ကိုအောင်တင်

ဇွန်လ(၂)ရက် ၂၀၁၃ခု မနက်ပိုင်း RFAမှာ ရိုဟင်ဂျာလူဦးရေ ထိန်းချုပ်ရေးကိစ္စကို ကနေဒါက ဒေါက်တာခင်စောဝင်းနဲ့ အမေရိကက ကိုအောင်မိုးဝင်းတို့ ထောက်ခံ ဆွေးနွေးသွားတာကို စိတ်မသက်မသာ နားထောင်ရတယ်။ အဲဒီမတိုင်ခင်ကလည်း ဒေါက်တာခင်စောဝင်းရဲ့ ထောက်ခံဆွေးနွေးချက်ကို RFAက အကြိမ်ကြိမ် ထုတ်လွှင့်ခဲ့ပါတယ်။

ဒေါ်ခင်စောဝင်းက အများရဲ့အခွင့်အရေးကို ကာကွယ်ဖို့ အနည်းရဲ့ အခွင့်အရေးကို ချိုးဖောက်နိုင်တယ်ဆိုပြီး အများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်တားမြစ်ခြင်းကို ဥပမာပေး ထောက်ပြသွားခဲ့တယ်။ ဆေးလိပ်သောက်ခြင်းဆိုတာ ဗိုလ်ချုပ်အောင်ဆန်း လွန်ခဲ့သောနှစ်(၆၀)ကျော်က ထောက်ပြခဲ့တဲ့ လမ်းပေါ်မှာ ဆေးရိုးလှမ်းတဲ့ လူ့အခွင့်အရေးမျိုးဖြစ်ပြီး လူသားတွေရဲ့ မူလဘူတ အခြေခံအခွင့်အရေးဖြစ်တဲ့ လူသား မျိုးဆက်ပြန့်ပွါးပိုင်ခွင့်နဲ့ မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်ကောင်းတဲ့အရာ ဖြစ်တယ်ဆိုတာကို လူ့အခွင့်အရေးနဲ့ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ဆရာမကြီးက မေ့လျော့သွားဟန်တူပါတယ်။ ရှိစေတော့။ကိုအောင်မိုးဝင်းက သူဟာ အရှေ့အလယ်ပိုင်း၊ အမေရိကန် နိုင်ငံခြားရေး မူဝါဒတွေကို အထူးပြု လေ့လာသူ ဖြစ်တဲ့အတွက် ရုရှားအကြောင်းကို မရှိမဖြစ် လေ့လာရပါတယ်တဲ့။ ဆိုဗီယက်အင်ပါယာပြိုကွဲရတာ ချက်ချနီးယား(မွတ်စလင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ)က လူဦးရေ များပြားလာခြင်းကလည်း တစ်ကြောင်း ပါတယ်တဲ့။ ရင်သတ်ရှုမော အံ့သြဘွယ်ရာ သုံးသပ်ချက်ဖြစ်ပါတယ်။ ဆင်ဖြတ်လို့ တံတားကြီး တုန်သွားတဲ့အခါ ဆင်နားရွက်ထဲက မွှားကောင်ရဲ့ အလေးချိန်ကလည်း သက်ရောက်မှုရှိပါတယ်ဆိုတဲ့ ပြင်ညာရှိကြီးပေဘဲ။ မြန်မာတစ်နိုင်ငံလုံး မွတ်စလင် မုန်းတီးရေး လှုံ့ဆော်မှုတွေ၊ မွတ်စလင်တွေကို တိုက်ခိုက်မှုတွေ ပြင်းထန်နေချိန်မှာ ဆိုင်ဆိုင် မဆိုင်ဆိုင် ရတဲ့အပေါက်က မွတ်စလင်မုန်းတီးရေး တုတ်ထဲ့လိုက်မဟေ့ဆိုတဲ့ စိတ်စေတနာဆိုးက တံတားပေါ် ဆင်သွားသလို ထင်ရှားလှတယ်။ ရှိစေတော့။

