပြုခွင့်ရသူကိုဆိုသည်။ [ပုဒ်မ – ၂ (ဃ)]
အထက်ဖော်ပြပါ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၂ တွင် ဖော်ပြပါအတိုင်း နိုင်ငံသား ၃ မျိုး ထပ်မံခွဲခြားလိုက်သည်ကို တွေ့လာရပြန်ပါသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံသား ၁ မျိုးတည်းသာရှိပြီး၊ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသား ၂ မျိုး ဖြစ်လာခဲ့ရာမှ တစ်ဆင့်တိုး၍ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သားဥပဒေတွင် နိုင်ငံသား ၃ မျိုးအထိ တိုးပွားခွဲခြား လာသည်ကို တွေ့ရပါသည်။

အမှန်တကယ်အားဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သားဥပဒေအရ နိုင်ငံသား ၃ မျိုး ခွဲခြားထားသည့်အပြင် နည်းဥပဒေတွင် နိုင်ငံသား ဟုတ်မဟုတ် သံသယရှိ သူများအဖြစ် အုပ်စု ၁ စု ထပ်မံခွဲခြားထားပြန်သဖြင့် စုစုပေါင်း နိုင်ငံသား ၄ မျိုး ခွဲခြားထားသည်ဟု ပြောနိုင် သည်။

“၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ပါသလား ? ”

၁၉၇၄ ခုနှစ် အာဏာရှင်ခေါင်းဆောင် ဦးနေဝင်း ကိုယ်တိုင် ဦးစီးရေးဆွဲခဲ့သည့် ဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ – ၁၄၅ တွင် နိုင်ငံသား ၂ မျိုးသာရှိကြောင်း ရှင်းလင်းတိကျစွာ ပြဋ္ဌာန်းထားသည့် အခြေအနေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေထက် အဆင့် နိမ့်သော ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေတွင် ထိုစဉ်အခါက အတည်ဖြစ်နေသည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ ပြဋ္ဌာန်းထားခဲ့ခြင်းမရှိသော
၁။ ဧည့်နိုင်ငံသားဆိုသည့် တီထွင်ပြဋ္ဌာန်းချက်နှင့်
၂။ နိုင်ငံသားပြုခွင့်ရသူဆိုသည့် တီထွင်ပြဋ္ဌာန်းချက် များသည် ထိုစဉ်က အတည်ဖြစ်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီမညီ တရားဥပဒေ သဘောအရ မှန်ကန်မှု ရှိမရှိ ဆွေးနွေးပြောဆိုရန် အကြောင်း အချက်များစွာ ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။

“နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ အခွင့်အရေး”

လူတစ်ယောက်၏ အခွင့်အရေးများအနက် အရေးအ ကြီးဆုံး အခွင့်အရေးကို ပြောပြပါဟု မေးလာလျှင် “နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ အခွင့်အရေး”သည် အရေးအကြီးဆုံး အခွင့်အရေးဟု ပြောဆိုရမည် ဖြစ် ပါသည်။

နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ အခွင့်အရေးသည် လူတစ်ဦး ချင်းအတွက် အရေးအပါဆုံး အခွင့်အရေး ဖြစ်သည့် အလျောက် ယင်းအခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တိတိကျကျ ထည့်သွင်းပြဋ္ဌာန်းပေးရပါသည်။ သာဓကများအဖြစ် တင်ပြရပါက –
၁။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ – ၁၁ တွင် မည်သူတို့သည် နိုင်ငံသားဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ ပြဋ္ဌာန်းပေးထားပါသည်။
၂။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၁၄၅ တွင်လည်း – မည်သူတို့သည် နိုင်ငံသားဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ ပြဋ္ဌာန်းပေးခဲ့သည်ကို တွေ့ရပါသည်။
၃။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၃၄၅ တွင်လည်း – မည်သူတို့သည် နိုင်ငံသားဖြစ်ကြောင်း ရှင်းလင်းစွာ ရေးသားပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။
(မှတ်ချက် – ၁၉၇၄ ခုနှစ် ဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ – ၁၄၅ ပါ ပြဋ္ဌာန်းချက်နှင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၃၄၅ ပါ နိုင်ငံသားဖြစ် ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တို့ တစ်ထပ်တည်း တူနေသည်ကိုလည်း မှတ်မှတ်ထင်ထင် တွေ့ရပေသည်။)
အထက်ဖော်ပြပါ သာဓကများကို ထောက်ရှုခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်၏ နိုင်ငံသားဖြစ်ခွင့် အရေးပါပုံနှင့် အရေးပါသည့်အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းပေးရသည်ကို သုံးသပ်တွေ့ရှိနိုင် ကြောင်း တင်ပြလိုပါသည်။

