၁။ နိုင်ငံ၏ အနောက်ဖက် တံခါးပေါက်က ပြဿနာ အမည် ဖြင့် စာအုပ်တစ်အုပ်ကို မှော်ဝန်းသား ဦးခင်ညွှန့်က ထုတ်ဝေခဲ့ရာ ထိုစာအုပ်စာမျက်နှာ (၁၁/၁၂)တွင် အာဏာရ ပါတီဖြစ်သော ဖဆပလအဖွဲ့က ၎င်းတို့ ပါတီအား ထောက်ခံသည့်အမတ်ဦးရေ တိုးပွားရေးကို ရည်သန်လျက် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသများသို့ တရားမဝင်ခိုးဝင်သည့် ဘင်္ဂါလီလူမျိုးများအား စီစစ်မှုမပြလုပ်သည့် အပြင် ၁၉၅၅/၁၉၅၆ ခုနှစ်တွင် အမျိုးသားမှတ်ပုံတင်များ ထုတ်ပေးခဲ့သည် ကိုလည်း တွေ့ရသည်ဟု ဖော်ပြပါရှိ ပါသည်။၂။ လဝကဦးစီးမှူးများကို သင်တန်းပို့ချပေးသည့် လဝက ဦးစီးမှ အငြိမ်းစားအရာရှိ ကလောင်ရှင် ထေရအောင်က ”နိုင်ငံသားစိစစ်ခံရမည်သူ၏ သက်သေခံကတ်ပြား NVC Card ဘယ်လိုရည်ရွယ် ထုတ်ပေးတာလဲ” ခေါင်းစဉ်ဖြင့် ရေးသားပို့ချသည့်ဆောင်ပါးတွင် နိုင်ငံသားစီစစ်ရေး ကတ်ပြား ထုတ်ပေးခဲ့ခြင်းနှင့်စပ်လျဉ်း၍အောက်ပါ အတိုင်း ရေးသားပို့ချခဲ့ပါသည်။
“၁၉၈၉ ခုနှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ် ပေးရေး စီမံချက်သည် ထိုကာလ နိုင်ငံတော် အကြီးအကဲ ၏ လမ်းညွှန်ချက်မူအတိုင်း ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံသား အမျိုးအစား လက်မှတ် တစ်မျိုးမျိုးကိုင်ဆောင် မဲပေးနိုင်ရေးကိုဦးတည်၍ တိုးတောင်းသောအချိန် အတွင်း ဆောင်ရွက် ခဲ့ရသဖြင့် သေချာ စိစစ်နိုင်မှုမရှိဘဲ အလျင်စလိုထုတ်ပေးခဲ့ရပါသည်။
ထိုအထဲမှ အချို့ကိုအကြောင်းကြောင်းကြောင့် ပြန်လည် စစ်ဆေးရသည့်အခါတွင် ဥပဒေလုပ်ထုံးလုပ်နည်း များနှင့် စပ်ဆိုင်သော အထောက်အထားများမပြည့်စုံကြောင်း ပေါ်ပေါက်၍ ဒွိဟသံသယ ဖြစ်နေသော ကြောင့် ထိုသူများ၏ သားသမီး ၊ မြေးတို့အတွက် နိုင်ငံသား စိစစ်ဆောင်ရွက်မှုတွင် ဆက်လက် ဒွိဟသံသယ ဖြစ်ရခြင်းသည် ကာယကံရှင်များအတွက်နှင့် သက်ဆိုင်ရာ ဌာနအတွက် မနှစ်သက်ဖွယ် ဝန်ထုတ်ဝန်ပိုးဖြစ်ရပါသည်။
ထိုအကြောင်းအား ကျော်လွှားနိုင်ရန်နှင့် ဒွိဟသံသယ ကင်းရှင်းသော ခိုင်မာ သေချာသည့် နောင်တွင် အကြိမ်ကြိမ် ပြန်လည်စိစစ်ရန် မလိုသော လုပ်ငန်းစဉ်ဖြင့် မြို့နယ်ရုံးက အမှုတွဲတည်ဆောက်၍ ပဏာမစိစစ်ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်/တိုင်းဒေသကြီး အဆင့် ၊ ဦးစီးဌာန ရုံးချုပ်အဆင့်၊ နိုင်ငံသားစိစစ်ရေး ကော်မတီ အဆင့်ဆင့်တို့ဖြင့်ပါ ပေါင်းစီးဆောင်ရွက် ပေးနေပါသည်။ အချို့ဗဟိုအဖွဲ့၏ အဆုံးအဖြတ်ခံခြင်း စေခြင်းကိုပါ ဆက်လက်ဆောင်ရွက်ပေး နေပါသည်ဟု ဖော်ပြထားပါသည်။
