အတည်ပြုချက် မရသေးသော နေပြည်တော် လူဝင်မှုကြီးကြပ်ရေး(လဝက)နှင့် အဆက်အသွယ်ရှိသော ပုဂ္ဂိုလ် တစ်ဦး ထံမှ ကြားလိုက်ရသည်မှာ ၂၀၁၄ ခုနှစ် မတ်လတွင် ကောက်ခံခဲ့သော သန်းခေါင်စာရင်းအရ ကောက်ယူ ခဲ့သော လူမျိုးနွယ်ပေါင်းမှာ ၈၃၀ ကျော်နေခြင်းသည် အံ့ဩဖွယ်ရာ ဖြစ်ခဲ့သည်။
ထိုလူမျိုးနွယ်စုစုပေါင်း ၈၃၀ – ကျော်သည် မိုးပေါ်မှ ဥံဖွကျလာသူများမဟုတ်သည်မှာ သေချာသည်။ မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်နေကြသူများ ဖြစ်ကြသည်။“မြန်မာနိုင်ငံတွင် ကမ္ဘာ့အံ့ဖွယ် မြန်မာနိုင်ငံသား ဥပဒေတစ်ခုရှိပါသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) တစ်ပါတီ အာဏာရှင် ဦးနေဝင်း၏ ကြီးကြပ်လမ်းညွှန်မှု့အောက်တွင် ဥပဒေအကြံပေး လူယုံတော်၊ ဒေါက်တာမောင်မောင် ဦးဆောင်ကာ မဆလပါတီမှ ရွေးချယ် ထားသော ပုဂ္ဂိုလ် ၄၅ ဦးခန့်ဖြင့် “ကုလားမုန်း၊ တရုတ်မုန်း” မူကို ဦးတည်ကာ ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေကို ရေးဆွဲခဲ့ကြောင်း” အမေရိကန်ဥပဒေ ပညာရှင် ဒေါက်တာ လော့ရင့်စ်ဗက်ကာက New York Times သတင်းစာကြီးတွင် ရေးသားဖော်ပြခဲ့ ဖူးကြောင်း စာရေးသူ မှတ်သားဖူးပါသည်။
ထို ၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေတွင် ဥပဒေပုဒ်မပေါင်း ၇၆ ခု ရှိပါသည်။ ထို ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေကို ရေးဆွဲခဲ့သော မဆလအစိုးရသည် ၁၉၈၈ ခု ဩဂုတ်လ ၈ရက် ၈-၈-၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို တရားဝင်ဖျက်သိမ်းခဲ့ရသည်။ ၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက်တွင် စတင်အာဏာရလာသော စစ်အစိုးရများ (နဝတ၊ နအဖ)နှင့် ဦးသိန်းစိန်အစိုးရ တို့သည် ၁၉၈၂ ခု ထိုမြန်မာနိုင်ငံသားဥပဒေကို ဦးထိပ် ပန်ဆင်ကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ထိုအပြင် လူဝင်မှု့ကြီးကြပ်ရေး ဝန်ကြီးဆိုသူများ၏ အမိန့်ညွန်ကြား ချက်များ ပါးစပ်မိန့်များကိုပါ “ဥပဒေ၊ နည်းဥပဒေများ သဖွယ်၊ လမ်းညွှန်ခြင်း၊ ကျင့်သုံးစေခြင်းတို့ ကြောင့် ဗုဒ္ဓဘာသာဝင်များသာမက၊ အခြားဘာသာဝင်များသည် လည်း လူဝင်မှု့ကြီးကြပ် ရေး(လဝက)ရုံးသို့ သွားရောက်ကာ မွေးတိုးသန်းခေါင်စာရင်းများပြုလုပ်ခြင်း၊ မှတ်ပုံတင်ပျောက်ပျက်ပြုလုပ်ခြင်း၊ မှတ်ပုံအသစ်လျှောက်ထားခြင်း ကိစ္စရပ်များကို ဆောင်ရွက်ရာတွင်၊ အခက်အခဲ၊ အကျပ်အတည်းပေါင်းစုံ၊ စိတ်ဒုက္ခ ပေါင်းစုံ ခံစားကြရုံသာမက၊ ငွေကုန်ကြေးကျ များ တန်ဘိုးရှိ အချိန်များ မလိုအပ်ပဲ၊ ကုန်ကျနေသည်မှာ NLD အရပ်သား အစိုးရခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် တိုင်ပင် ဖြစ်သည်။”
