ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)

မြန်မာဘုန်းတော်ကြီးတွေက ရိုးသားတဲ့ပြည်လူထု ၄ သန်းခန့်ကို သွေးဆောင်ဖြားယောင်ပြီး ယင်းတို့၏ လက်မှတ်များ ရယူကာ အမျိုးစောင့် ဥပဒေ (၄) ရပ်ကို ပြဋ္ဌာန်းပေးရန် သမ္မတ ဦးသိန်းစိန်ထံ တင်ပြ လိုက်ပါတယ်။ သမ္မတက တဖန် ပါလီမန်မှာ ဆွေးနွေးမှုများလုပ်ပြီး၊ အဆိုပါ ဥပဒေ (၄) ရပ်ကို ပြဋ္ဌာန်းရန် လွှတ်တော်နာယက သူရဦးရွှေမန်းထံ သဝဏ်လွှာ ပို့ ပေးပါတယ်။ တကယ်ဘဲ မြန်မာနိုင်ငံသူ၊သားတွေ တောင့်တခဲ့တဲ့ ဒီမိုကရေစီနှင့် လ့ူအခွင့်အရေးဆိုတာ ဒီလိုမျိုးလုပ်ဖို့ မျှော်လင့်ခဲ့တာလားလို့ စဉ်းစားစရာပါဘဲ။မြန်မာနိုင်ငံဆိုတာ ဘာသာပေါင်းစုံ ကိုးကွယ်လျက်ရှိတဲ့ လူဦးရေ သန်း ၆၀ ကျော်တို့ရဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ လူမျိုးစုအရ ကြည့်မယ်ဆိုရင်လဲ မတူကွဲပြားတဲ့ လူမျိုးစုပေါင်း (၁၅၀) ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီအထဲမှာ ဗုဒ္ဓဘာသာဝင်တွေ ဟာ လူများစုဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ ၈၉ ရာခိုင်နှုန်း ရှိပါတယ်။ အခုလက်မှတ် ရေးထိုးတယ်ဆိုတဲ့ (၄) သန်းဆိုတာ အားလုံး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြ တယ်ဆိုရင်တောင်၊ သူတို့ဟာ (၅၃) သန်းကျော်ရှိတဲ့ ဗုဒ္ဓဘာသာဝင် အားလုံးကို ကိုယ်စားပြု သလား ဆိုတာ မေးခွန်ထုတ်စရာ ဖြစ်လာပါတယ်။ ဒီလိုမျိုး မေးခွန်းထုတ်ရတဲ့ အကြောင်းက ဒီနေ့ (၄) သန်းက လက်မှတ် ရေးထိုးပြီး ဒီလို တောင်းဆိုလာတယ်၊ နောက်နေ့ နောက် (၁၀) ခန့်က လက်မှတ်ရေးထိုးပြီး နောက်တမျိုး တောင်းဆိုလာရင် ဘယ့်နှယ်လုပ်မလဲ။

မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ (၄) ရာခိုင်နှုန်းနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူ (၄) ရာခိုင်နှုန်းဆိုတော့ ပေါင်းလိုက်ရင် (ဂ) ရာခိုင်နှုန်းပါ။ လူဦးရေအရ ထွက်ကြည့်ရင် (၄.၈) သန်းဖြစ်ပါ တယ်။ ယခု ဥပဒေဟာ (၄) ခုဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အမျိုးစောင့် ဥပေဒေဆိုတော့ ဖော်ပြ ခဲ့တဲ့ (၄.၈) သန်း အပါအဝင် စုစုပေါင်း ဘာသာခြား (၆.၆) သန်း၊ ရာခိုင်နှုန်းအရ (၁၁) ရာခိုင်နှုန်း ပြည်သူတွေဟာ အမျိုးစောင့်ရှောက်မှုရဲ့ ပြင်ပရောက်သွားမယ်ဆိုတော့၊ သူတို့ဘဝ လုံခြုံမှုရော ရှိပါ့ မလား။

တဖန် အခုလို ဥပဒေမျိုးပြဋ္ဌာန်းမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဘာသာရေး ကိုးကွယ်မှုနဲ့ ပါတ်သက် ပြီး “လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်” ဆိုတာကို ဆန့်ကျင်ရာ မကျဘူလား။

မည်သူမဆို မိမိကြိုက်နှစ်သက်သည့် လွတ်လပ်စွာ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခွင့်ရှိသည် ဟူသည့် လူအခွင့်အရေးနှင့် နိုင်ငံသားတို့၏ မူလ ရပိုင်ခွင့်များကိုပါ ဆန့်ကျင်နေခြင်း ဖြစ်မနေဘူးလား။