“နိုင်ငံသားဖြစ်ခွင့်နှင့် လူ့အခွင့်အရေး ကြေညာစာတမ်း”

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီး တွင် နိုင်ငံသားဖြစ်ခွင့်နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်ကို တွေ့နိုင်ပေသည်။
အပိုဒ် ၁၅
(၁) လူတိုင်းသည်၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
(၂) ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခြင်းမခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သောအခွင့်အရေး ကိုလည်း ငြင်းပယ်ခြင်းမခံစေရ။

နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေများကို နိုင်ငံတစ်နိုင်ငံ အနေဖြင့် ရေးဆွဲပြဋ္ဌာန်းမည်ဆိုပါက အထက်ဖော်ပြပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၅ နှင့် ဆန့်ကျင်သည့် နိုင်ငံသားဥပဒေမျိုး ပြဋ္ဌာန်းခွင့်မရှိပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်သဘော၊ ကိုယ်ကြိုက် ရာ ဥပဒေကို ပြဋ္ဌာန်းမည်ဟု နိုင်ငံတော်အာဏာကို ပိုင်စိုးထားသူတို့က ပြောကြမည်ဆိုလျှင် ကိုယ့်ပြည်တွင်း၌ ပြောခွင့်၊ ပြုခွင့် ရှိမည်ဖြစ်သော်လည်း နိုင်ငံတကာ၏ ဝေဖန်ပြောဆိုမှုကို ခံရလိမ့်မည်ဖြစ်ပါသည်။

ယဉ်ကျေးသော လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးသော နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များကို အတတ်နိုင်ဆုံး လိုက်နာရန် တာဝန်ရှိကြပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်း နိုင်ငံသားဖြစ်ခြင်းနှင့် စပ်လျဉ်းသည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းမည်ဆိုလျှင် အနိမ့်ဆုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်သော၊ မညီမညွတ်ဖြစ်သော ဥပဒေမျိုးကို ပြဋ္ဌာန်းရန် မသင့်ဟု တင်ပြလိုပါသည်။

“နိုင်ငံသားဖြစ်ခြင်းနှင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ”

အထက်တွင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ – ၃၄၅ ကို ရည်ညွှန်းဖော်ပြခဲ့သည်ဖြစ်၍ ယခု အပြည့်အစုံ ရေးသားဖော်ပြပါမည်။
ပုဒ်မ -၃၄၅။ အောက်ဖော်ပြပါ အရည်အချင်း တစ်ရပ်ရပ်နှင့် ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည်။
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ။
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ။
အထက်ပါ ပြဋ္ဌာန်းချက်သည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၁၄၅ ပါ ပြဋ္ဌာန်းချက်နှင့် ထပ်တူထပ်မျှ တူညီနေကြောင်း တွေ့နိုင်ပါသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ – ၁၁၊ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၁၄၅ နှင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၃၄၅ တို့ပါ ပြဋ္ဌာန်ချက်များကို နှိုင်းယှဉ်လေ့လာပါက အရေးကြီးသော အချက်တစ်ချက်မှတစ်ပါး အခြေခံအားဖြင့် အားလုံးတူညီကြသည်ဟု ဆိုနိုင်ပါသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေတွင် “နိုင်ငံသားတစ်မျိုးတည်း ရှိရမည်”ဟု ပုဒ်မ – ၁ဝ တွင် ရှင်းရှင်းလင်းလင်း တိတိကျကျ ပြဋ္ဌာန်းခဲ့သည့်အချက်နှင့် နောက်ပိုင်းရေးဆွဲသည့် ၁၉၇၄ ခုနှစ် ဆိုရှယ်လစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် နိုင်ငံသားတစ်မျိုးတည်းအစား –
၁။ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားနှင့်
၂။ ဥပဒေအရဖြစ်သော နိုင်ငံသားဟူ၍ နှစ်မျိုးနှစ်စား ခွဲခြား ပြဋ္ဌာန်းထားသည့်အတွက် ယင်းအချက် ကွဲပြားခြားနားမှုရှိသည်မှလွဲ၍ ဥပဒေသဘောတရားအရ အခြားသော အငြင်းပွားရန် အရှုပ်အထွေးပြဿနာ တစ်စုံတစ်ရာ မရှိသည်ကို တွေ့ရပေသည်။
အထက်ဖော်ပြပါ တင်ပြချက်များသည် မြန်မာနိုင်ငံအတွင်း အချိန်အခါအလျောက် တည်ရှိခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် လက်ရှိအတည်ဖြစ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေတို့အပေါ် အကိုးအကားပြု တင်ပြထားခြင်း ဖြစ်ပါသည်။

“၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် မြန်မာနိုင်ငံအတွင်း အတည်ဖြစ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေများ ညီညွတ်မှု ရှိ – မရှိ”

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ ပြဋ္ဌာန်းချက်ကို အထက်တွင် အသေးစိတ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု အကျဉ်းချုပ်၍ ပြန်လည်ဖော်ပြရပါက –
၁။ ပုဒ်မ – ၂ (ခ) အရ နိုင်ငံသားဆိုသည်မှာ “မြန်မာနိုင်ငံသား”ကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားသည့်အတွက် –
(က) တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားများနှင့်
(ခ) ဥပဒေအရဖြစ်သော နိုင်ငံသားများကို ဆိုလိုသည်ဟု မှတ်သားရပါသည်။
၂။ ပုဒ်မ – ၂ (ဂ)၌ “ဧည့်နိုင်ငံသား”ဆိုသည်မှာ ဤဥပဒေအရ သတ်မှတ်သောသူကို ဆိုလိုကြောင်း ပြဋ္ဌာန်းထားရာ အဓိပ္ပာယ် မရှင်းလင်းကြောင်း တွေ့ရပါသည်။ မည်သူတို့ကို ဧည့်နိုင်ငံသားအဖြစ် သတ်မှတ်မည်နည်းဟူသော မေးခွန်း မေးစရာရှိနေပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်သော်လည်းကောင်း၊ လက်ရှိ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်သော်လည်းကောင်း၊ ဧည့်နိုင်ငံသားဆိုသည့် အသုံးအနှုန်းသော်လည်းကောင်း၊ အဓိပ္ပာယ်ဖွင့်ဆိုချက်သော်လည်းကောင်း မရှိသည့်အချက်ကို သတိပြုစေလိုပါသည်။
အထက်ပါပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ အုပ်ချုပ်ရေးအာဏာပိုင်တို့ကို နိုင်ငံသားမျိုးကွဲအသစ်တစ်ခု ပြဋ္ဌာန်းသတ်မှတ်ပေးခွင့်ပြုသည့် သဘောဖြစ်သည့်အပြင် နိုင်ငံသားအချင်းချင်းအကြား ခွဲခြားဆက်ဆံမှု ဖြစ်ပေါ်လာစေရန် ဦးတည်ထားကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၃။ ပုဒ်မ – ၂ (ဃ)တွင်လည်း အလားတူ “နိုင်ငံသားပြုခွင့်ရသူ”ဟူသော စကားရပ်အား အသစ်တီထွင် ထားသည်ကို တွေ့ရပါသည်။ မည်သို့သော ပုဂ္ဂိုလ်များသည် နိုင်ငံသားပြုခွင့်ရသူများဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ဖော်ပြထားခြင်း မရှိပါဘဲလျက် အသစ်တီထွင်ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံသားအချင်းချင်းအကြား (သို့မဟုတ်) နိုင်ငံသာအဖြစ် နိုင်ငံအတွင်း ထာဝရ ခေါင်းချနေထိုင်သွားမည့်သူများအကြား ခွဲခြားဆက်ဆံမှုများ ဖြစ်ပေါ်လာစေရန် ဦးတည်ရာရောက်သော ပြဋ္ဌာန်းချက်ဟု ဆိုနိုင်ပါသည်။
၄။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၏ နည်းဥပဒေတွင် နိုင်ငံသား ဟုတ်၊ မဟုတ် သံသယရှိသူများဟူ၍ အစုတစ်စု သတ်မှတ်ပိုင်ခွင့် ပေးထားသည်ကိုလည်း တွေ့ရပါသည်။ လူတစ်ယောက်အား နိုင်ငံသား ဟုတ်၊ မဟုတ် အလွယ်တကူ အပြီးအပြတ် သတ်မှတ် ဆုံးဖြတ်ပေးနိုင်ပါလျက် ထိုကဲ့သို့ မဆုံးဖြတ်ပေးဘဲ သံသယရှိသူများအဖြစ် သတ်မှတ်၍ နိုင်ငံအတွင်း အုပ်စုတစ်စုအဖြစ် တရားဝင် ပုံဖော်ထားခြင်းသည် နိုင်ငံအတွက် ကောင်းကျိုးမဖြစ်နိုင်ဘဲ ခွဲခြားဆက်ဆံမှုများကို ပို၍ တွန်းအားပေးရာ ရောက်သည့်အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးကို အန္တရာယ်ဖြစ်စေနိုင်သည့် ဆိုးကျိုးသာရှိကြောင်း ဝေဖန်ထောက်ပြလိုပါသည်။

“၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထပ်မံတိုးပွားလာသော နိုင်ငံသားအမျိုးအစားနှစ်ခု”

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၃၈ တွင် နိုင်ငံသားတိုင်း ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါသည်။
သို့သော် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၁၂ဝ(ခ)တွင် – နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူသာ အရွေးခံခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။
သို့ဖြစ်ရာ အရွေးခံမည့်သူသည် နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူဖြစ်မှသာ အရွေးခံခွင့်ရှိပြီး၊ အရွေးခံမည့်သူအား မွေးဖွားချိန်တွင် မိဘနှစ်ပါးအနက် တစ်ပါးပါး နိုင်ငံခြားသားဖြစ်ပါက မွေးကတည်းကစ၍ အရွေးခံမည့်နေ့အထိ နှစ်ပေါင်း ၆ဝ၊ ၇ဝ ခန့် နိုင်ငံသားအဖြစ် ရပ်တည်ခဲ့သည့်တိုင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း တွေ့ရပေသည်။

သာဓကတစ်ခုအနေဖြင့် တင်ပြရပါက ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အင်းတော်မြို့နယ်မှ အရွေးခံခဲ့သည့် ပြည်သူ့လွှတ်တော်အမတ် ဦးစောလှိုင်သည် မြန်မာနိုင်ငံ တိုင်းရင်းသူအမျိုးသမီးနှင့် အိန္ဒိယနိုင်ငံသား ဗုဒ္ဓဘာသာကိုးကွယ်သူတို့က မွေးဖွားခဲ့သူဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၅၆ ခုနှစ်တွင် မွေးဖွားသည်ဖြစ်၍ မိဘနှစ်ပါးအနက် တစ်ပါး နိုင်ငံသားဖြစ်လျှင် မွေးဖွားသူသည် နိုင်ငံသားဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေ ပုဒ်မ – ၅(က)တွင် ပြဋ္ဌာန်းချက်အရ ဦးစောလှိုင်သည် မွေးကတည်းကပင် နိုင်ငံသားအဖြစ် မွေးဖွားခဲ့ကြောင်း အငြင်းမပွား ထင်ရှား ပေါ်ပေါက်နေပါသည်။

သို့အတွက်လည်း ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့် ရှိခဲ့ယုံမျှမက အင်းတော်မြို့နယ် ကိုယ်စားပြုအမတ်အဖြစ် အရွေးခံခဲ့ရပါသည်။ ဦးစောလှိုင်သည် နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရာမှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကောလင်း၊ ဝန်သို၊ ပင်လယ်ဘူး၊ ဗန်းမောက်မြို့နယ်များမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့ရာ ဦးစောလှိုင်အား ၁၉၅၆ ခုနှစ်တွင် မွေးဖွားပြီး၊ ၄ နှစ်အကြာ ၁၉၆ဝ ပြည့်နှစ်တွင်မှ ဦးစောလှိုင်၏ ဖခင်အား နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် အရွေးခံခွင့် မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ခဲ့ပါသည်။