ထူးဆန်းသည်မှာ ၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေတွင် မြန်မာနိုင်ငံ၌ တိုင်းရင်းသား ၁၃၅ မျိုး သာရှိခြင်း၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူများနှင့် ထိုတိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သော လူမျိုးများကို “သွေးနှော” ဟုခေါ်သော အသုံးအနှုန်းမျိုးကို ထို “၈၂” နိုင်ငံသားဥပဒေ၏ မည်သည့်နေရာတွင်မျှ မတွေ့ရခြင်း ပင်ဖြစ်သည်။
သို့သော် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လဝက) သည် တိုင်းရင်းသား ၁၃၅ မျိုးနှင့် “သွေးနှော” ဟူသော အသုံးအနှုန်း တို့ကို လက်နက်သဖွယ် အသုံးချကာ ထိုတိုင်းရင်းသား ၁၃၅ မျိုးထဲတွင် မပါဝင်သောလူမျိုးများက “သွေးနှော”ဟူ၍ ခွဲခြားဆက်ဆံခြင်း၊ တိုင်းရင်းသား ၁၃၅ မျိုးနွယ်ဝင် ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင် မဟုတ်သူများ ကိုလည်း ဗမာ-ကချင်၊ ဗမာ-ရှမ်း၊ ဗမာ-မွန်၊ ဗမာ-ကရင်စသည်ဖြင့် လူမျိုးအမည်ပေါင်းထည့်ပေးခြင်း၊ စသည်တို့ကြောင့် စက်တင်ဘာ၂၁ ရက် နေပြည်တော်၊ ပြည်သူ့လွှတ်တော်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ ခင်မောင် မောင် က “လူဝင်မှု ကြီးကြပ်ရေးရုံး တွင် နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထား ရာတွင်၊ အချိန်ကြန့် ကြာမှု့များ ရှိနေခြင်းနှင့် ဝန်ထမ်းအချို့၏လာဘ်စားမှုများ ရှိနေခြင်း အပေါ့် ပြည်သူ တွေက “လဝက” ရုံးကို ရွံကြောက် ဖြစ်နေကြပြီ။ မသွားရင်လည်း၊ မဖြစ်ဘူး သွားရင် လည်း၊ ပိုက်ဆံပေးရတယ်။ မှတ်ပုံတင်ရှိပြီး သား၊ နိုင်ငံသား မိဘနှစ်ဦးက မွေးဖွားလာသည့် သား၊ သမီးများသည် ဥပဒေ အရ၊ အလိုအလျောက် နိုင်ငံသားဖြစ် ရမည် ဖြစ်သော်လည်း မှတ်ပုံတင် သွားလျှောက်သည့်အခါ “လဝက”ရုံးက “သွေးနှော” ပြန်လည် စိစစ်သည် ဆိုသည့်အကြောင်းပြချက်ဖြင့် ကြန့်ကြာနေခြင်းကြောင့် ဝန်ကြီးဌာနက သွေးနှောပြန်လည် စိစစ်ရန် ညွှန်ကြား ထားခြင်း ရှိ၊ မရှိ ” လွှတ်တော်တွင် မေးမြန်းခဲ့ပါသည်။
ထိုသို့မေးမြန်းရာတွင် အထောက်အထား တစ်ခုအနေဖြင့် ၁၄/၀ခမ(နိုင်)————ကိုင်ဆောင်ထားသည့် မိဘနှစ်ဦး၏ သားသမီး သုံးဦးအနက်၊ အငယ်ဆုံး သမီးဖြစ်သူက မှတ်ပုံတင်လျှောက်ထားရာတွင် လဝကရုံးက “သွေးနှော” ပြန်လည်စိစစ် ရမည် ဟူသည့် အကြောင်းပြချက်ဖြင့် အချိန်ခြောက်လကြာချိန် အထိ မှတ်ပုံတင်ထုတ် မပေးကြောင်း၊ သမီးအလတ် ဖြစ်သူ မှာ မှတ်ပုံတင်တွင်လက်မှတ် ထိုးပေးသည့် ဦးစီးမှူးကို ငွေတစ်သိန်းပေးပြီး မှတ်ပုံတင် လုပ်ခဲ့ ရကြောင်း၊ ၎င်း၏ မဲဆန္ဒနယ်အတွင်းရှိ မိသားစုတစ်စု၏ အခြေအနေကို ဥပမာပေးပြီး လွှတ်တော်တွင် မေးမြန်း ခဲ့ပေသည်။ ထို့အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးက “ရှေ့က၊ လူတွေလည်း၊ ထုတ် ပေးပြီးပြီ။ အငယ်ကျမှ အခုလို၊ ထပ်လုပ်တယ်။ ဒါဟာ၊ ပုဂ္ဂိုလ်တစ်ယောက်ထဲကို၊ ကျွန်တော် ဦးတည်ပြီး ပြောတာမဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးတွေ၊ ကျွန်တော်တို့ကို တိုင်ထားတာ၊ တိုင်စာ (၃၀)လောက်ရှိပြီ” ဟုလည်း၊ ထပ်ဆင့်မေးမြန်း စဉ်ပြောဆိုခဲ့ပါသည်။
ဒေါက်တာခင်မောင်မောင်၏ မေးမြန်းချက်အပေါ် အလုပ်သမား လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဆွေက “မှတ်ပုံတင်ပြုလုပ်ရာတွင် “သွေးနှော” ဖြစ်သဖြင့် ပြန်လည်စိစစ်ရန်၊ ညွှန်ကြားထားကြောင်း၊ မိဘနှစ်ပါးအား ထုတ်ပေးထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများဟာ၊ ဥပဒေနှင့်အညီ ထုတ်ပေးထားခြင်းရှိ၊ မရှိ အထောက်အထားများနှင့် စိစစ်ပြီးမှသာ ထုတ်ပေးနိုင်မှာ ဖြစ် ပါကြောင်း” ဦးသိန်းဆွေက ဖြေကြားခဲ့ပါသည်။
ထို့ကြောင့်လည်း ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးဝင်းမြင့်က လဝကဝန်ကြီးအား ထောက်ပြ ပြောဆိုခဲ့ သည်မှာ “မှတ်ပုံတင်ရှိပြီးသား၊ မိဘနှစ်ဦး၏သား၊ သမီးများကို သွေးနှောစိစစ်ရန်ညွှန်ကြား ထားခြင်း သည် လဝက ဝန်ထမ်းများအတွက် အဂတိလိုက်စားရန် အခွင့်အလမ်း တစ်ခုဖြစ်နေကြောင်း”၊ “အောက်ခြေမှာ စိတ်နေ စိတ်ထား၊ မပြောင်းချင်တဲ့သူအချို့က အဲဒါကို အခွင့်အရေးတစ်ရပ်လိုယူပြီး အသုံးချနေတော့ ပြည်သူ လူထုက ဒုက္ခရောက်တယ်။ ပြဿနာဖြစ်တယ်။ ဒါကြောင့် သေသေချာချာ ပြန်လည်စိစစ်ပေးပါ။ ညွှန်ကြားချက် ကို အသုံးချပြီး လုပ်နေတာတွေရှိတယ်လို့၊ ဝန်ကြီးဌာနကို အသိပေးပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဌကြီးက လဝကဝန်ကြီးအား မှတ်ချက်ပြု ပြောကြားခဲ့သည် မှာ ပညာရှိပီသလှပေသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအပေါ် အခြေခံ၍ လူဝင်မှုကြီးကြပ်ရေး(လဝက)မှ ထုတ် ပေးနေသော မှတ်ပုံတင်ကဒ် အမျိုးအစား ၃ မျိုးရှိပါသည်။ (၁) တိုင်းရင်းသား၊ နိုင်ငံသားများကိုထုတ်ပေးသော ပန်းရောင်နိုင်ငံ သား စိစစ်ရေးကဒ် (၂) နိုင်ငံသား(ပြု) အစိမ်းရောင်ကဒ် (၃) ဧည့်နိုင်ငံသား (အပြာရောင်) ကဒ် တို့ပင်ဖြစ် ပါသည်။