အမျိုးထုဖက်က ကြည့်မည်ဆိုရင်လဲ ထိုတောင်းဆိုမှုဟာ ယင်းတို့ရဲ့ အခွင့်အရေးကို ချိုးဖောက်ရန် တောင်းဆိုမှုမျိုးနဲ့မတူ ဘူးလား။

အဆိုပါ ပြဋ္ဌာန်းစေလိုတဲ့ ဥပဒေ (၄) ရပ်ဟာ… (၁) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ (၂) လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ (၃) တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ (၄) လူဦးရေ တိုးပွားနှုန်း ထိန်းညှိ ခြင်းဆိုင်ရာ ဥပဒေတွေ ဖြစ်ပါတယ်။

ဒီနေရာမှာ ဥပဒေ နံပါတ် (၁) ဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေဆိုတာ… ဗုဒ္ဓဘာသာဝင်ကနေ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ဘာသာ သို့ကူးပြောင်းမယ့် သူတွေအတွက် ရည်ညွှန်း တာလား၊ ယင်းဘာသာတွေကနေ ဗုဒ္ဓဘာသာကို ပြောင်းမယ်ဆိုရင်ကော့ အကျိုး သက်ရောက်မှု ဘယ်လိုရှိမလဲ။

ဒုတိယ ဥပဒေတစ်ခုဖြစ်တဲ့ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ ပါတ်သက်လို့ ဗုဒ္ဓဘာသာ ထိမ်းမြားခြင်း ဥပဒေဆိုတာ ရှိပြီးသား ဆိုတော့၊ အခု ဥပဒေဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို အခြားဘာသာဝင်များက ထိမ်းမြားခြင်းကို ရည်စူးတာ ဖြစ်ပါတယ်။ တကယ်လို့ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမျိုးသမီးတစ်ဦးကို ဗုဒ္ဓဘာသာဝင် အမျိုးသား တစ်ဦးက လက်ထပ်လိုက်ရင် ထိုအမျိုးသားရဲ့ ရပိုင်ခွင့်များကိုလဲ အမျိုးသမီးက တာဝန်ခံရမှာလား။ ဒါမှမဟုတ် အဆိုပါအမျိူးသမီးရဲ့ ကိုယ်ပိုင် ရိုးရာဓလေ့သို့ ဘာသာရေး ပြဋ္ဌာန်းချက်ပါ လုပ်ထုံးအရ ဆုံးဖြတ်မှာလား။

နောက်ထပ် ဥပဒေ နှစ်ခုဖြစ်တဲ့ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ နှင့် လူဦးရေ တိုးပွါးနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေဟာ ဘာသာတရားနဲ့ သက်ဆိုင်မှု မရှိဘဲ အဘယ်ကြောင့် အမျိုးစောင့် ဥပဒေထဲတွင် ထည့်သွင်း ခဲ့ရသလဲ။ ဒီလို ဥပဒေမျိုးဟာ နိုင်ငံတစ်ခုရဲ့ စီးပွါးရေးကို အကြောင်းပြုပြီး နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ ပေါ်လစီဘဲ ဖြစ်ပါတယ်။ အခုဘုန်းကြီးတွေ တောင်းဆိုနေတဲ့ အမျိုးစောင့် ဥပဒေတွေထဲမှ ထိုကဲ့သို့ ဥပဒေမျိုး ပါလာတယ် ဆိုတော့ အစိုးရဘဲ ကြံရာများ ပါသလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ အမှန်ကတော့ အခုလို ဥပဒေမျိုး ချမှတ်ရေး အတွက် တိုင်းပြည်ရဲ့ စီးပွါးရေး အခြေအနေ ပေါ်မူတည်ပြီး အစိုးရက နိုင်ငံရေး ခေါင်းဆောင် များ၊ လူမျိုးစုဆိုင်ရာ ခေါင်းဆောင်များ၊ လူမှုရေး နယ်ပယ်မှ အထင်ကရ ပုဂ္ဂိုလ် အသီးသီး၊ ဒေသတွင်းမှ လူထု ခေါင်းဆောင်များ စတဲ့သူတွေကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ ပူးပေါင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