ဦးစောလှိုင်သည် မွေးကတည်းက နိုင်ငံသားအဖြစ် မွေးဖွားခဲ့ပြီး အသက် ၅၆ နှစ် ပြည့်သည်အထိ နိုင်ငံသားအဖြစ် အစဉ်တစိုက် ရပ်တည်ခဲ့သော်လည်း ရွေးကောက်ပွဲဝင်ခွင့်မရှိကြောင်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၁၂ဝ က သတ်မှတ်ခဲ့သည့်အတွက် ယနေ့ မြန်မာနိုင်ငံတွင် နောက်ထပ်နိုင်ငံသားမျိုးကွဲ ၂ မျိုး ထပ်မံ တိုးပွားလာပါသည်။
၎င်းတို့မှာ –
(၁) ရွေးကောက်ပွဲ ဝင်ခွင့်ရှိသော နိုင်ငံသားများနှင့်
(၂) ရွေးကောက်ပွဲ ဝင်ခွင့်မရှိသော နိုင်ငံသားများဟူ၍ ဖြစ်ပါသည်။

“ယနေ့မြန်မာနိုင်ငံအတွင်း ရှိနေသော နိုင်ငံသားမျိုးကွဲများ”

ယနေ့မြန်မာနိုင်ငံအတွင်း ရှိနေသော နိုင်ငံသားမျိုးကွဲများကို အထက်တွင် တင်ပြခဲ့သည့်အတိုင်း ၁၉၄၇၊ ၁၉၇၄၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေတို့ကို အကိုးအကားပြု၍ ခြုံငုံသုံးသပ် တင်ပြရပါက အောက်ပါအတိုင်း နိုင်ငံသား ၇ မျိုးရှိကြောင်း တွေ့နိုင်ပေသည်။
၎င်းတို့မှာ –
၁။ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသား
၂။ ဥပဒေအရ ဖြစ်သော နိုင်ငံသား
၃။ ဧည့်နိုင်ငံသား
၄။ နိုင်ငံသားပြုခွင့်ရသူ
၅။ သံသယရှိသူ
၆။ ရွေးကောက်ပွဲ ဝင်ခွင့်ရှိသူ နိုင်ငံသား
၇။ ရွေးကောက်ပွဲ ဝင်ခွင့်မရှိသူ နိုင်ငံသား ဟူ၍ ဖြစ်ပါသည်။

သို့ဖြစ်ရာ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံသားဥပဒေများကို လေ့လာ၍ မည်သည့်နိုင်ငံတွင် ကျွန်တော်တို့ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံသားအမျိုးအစား မြောက်မြားစွာ ခွဲခြားသတ်မှတ်ထားခြင်း ရှိ၊ မရှိ၊ ရှိလျှင် အဘယ်သို့သော အကြောင်းပြချက်များကြောင့် ခွဲခြားထားပါသနည်း စသည်တို့ကို လေ့လာရန် လိုအပ်သကဲ့သို့၊ ထိုသို့ခွဲခြားထားလျှင် ထိုသို့ခွဲခြားသည့် နိုင်ငံများသည် အာဏာရှင်နိုင်ငံများလော။ ဒီမိုကရေစီနိုင်ငံများလော။ လူ့အခွင့်အရေးကို အသိအမှတ်ပြုသော နိုင်ငံများလော။ လူ့အခွင့်အရေးကို အသိအမှတ်မပြုသော နိုင်ငံများလော အစရှိသည်တို့ကိုပါ ဆက်လက်လေ့လာရန် လိုအပ်ပေမည်။