နိုင်ငံတကာ အတွေ့အကြုံတွေ များပြားလှပါတယ်ဆိုတဲ့ ဒေါက်တာယဉ်ယဉ်နွယ်ကလည်း (သူ့ရဲ့ ကြည်ညိုစရာ ကောင်းတဲ့ မျက်နှာဟန်ပေးတွေနဲ့) ခေတ်နောက်ကျနေတဲ့ တနည်းအားဖြင့်ဆိုရင် အစွန်းရောက်နေတဲ့ မွတ်စလင်ဘာသာရေး ဆရာတွေက သားသမီးကန့်သတ်ရေးကို ရခိုင်ပြည်မှာ ကန့်ကွက်ဟန့်တားနေသတဲ့။ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးဖြစ်တဲ့အပြင် ဒေါက်တာဘွဲ့ရ ပညာတတ်အကျော်အမော်တွေ ထောင်သောင်း သိန်းချီအောင် ရှိနေနိုင်တဲ့ ကက်သိုလစ်ဂိုဏ်းဝင်တွေကလည်း လူသိ၊ ကမ္ဘာသိ ယနေ့တိုင်အောင် သားသမီး တားဆီးခြင်းကို ခါးခါးသီးဆန့်ကျင်နေကြဆဲဖြစ်တာကို ကျနော်တို့ရဲ့ ဒေါက်တာမကြီးက သိဟန်မတူဘူး။
အဲဒီကက်သိုလစ်တွေကို ပညာမတတ်ဘူး။ အစွန်းရောက်နေတယ်လို့ ဆရာမကြီး ပြောရဲသလားဆိုတာကို သိချင်မိတယ်။ ကက်သိုလစ်ဘာသာကြီးစိုးတဲ့ နိုင်ငံအချို့မှာ သားသမီးကန့်သတ်ခြင်းကို လက်မခံကြပေမဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်အပါအဝင် မွတ်စလင်နိုင်ငံတွေမှာ သားသမီးကန့်သတ်ခြင်းကို ကျင့်သုံးနေကြတယ် ဆိုတာကိုလည်း ပညာရှင်ဆရာမကြီးက မေ့ချင်ယောင် ဆောင်နေပြန်တယ်။ သူ့မစ်ရှင်(Mission)က မီးငြိမ်းတဲ့ မစ်ရှင် မဟုတ်ဘူး။ ဓါတ်ဆီလောင်းတဲ့ မစ်ရှင်ဖြစ်ဟန်တူတယ်။ ရှိစေတော့။ ရှိစေတော့တွေ များလာရင်တော့ ကိစ္စရှိလာနိုင်ပါတယ်။

ဒီနေ့ ဦးသိန်းစိန်အစိုးးရရဲ့ လူဦးရေထိန်းချုပ်ခြင်းကို ဒေါ်အောင်ဆန်းစုကြည်၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနှင့် ကုသသမဂ္ဂက ကန့်ကွက်နေတာလား။ ထိန်းချုပ်တဲ့နည်းစနစ်၊ ပုံသဏ္ဍာန်ကို ကန့်ကွက်နေတာလားဆိုတဲ့ အင်မတန်အခရာကျတဲ့ မေးခွန်းကြီးကို RFAမှာ ဆွေးနွေးသူ ပညာရှင်နှစ်ယောက်ကော၊ သတင်းမေးသူ ဦးခင်မောင်ငြိမ်းတို့သာကမ မြန်မာပြည်သူ အများအပြားက နားလည်သဘောပေါက်ဟန် မတူကြတာက ဝမ်းနည်းစရာပါ။

ကမ္ဘာကြီးမှာ လူဦးရေ ပေါက်ကွဲမှု များပြားနေပြီး အစာရေစာနဲ့ သဘာဝပတ်ဝန်းကျင် ပျက်ဆီးဆုံးရှုံးမှုတွေ များပြားနေလို့ ကုလသမဂ္ဂကိုယ်တိုင်က ငွေကုန်ကြေးကျခံ၊ အဖွဲ့အစည်းတွေဖွဲ့၊ ပညာရှင်တွေအကူအညီနဲ့ လူဦးရေ ထိန်းချုပ်ရေး ကူညီလုပ်ဆောင်ပေးနေတာကို မမြင်ကြဘူးလား။ အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒက်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးလောက်လိုလို (လူဦးရေတိုးနှုံး အနှုတ်ပြနေတဲ့ စီးပွားတိုးတက်သော နိုင်ငံအနည်းငယ် ကလွဲလို့)က လူဦးရေ ထိန်းချုပ်ခြင်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေကြတာကို မတွေ့ကြဘူးလား။ ဆင်းရဲပြီး သားသမီးများရင် ခလေးကော၊ မိခင်သာ ထိခိုက်ရုံမက လူ့အဖွဲ့အစည်းကိုပါ ဝန်ထုပ်ဝန်ပိုးဖြစ်နေလို့ လူဦးရေ ထိန်းချုပ်ခြင်း (Family Planning)ကို လူ့အခွင့်အရေးအဖွဲ့အစည်း၊ ကျန်းမာရေးအဖွဲ့အစည်း အားလုံးလိုလို ထောက်ခံကူညီနေကြတာကို ဒီပညာရှင်ကြီးများ မသိကြဘူးလား။