မြန်မာနိုင်ငံတွင် “လဝက”ဌာနသည် ၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေအရ မှတ်ပုံတင်ထုတ် ပေးနေခြင်းဖြစ် သည် ဟု စာရေးသူ လုံးဝမထင်ပါ။ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအနေဖြင့် လဝကဝန်ကြီးအား သိစေလိုသည်မှာ စာရေးသူ ၏ မိဘနှစ်ပါးစလုံးသည် နိုင်ငံသားစိစစ်ရေးပန်းရောင်ကဒ်ကို ၁၉၉၀ ခုတွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း တွင် ရရှိခဲ့သောအခါ စာရေးသူပါ၊ တပါတည်းရရှိခဲ့ပါသည်။ စာရေးသူ၏ဇနီးသည်လည်း မိုးကုတ်မြို့နယ်မှ နိုင်ကဒ်ပန်းရောင်ကို ရရှိထားသူဖြစ်ပါသည်။ သားသမီး ၂ ဦးအတွက် အသက် ၁၀ ပြည့်၊ ၁၂ ပြည့် နိုင်ငံသားစိစစ်ရေးကဒ်လျှောက်ရန် သင်္ဃန်းကျွန်းမြို့နယ် လဝကဌာနမှ ဖောင်တစ်စုံလျှင် ၁၅၀၀ ကျပ်ပေးဝယ် ကာ ဖြည့်စွက်ခဲ့ပါသည်။ လဝကမှတောင်းဆိုသော စာရေးသူနှင့်ဇနီးတို့၏ အထောက် အထားများ၊ စာရေးသူ၏မိဘနှစ်ပါးနှင့် ဇနီးသည်၏မိဘနှစ်ပါးတို့နှင့်ပတ်သက် ဆက်နွယ်သော အထောက် အထားစာရွက် စာတမ်းအစုံအလျှင်ကို လဝကရုံးသို့ပေးပို့ လျှောက်ထားခဲ့သည်မှာတစ်နှစ်ခွဲကြာခဲ့ပါပြီ။ ယခုအချိန်ထိ စိစစ်နေဆဲဖြစ်မည်ဟု နားလည်ပေးလိုက်ပါသည်။ လာဘ်ပေး၊ လာဘ်ယူ တစ်ပြားမှ မပေးခြင်း၏ ဆိုးကျိုးဖြစ်နိုင်ပါသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် နိုင်ငံသားစိစစ်ရေးကဒ် (ပန်းရောင်)ကို ၂၃-၄-၂၀၁၅ မှရရှိခဲ့သည်ကို တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ဖြစ်ပါသည်။ “လူကို ခင်လျှင်မူကို ပြင်ပါသည်။ လူကို မုန်းလျှင် မူကိုသုံးသည့်စနစ်” ဌာနဆိုင်ရာများတွင် ယနေ့တိုင် အမှန်တကယ်ကျင့်သုံးနေပါသည်။ အစိုးရသာပြောင်းခဲ့ပါသည်။ မူမပြောင်းပါ။ မြန်မာနိုင် ငံကြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်ရန်၊ မြေပေါ်မြေအောက်၊ ရေပေါ်၊ ရေအောက် သယံဇာတများကိုပဲ အားကိုး၊ အားထားမပြုသင့်ပေ။ ထိုတွင်းထွက် သယံဇာတ များသည် အချိန် အတိုင်းအတာတစ်ခုတွင် ကုန်ခမ်း၊ ပျောက်ပျက်သွားမည်ဖြစ်သည်။ ထို့ကြောင့် နယ်ပယ် အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ ဒုနဲ့ဒေးလိုအပ်လျက်ရှိနေသည်။ ၁၉၆၂ ခု မတ်လ ၂ ရက်နေ့ အာဏာ သိမ်း စစ်အစိုးရများ၊ အုပ်ချုပ်မှု့သက်တမ်း တစ်လျောက်၊ ဖိနှပ်မှု့အမျိုးမျိုးကြောင့် ပြည်ပတွင်နိုင်ငံစွန့်ကာ၊ ထာဝရ အခြေချခဲ့သည့် မြန်မာနိုင်ငံသား အဖိုးတန် လူသားအရင်းအမြစ် ရတနာများရှိနေပါသည်။ ထိုအသိပညာရှင်၊ အတက်ပညာရှင်၊ Resourced persons အဖိုးတန်ရတနာများကို အမိမြန်မာနိုင်ငံတော် ကြီး အတွက်၊ အလှဆင်မြန်းရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်၊ အမေရိကန်ခရီး တစ်လျှောက် ပြည်တော်ပြန်လာရန် ဖိတ်ခေါ်နေပါသည်။ သို့သော် ၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေက လက်တွေ့ တွင် မဟာတံတိုင်းတစ်ခုအနေနဲ့ အဟန့် အတားကြီးတစ်ခု ဖြစ်နေ ပါသည်။