အကယ်၍ ကမ္ဘာပေါ်ရှိ ယဉ်ကျေးသိမ်မွေ့သော ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံတစ်နိုင်ငံအတွင်း မွေးဖွား၍ ထိုနိုင်ငံ၌ပင် သေသည်အထိ အတည်တကျ နေထိုင်သွားမည်ဖြစ်သောသူများကို အထက်ပါအတိုင်း အမျိုးမျိုး ခွဲခြားသတ်မှတ်မှုပြုခြင်းမရှိဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံ၌သာ အာဏာရှင်အစိုးရများက ယခုကဲ့သို့ နိုင်ငံအတွင်း အတည်တကျ နေထိုင်သူများကို ၇ မျိုး ခွဲခြား သတ်မှတ်ခဲ့ခြင်းဖြစ်ပါက ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်း မွေးဖွား၍ မြန်မာနိုင်ငံအတွင်း အတည်တကျနေထိုင်ကာ၊ မြန်မာနိုင်ငံအတွင်း ခေါင်းချကြမည့်သူများအား နိုင်ငံသားအဆင့်အတန်း အမျိုးမျိုးခွဲခြား ပြဋ္ဌာန်းထားခြင်းသည် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်သုံးသပ်ရန် လိုအပ်မည်ဟု ယူဆပါသည်။

“ကမ္ဘာ့ရွာကြီးထဲမှ အိမ်တစ်လုံး (သို့မဟုတ်) မြန်မာနိုင်ငံ”

ယနေ့ခေတ် ကမ္ဘာကြီးသည် ယခင်က အခြေအနေနှင့် မတူတော့ဘဲ များစွာ ဖွံ့ဖြိုးတိုးတက်လာပြီး ဆက်သွယ်ရေးလမ်းကြောင်းများ ထွန်းကားလာသည့်အတွက် နိုင်ငံများစွာဖြင့် ဖွဲ့စည်းထားသော ကမ္ဘာကြီးတစ်ခုဟု မပြောဆိုကြတော့ဘဲ ဂလိုဘယ်လိုက်ဇေရှင်း သဘောတရားအရ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာသာဖြစ်ရာ ကျွန်တော်တို့ မြန်မာနိုင်ငံသည် ကမ္ဘာ့ရွာကြီးထဲမှ အိမ်တစ်လုံးဟုသာ ဆိုရပေမည်။

အမြင်ကျယ်ကျယ် စဉ်းစား၍ တင်ပြခြင်းဖြစ်ပြီး နှိမ်ချပြောဆိုခြင်း မဟုတ်ကြောင်း အလေးအနက် ပြောလိုပါသည်။ ထိုသို့ ရွာကြီးထဲမှ အိမ်တစ်လုံး ဘာတွေလုပ်ကိုင်နေကြသည်ကို ကျန်တစ်ရွာလုံးမှ လှမ်းမြင်နေရသည်ဖြစ်၍ စဉ်းစားချင့်ချိန်နိုင်ရန် တင်ပြရခြင်း ဖြစ်ပေသည်။

“နိဂုံး”

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီက မူဝါဒ ချမှတ်ပေးခဲ့သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေပါ နိုင်ငံသားဥပဒေသည် များစွာ ခေတ်မီ၍ နိုင်ငံသား တစ်မျိုးတည်းသာ ရှိရမည်ဆိုသည့် အတွေးအခေါ်မြင့်မားလှသော အယူအဆမှ ရာစုနှစ်ဝက်အတွင်း အုပ်ချုပ်သူ အာဏာရှင်တို့က မြန်မာနိုင်ငံအတွင်း မွေးဖွား၍ မြန်မာနိုင်ငံအတွင်း အခြေတကျ နေထိုင်ပြီး၊ မြန်မာနိုင်ငံအတွင်း ကွယ်လွန်သေဆုံးကြမည့်သူများကို နိုင်ငံသား အမျိုးအစား ၇ မျိုး ခွဲခြား၍ သတ်မှတ်ပြဋ္ဌာန်းဆက်ဆံသော ဥပဒေများသည် ယနေ့ခေတ်စနစ်နှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ ယနေ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နေကြသော အာဏာပိုင်များ အလေးအနက် စဉ်းစားရန် လိုအပ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

{ ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၁၄၈) မှ ကူးယူဖော်ပြပါသည်။ }