ဦးသိန်းစိန်ကို ထောက်ခံချင်ဇောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့် ကန့်ကွက်ရသလဲဆိုတာကို မစဉ်းစားနိုင်ကြဘူးဆိုရင်တော့ ကျနော်တို့နိုင်ငံ ဒီမိုကရေစီ ခရီးလမ်းက ကြမ်းနေအုံးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂတို့က ရိုဟင်ဂျာတွေကို ခလေးနှစ်ယောက်ထက် ပိုမယူရဆိုတဲ့အမိန့်ကို ကန့်ကွက်ရခြင်းက အမိန့်အာဏာနဲ့ လုပ်လို့ ဖြစ်တယ်။ အမိန့်အာဏာနဲ့ လုပ်ရင် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်။ ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု မဖြစ်အောင် စည်းရုံးခြင်း၊ ပညာပေးခြင်း၊ အထောက်အကူပေးခြင်းအားဖြင့်သာ လုပ်ကြဖို့ လိုပါတယ်။
ရိုဟင်ဂျာတွေ ဆင်းရဲတယ်။ ဆင်းရဲမှာပေါ့။ ဆင်းရဲအောင် အလုပ်ခံထားရတာကိုး။ သူတို့ထွက်ကုန်တွေ သူတို့ လွတ်လပ်စွာ ရောင်းဝယ်ခွင့် မရှိဘူး။ လွတ်လပ်စွာ ခရီးသွား ကုန်သွယ်ခွင့် မရှိဘူး။ အစိုးရကလည်း ဘာအထောက်အကူ (Infrastructures)မှ မလုပ်ပေးဘူး။ ဒီကြားထဲ သူတို့လယ်တွေ၊ ကျွဲနွားတွေကိုလည်း မကြာခဏ အဓမ္မ အသိမ်းခံကြရတယ်။ အသစ်နေရာချပေးတဲ့ နတလရွာသားတွေအတွက် သူတို့ လယ်၊ သူတို့ နွားကို ပေးရတယ်။ အလုပ်ခွင်မှာလည်း ပေါ်တာအဆွဲခံရတယ်။

ရိုဟင်ဂျာတွေဟာ ပညာမတတ်ဘူး။ ဘာကြောင့်လဲ။ ကျောင်းအင်မတန် နည်းတယ်။ ဘာသာစကား ကျွမ်းကျင်တဲ့ ရိုဟင်ဂျာဆရာ မခန့်ဘူး။ ရခိုင်ဆရာတွေကို အများဆုံး ခန့်တယ်။ ဆရာအများစုကြီးက အိမ်မှာနေပြီး လခထိုင်ထုတ်၊ ကျောင်းမလာ။ စေတနာနည်း။

ရိုဟင်ဂျာတွေမှာ ပညာတတ်ရှားတယ်။ နည်းနည်းပါးပါး စာသင်နိုင်သူတွေ ဆယ်တန်းအောင်ရင် တက္ကသိုလ် တက်ခွင့်ရရေးက အိုင်ယာလန်ထီပေါက်တာထက် ပိုခက်ခဲတယ်။ ပညာတတ်တွေ မဖြစ်လာအောင် စနစ်တကျ ပိတ်ဆို့ထားတာ ၁၉၈၂ နိုင်ငံသားဥပဒေ ပြဌာန်းပြီး နောက်ပိုင်းကတည်းကဘဲ။

ရိုဟင်ဂျာတွေ လူဦးရေများတယ်ပြောတယ်။ လွန်ခဲ့သော ဘယ်နှစ်ခုနှစ်က လူဦးရေ ဘယ်လောက်ရှိခဲ့ပြီး အခုဘယ်လောက်ရှိလာလို့ လူဦးရေတိုးနှုံး ဘယ်လောက်မြင့်တက်လာပါတယ်လို့ ကိန်းဂဏန်းနဲ့ မချပြဘဲ ဘယ်လိုလုပ် လူဦးရေများတယ် ပြောနိုင်ကြတာလဲ။ ဘာအထောက်အထားနဲ့ ပြောနေတာလဲ။