မြန်မာနိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း၊ တိုင်းရင်းသားဖြစ်ခြင်း၊ မဖြစ်ခြင်းတို့ကို စိစစ်ဆုံးဖြတ်ရာတွင် (၁) ရုပ်ရည် ရူပါသွင်ပြင်ကို ကြည့်၍လည်းကောင်း (၂) ဘာသာတရားယုံကြည်မှု့ကိုကြည့်၍လည်းကောင်း (၃) အာဏာပါဝါကိုကြည့်၍ လည်းကောင်း (၄) ကာယံကံရှင်၏ မျိုးရိုးအမည်၊ မိခင်၊ ဖခင်၊ အဖိုး၊ အဖွားတို့၏ မျိုးရိုးအမည်တစ်ခုခုကို ကြည့်၍လည်းကောင်း၊ မဆုံးဖြတ်နိုင်ပါ။ မသတ်မှတ်နိုင်ပါ။ ပြည်သူလူထု၏အာဏာ ကို မတရားသိမ်းယူထားသော၊ အစိုးရတစ်ရပ်ကလည်းကောင်း၊ ထိုအစိုးရတစ်ရပ်၏ လက်ညှိုးထောင်၊ ခေါင်းညိတ် ပုတ်သင်ညိုလိုလူစားများ၊ မလှုပ်မရှုတ်၊ မပြုတ်လူစားများ၊ လူ့မလိုင်အခွင့်ထူးခံ လူတန်းစားများ၊ ကင်းရှင်းသည့် ပြည်သူ့ဘက်တော်သား၊ ပြည်သူ့ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသားဥပဒေကို ပါဝင်ရေးဆွဲ ပြဌာန်း ရန် အချိန်တန်ပြီဖြစ်ပါကြောင်း၊ သမိုင်းပေးတာဝန်ကျေဖို့လိုနေပြီ ဖြစ်ပါကြောင်း ကမ္ဘာ့ကုလ သမဂ္ဂ အဖွဲ့ကြီး၏ ပဋိဉာဉ်စာတန်းပါ အချက်များနှင့်ကိုက်ညီသော နိုင်ငံတကာစံနှုန်းများကို အခြေခံသော လူတစ်စု၊ တစ်ဖွဲ့၊ ဘာသာတစ်ခုအပေါ် အခြေမခံသော”မြန်မာနိုင်ငံသား ဥပဒေတစ်စု”၊ လူသစ်၊ မူသစ်အစိုးရ လက်ထက်တွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှု့ပေါင်းစုံ၊ ရိုးရာအစဉ်အလာပေါင်းစုံ၊ အရောင်စုံသည့် ဖယ်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကြီးတည်ဆောက်ရာတွင် မရှိမဖြစ် အထူး လိုအပ် နေပေသည်။
သို့မဟုတ်ပါက၊ “နွားကျောင်းသား အမေး၊ ဘုရားလောင်း မဖြေနိုင်” သကဲ့သို့ ပြည်နယ်၊ တိုင်း အသီးသီးရှိ ပြည်သူ့ကိုယ်စားလှယ်များက အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး၊ ပြည်ထောင် စု ဝန်ကြီး ဦးသိန်းဆွေအား ပြည်သူ့ လွှတ်တော်တွင် မေးမြန်း တော့မည့် LIVE မေးခွန်း များသည် ပို၍တိကျသော၊ ပို၍ပွင်းလင်းမြင်သာသောတာဝန်ယူမှု့၊တာဝန်သိမှု့တို့ကို အဆုံး အဖြတ်ပေးမည့် အထောက်အထားပြည့်စုံသော အရှိုက်ထိစေမည့်မေးခွန်းများ ဖြစ်လာစေရန် မြန်ပြည် တဝှမ်း ခံစားနေရသော ပြည်သူလူထုကြီးက မိမိတို့၏ရင် တွင်းဖြစ်၊ ခံစားချက်များကို အချိန်နှင့် တပြေးညီ မိမိတို့ကိုယ်စားလှယ်များထံပေး ပို့တော့မည်ဖြစ် ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးမင်းများ အစမ်း (Rehearsal) လေ့ကျင့်ရန် လိုအပ်လိမ့်မည် ဖြစ်ပါကြောင်း တင်ပြအပ် ပါသည်။
ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်)