နအဖတဖြစ်လဲ နဝတအစိုးရ တက်လာ ကတည်းက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အပေါ် အခု ဥပဒေမျိုးကို ဒေသန္တရ၊ နုတ်အမိန့် တစ်ရပ်အဖြစ် ကျင့်သုံးလျက် ရှိပါတယ်။ အဲဒီလို ကျင့်သုံး နိုင်ဖို့အရေး လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်ကို ကန့်သတ် တားမြစ် ခဲ့သလို၊ သားသမီး နှစ်ဦးထက် ပိုမယူရ ဆိုတဲ့ အထိ ချုပ်ချယ်မှုတွေအထိ ရှိလာတယ်။ ထိုအချက်တွေဟာ ဒေသန္တရ အုပ်ချုပ်ရေးပါဟု ဆိုသော်လဲဘဲ၊ အစိုးရက လျှို့ဝှက်စွာ ညွှန်ကြားချက် များနှင့် အမိန့်စာများ ပေးခဲ့တာကို ဒေသခံ ရိုဟင်ဂျာ အတော် များများထံတွင် လက်ဝယ် ရှိသလို၊ တလောတုန်းက ထိုင်းနိုင်ငံမှာ Fortify Rights အဖွဲ့ကလည်း ဖော်ကောင် လုပ်သွားသေးတယ်။

အခုပြဋ္ဌာန်း ပေးပါဆိုတဲ့ ဥပဒေတွေဟာ ရခိုင်ပြည်နယ်မှာ နုတ်အားဖြင့် ကျင့်သုံးလျက် ရှိနေရာကနေ ယခု တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင် မဟုတ်သူများ အပေါ် ဆက်လက် ကျင့်သုံးနိုင်ရန် အစိုးရရဲ့ ကြိုးပမ်းမှု ဖြစ်ကြောင်း ယူဆနိုင်သလို၊ ရခိုင်ပြည်နယ်တွင် နုတ်အမိန့်အားဖြင့် ကျူးလွန်လျက်ရှိတဲ့ လူသား အမျိုးအနွယ်နှင့် ဆန့်ကျင်သည့် ပြစ်မှုများကို ပါလီမန် အဆုံးအဖြတ်အဖြစ် ဥပဒေစာအုပ်တွင် ပုံနှိပ်ကာ စစ်အာဏာရှင်များ လွှတ်ကိန်း ရှာနေခြင်းလဲ ဖြစ်နိုင်ပါတယ်။

ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း စစ်အာဏာရှင်တွေက ထောက်လှမ်းရေးတွေကို သင်္ကန်ဝတ် ခိုင်းပြီး ပြည်သူများဖက်က မားမားမတ်မတ် ရပ်တည်လျက်ရှိတဲ့ ဘုန်းတော်ကြီးတွေရဲ့ ကျစ်လစ်မှုကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းမှုများ တောက်လျှောက် လုပ်လာခဲ့ရာ၊ အဲဒီအထဲမှာ ဝိရသူကဲ့သို့ ကိုယ်ကျင့်တရား ပျက်ပြားနေသူတွေကို စည်းရုံးပြီး အဆမတန် မြှောက်စားလျက် ရှိပါတယ်။ အဲဒီနောက်မှာတော့ အစွန်းရောက် ၉၆၉ အဖွဲ့ကို ထူထောင်းခဲ့ပြီး၊ ဘုန်းကြီးတွေကို နိုင်ငံရေး ကစားစရာ ကရိယာ တန်ဆာပလာအဖြစ် အသုံးချ နေကြပါတယ်။

အခုအမျိုးစောင့် ဥပဒေထဲမှာ ဥပဒေ (၃) နဲ့ (၄) သာ ပါမလာရင် ဒီလုပ်ရပ်ဟာ အစိုးရ လုပ်နေတယ် ဆိုတာ သိဖို့တောင် ခက်လိမ့်မယ်။ လွန်ခဲ့တဲ့ တစ်ချိန်က ဗုဒ္ဓဘာသာပါဆိုပြီး DKB ကိုစည်းရုံးကာ KNU နဲ့ ခွဲထွက်စေခဲ့ပြီး ကရင်လူမျိုး အချင်းချင်း တိုက်ခိုင်းခဲ့၊ အညွှတ်တောင် ချိုးခဲ့ရတဲ့ အထိပါဘဲ။ မြန်မာနိုင်ငံမှာ ရှေ့ဆက်ပြီး ဘာသာရေး၊ လူမျိုးရေးကို နည်းမျိုးစုံ ဗန်းပြ တိုက်ခိုက်မယ် ဆိုရင်၊ ဗုဒ္ဓဘာသာဝင်တွေ ကလဲ ဒီအတိုင်း ကျေနပ်နေမယ် ဆိုရင် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ လူမျိုးတွေ အဖို့ နည်းလမ်း (၃) ခုဘဲ ကျန်တော့တယ်။