ရိုဟင်ဂျာတွေကို ခွင့်ပြုချက်ရမှ လက်ထပ်ရမယ်။ ခလေးနှစ်ယောက်ထက် ပိုမယူရဘူးဆိုတာ နှစ်နှစ်ဆယ် ကျော်နေပြီ။ ဘယ်လိုလုပ်ပြီး လူဦးရေ များတယ် ပြောနိုင်ရတာလဲ။

မိသားတစ်စုမှာ ၅၀ – ၆၀ လောက်ရှိတယ်။ ဟုတ်လား။ ခင်ဗျားတို့ကို အဖိုး အဖွား၊ အမိ အဘ၊ သား သမီး၊ မြေးမြစ်အထိအောင် အိမ်ထောင်စုစာရင်း တစ်ခုဘဲ လုပ်ပေးထားရင် ခင်ဗျားတို့လည်း ၅၀ – ၆၀ မဖြစ်သွားနိုင်ဘူးလား။

အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဌာနဆိုင်ရာမှာ ရိုဟင်ဂျာကို အလုပ်မခန့်တော့ဘူး။ အနှိမ်ခံ အဖိခံ လုပ်ထားတယ်။ ဒီလူမျိုးမှ မနိမ့်ကျရင် ဘယ်လူမျိုး နိမ့်ကျအုံးမှာလဲ။ ဒီလိုလူမျိုးမှ ခေတ်နောက်မကျရင် ဘယ်လူမျိုး ခေတ်နောက်ကျအုံးမှာလဲ။ သူတို့ကို လွတ်မြောက်အောက် အကူအညီပေးမှာလား။ ပိုဆိုးအောင် ပိုဖိနှိပ်မှာလား။
ဒါကြောင့် ပထမအဆင့်အနေနဲ့ ရိုဟင်ဂျာတွေမှာ တစ်ကယ်ဘဲ လူဦးရေး တိုးပွါးမှုနှုံး မြင့်နေသလား။

အခြားမြန်မာနိုင်ငံသားတွေမှာကော လူဦးရေ တိုးပွါးနှုံးမြင့်နေသလား။ လူဦးရေတိုးနှုံးများနေတာမှန်ရင်၊ မိသားစု စီမံကိန်းလုပ်ဖို့ လိုအပ်တာမှန်ရင် သက်ဆိုင်ရာ ပညာရှင်တွေ၊ လူ့အဖွဲ့အစည်းတွေရဲ့ ထင်သာမြင်သာသော ထောက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရယူပြီးမှ သားသမီး ဦးရေကို ထိန်းချုပ်တဲ့ မိသားစုစီမံကိန်း (Family Planning)ကို လုပ်ရမှာဖြစ်တယ်။ သို့သော် အမိန့်အာဏာနဲ့ လုပ်လို့ မရပါဘူး။ အမိန့်အာဏာနဲ့ ခိုင်းရင် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပါတယ်။ လုပ်ချင်ရင် ရိုဟင်ဂျာတွေကို စည်းရုံးပါ။ ပညာပေးပါ။ ရိုဟင်ဂျာ လူထုခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပါ။ ဒီနည်းဘဲ ရှိပါတယ်။

လက်ပံတောင်းတောင် စီမံကိန်း အစီရင်ခံစာနှင့် ရခိုင်ပဋိပက္ခစုံစမ်းရေး ကော်မရှင် အစီရင်ခံစာထဲက သပြေသီးကောက်သလို ကိုယ်ကြိုက်တာရွေးပြီး အကောင်အထည်ဖေါ်နေတာတွေ၊ ကိုယ်မကြိုက်တာတွေကို မသိချင်ယောင်ဆောင်နေတာတွေက သိပ်သိသာလွန်းနေပါပြီ။ ဦးသိန်းစိန်အစိုးရအနေနဲ့ ရှက်တတ်ဖို့ လိုပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာက ရိုဟင်ဂျာတွေရဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို လိုချင်တယ်ဆိုရင် သူတို့ကို လူလိုမြင်ကြပါ။ လူလိုဆက်ဆံကြပါ။ လူလို လေးစားပြပါ။ လူလို လူလို မမြင်ရင် လူသားအဖြစ်မှ တစ်ကယ်တန်း ဆုံးရှုံးသွားသူက ဘယ်သူတွေလဲဆိုတာကို သိပါ။