၃။ မှော်ဝန်းသား ခင်ညွန့်သည် နဝတအဖွဲ့၏ အတွင်းရေးမှူး(၁) တာဝန်နှင့်အတူ လဝက၏မူဝါဒနှင့် သက်ဆိုင်သော တာဝန်ကိုပါကိုင်တွယ်ဆောင်ရွက်ခဲ့ သူဖြစ်ရာ ၁၉၅၅ မှ ၁၉၈၅ ခုနှစ်အတွင်းက အမျိုးသား မှတ်ပုံတင်ကတ်ပြားကိုနှစ်ပေါင်း ၃၀ကြာ ကိုင်ဆောင် ရရှိခဲ့ကြသောပြည်သူပေါင်း (၅)သိန်းခန့်အား ၁၉၈၉ ခုနှစ်၊ ၁၉၉၀ ပြည့်နှစ်အတွင်းက နိုင်(၂) ပုံစံဖြင့် နိုင်ငံသားလျှောက်ထားခွင့်ပြုခဲ့သော်လည်း နိုင်ငံသား စိစစ်ရေးကတ်ထုတ်ပေးခြင်း မရှိဘဲ ၎င်းတို့ကိုင်ဆောင် ထားကြသော လဝကပုံစံ(၂) အမတများကို သိမ်းဆည်း စေပြီးလဝကပုံစံ(၃)ယာယီသက်သေခံ လက်မှတ်ကိုသာ ထုတ်ပေးရန် ညွှန်ကြားခဲ့သဖြင့် ၁၉၈၉/၉၀ အတွင်းကပင် နိုင်(၂)ပုံစံဖြင့်နိုင်ငံသားလျှောက်ထားသူများကို နိုင် ၆(က) နိုင်ငံသား စိစစ်ရေး ကတ်ပြား ကိုစိစစ်ထုတ် ပေးခြင်း မပြုခဲ့ပါ။ (တရားမဝင်ခိုးဝင်သောဘင်္ဂါလီ လူမျိုးများ အဖြစ် နဝတ အတွင်းရေးမှူး(၁)က ထိုစဉ်ကပင် သတ်မှတ်ယူဆခဲ့သဖြင့် နိုင်ငံသား လျှောက်ထား ခဲ့သူ လူ(၅)သိန်းခန့်ကို နိုင် ၆(က) နိုင်ငံသားစိစစ်ရေးကတ် ထုတ်မပေးခဲ့ခြင်းဖြစ် ကြောင်း ၎င်း၏စာအရတွေ့ရှိရပါသည်။)
၄။ ထေရအောင်၏ဆောင်းပါးတွင် နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်ချက်အရ ၁၉၈၉/၉၀ နှစ်များအတွင်း က တိုတောင်းသောအချိန်အတွင်း သေချာစွာစိစစ်မှု မရှိဘဲ အလျင်စလိုထုတ်ပေးခဲ့ရပါသည်ဟု ဖော်ပြချက် မှာ မှော်ဝန်းသား၏စာအုပ်ပါ တိုင်းတစ်ပါးက ရခိုင်ပြည်နယ်သို့ ခိုးဝင်လာသူများမဟုတ်ဘဲ ပြည်တွင်း နေသူများ ကို ရည်ရွယ်ကြောင်း တွေ့ရှိရသည့်အပြင် လက်တွေ့ပိုင်းတွင် နိုင် ၆(က)ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားရာတွင် ဖြစ်စေ၊ ၎င်း၏သားသမီး(၁၀)နှစ်ပြည့်၊ (၁၈)နှစ် ပြည့်နိုင်ကတ် လျှောက်ထားရာ တွင်ဖြစ်စေ အထူးသဖြင့် လူမျိုးစုံအစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်များကို အဓိကထား ပြန်လည်စစ်ဆေးနေကြောင်း သိရှိရသည်။
၅။ ၁၉၅၅/၅၆ ခုနှစ်က သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ အမတ ထုတ်ပေးခဲ့ခြင်းမှာ သေချာစွာစိစစ်ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ကြောင်း နှစ်ပေါင်း(၃၅)နှစ် အကြာ လဝကတွင် တာဝန်ရှိသူက
ပြန်လည် သုံးသပ် ဆုံးဖြတ်ခြင်း သည် ၁၉၅၅/၁၉၅၆ အတွင်းက လဝကဝန်ထမ်းများ၏ ဆောင်ရွက်ခဲ့ခြင်း တရားမဝင်ဟု နောက်ကြောင်းပြန်ဆုံးဖြတ်ရာကျရောက်နေပါသည်။