၁။ မြန်မာနိုင်ငံကို စွန့်ခွာပြီး ထွက်ခွာ သွားမလား၊ သို့မဟုတ်
၂။ မြန်မာနိုင်ငံထဲမှာဘဲ ဗုဒ္ဓဘာသာတွေရဲ့ လက်အောက်မှာ အသတ်ခံမလား၊ သို့မဟုတ်
၃။ မိမိ သာသနာ စွန့်လွှတ်ပြီး ဗုဒ္ဓဘာသာခံယူမလား …အဲဒါတွေဘဲ ဖြစ်ပါတယ်။

၁၉၅၀ တဝိုက် ဦးနု မဲဆွယ်တုန်းကလဲ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်မယ်ဆိုပြီး လုပ်လိုက် တော့ ဗုဒ္ဓဘာသာ မဟုတ်တဲ့ လူနည်းစုတွေ တိုက်ပွဲ ဝင်ခဲ့ရတယ်။ ဟိုတုန်းက လွတ်လပ်ရေး ရခါစဆိုတော့ စစ်တပ်တွေ အဲ့လောက် မခိုင်မာခဲ့လို့ မလုပ်လိုက်ရတဲ့ ဇာတ်လမ်း တစ်ပိုင်းတစ်စကို စစ်တပ် တောင်းတင့်အောင် လုပ်ယူတဲ့အထိ စောင့်မျှော်ပြီး အဲဒီ ကိစ္စကို ဆက်လက် အကောင်အတည် ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ယင်းတို့ ပြောနေကျ အတိုင်း တသွေးတသံတည်း ဖြစ်အောင်လုပ်ပြီးမှ ပြည်သူတွေကို ချမ်းသာခွင့်ပေးမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ ဒီနိုင်ငံရေး ကျားကွက်ထဲမှာ ဆန့်ကျင်ဖက် ရွှေ့မယ်ဆိုရင် အစားခံရလိမ့်မယ်။ ဝိရသူနဲ့ အပေါင်းအပါတွေ အခုကတည်းက ဒေါ်စုကို ဆန့်ကျင် တိုက်ခိုက် လာနေပြီ။

မနေ့ကစပြီး ရိုဟင်ဂျာများ တကိုယ်တည်း တိုးတိုးတိတ်တိတ် ခံစားလာကြတဲ့ ဗုဒ္ဓဘာသာ အစွန်းရောက်မှု ဒဏ်ကို မကြာခင် ဗုဒ္ဓဘာသာဝင် မဟုတ်သူ မြန်မာနိုင်ငံသားအားလုံး ခံစားရမယ့် နိမိတ် တရပ်အဖြစ် မြင်ယောင် လာမိ ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း သက်ရှိ ထင်ရှားစဉ်က ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ဖွဲ့စည်းပုံတွင် ထည့်သွင်းရန် ဆွေးနွေးခဲ့ဘူးတယ်။ ဗိုလ်ချုပ်က ခါးခါးသီးသီး ငြင်းဆန်ခဲ့တယ်။ မင်းတို့ လုပ်ချင်ရင် လုပ်၊ အဲဒီ နိုင်ငံရေးထဲမှာ ငါမပါဘူး…လို့ ပြောခဲ့တယ်။ ဒီအကြံအစည်ဟာ ဗိုလ်ချုပ်ကြောင့် ထိုခေတ်တုန်းက မအောင်မြင်ခဲ့ဟု ပြောရင် တောင်၊ ထိုခေတ်ကတည်းက ဗမာနိုင်ငံရေးသမား အတော်များများရဲ့ စိတ်ဓါတ်အတွင်း ကိန်းအောင့်နေတဲ့ အချက်ဖြစ်ပါတယ်။

ယနေ့ ဗုဒ္ဓဘာသာ မဟုတ်တဲ့ လူနည်းစုတွေ ဒီမျိုးစောင့် ဥပဒေကို ဆန့်ကျင်နေကြတယ် ဆိုရင် ဗိုလ်ချုပ်ကို လေးစားတဲ့၊ ဗိုလ်ချုပ်ကို ချစ်ခင်မြတ်နိုးတဲ့ မျိုးချစ်ဗမာများနှင့် ဗုဒ္ဓဘာသာဝင်များ နားလည်း ပေးလိမ့် မယ်လို့ ယုံကြည်ပါတယ်။