ထို့အပြင် ၁၉၈၉/၉၀ အတွင်းက နိုင် ၆(က) ကို လူမျိုးအသီးသီးမှ မွတ်စလင်နှင့် ဟိန္ဒူများအား ထုတ်ပေးခဲ့ခြင်းမှာ အလျင်စလိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု နှစ်ပေါင်း(၃၀)နီးပါးခန့် အကြာ လဝကတွင် တာဝန်ရှိသူက ပြန်လည်သုံးသပ် ဆုံးဖြတ်ခဲပြီး နိုင် ၆(က) ထုတ်ပေးခဲ့ခြင်းအပေါ် သံသယ စာရင်းရေးသွင်း ထားခြင်းမှာလည်း နောက်ကြောင်းပြန် ဆုံးဖြတ်ရာ ကျရောက် နေပါသည်။
၆။ ၁၉၅၁ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ခြင်းဥပဒေအရ နေထိုင်သူများကို မှတ်ပုံတင်ရာတွင် Pilot Project အဖြစ် ၁၉၅၅ ခုနှစ်တွင် မောင်တော နှင့် သန်လျင်မြို့နှစ်မြို့ ကိုကောက်ခဲ့ ရာ
– ၁၉၄၈ ခုနှစ်မတိုင်မီ (၁၀)နှစ်အတွင်း အနည်းဆုံး မြန်မာနိုင်ငံအတွင်း (၈)နှစ်အထိ နေထိုင်ဖူးသူများ မိဘပါးဘိုးဘွား၄ဦးနှင့်တကွမိမိကိုယ်တိုင်ပြည်တွင်းမွေးဖွားနေထိုင်ပြီးသူများနှင့် ၎င်းတို့မှ မွေးဖွားလာ သူများကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ မောင်တော (MDW) အက္ခရာနောက်တွင် ဂဏန်း(၆)လုံးဖြင့် ပုံစံ(၁)တွင် မှတ်ပုံတင်ပေးခဲ့ပါသည်။ လူမျိုးကို ဘင်္ဂါလီလူမျိုး၊ ရိုဟင်ဂျာလူမျိုး၊ “ပ”လူမျိုး၊ “တ”လူမျိုးစသည်ဖြင့် ရေးသွင်းပေးခဲ့ပါသည်။ (“ပ”လူမျိုးဆိုသည်မှာ ပြည်ထောင်စု လူမျိုး၊ “တ”လူမျိုးဆိုသည်မှာ တိုင်းရင်းသားလူမျိုးဖြစ်သည်။)
(လွှတ်တော်တွင် လွှတ်တော်အမတ်ဒေါ်အေးညွန့် နှင့် ပြည်ထဲရေးဝန်ကြီးတို့၏ အမေးအဖြေကိုကြည့်ပါ။)
– ဘင်္ဂါလီလူမျိုးအချို့မှာ ပါကစ္စတန်နိုင်ငံက ဝင်ရောက်လာပြီ ရခိုင်ပြည်တွင် အမြဲနေထိုင်ကြောင်း တွေ့ရှိ ရလျှင် (MDW)နောက်က ဂဏန်း(၅)လုံးဖြင့် ပုံစံ(၁)တွင် မှတ်ပုံတင်ပေးခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် ဂဏန်း(၅)လုံးပါ နိုင်ငံခြားသား(၂၀၀၀)ထောင်ကျော် ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။
– Pilot Porject ဆိုသည်မှာ တစ်နိုင်ငံလုံးရှိ လဝကဝန်ထမ်းများ စုစည်းပြီး သေချာစွာကောက်ခံခဲ့သော လုပ်ငန်းဖြစ်၍ မှော်ဝန်းသားတင်ပြသကဲ့သို့ ဘင်္ဂါလီများကို ခိုးသွင်းပြီး အမတ ကိုင်ဆောင်စေခဲ့သည် ဆိုခြင်းမှာ အထောက်အထားမဲ့ ပြောဆိုခြင်းသာဖြစ်ပါသည်။
– မှော်ဝန်းသားစာအုပ် စာမျက်နှာ(၇)တွင် ၁၈၂၃ ခုနှစ်က ဘင်္ဂါလီ ဦးရေ (၁၀၉၆၄၅)ရှိသည်ဟု ဖော်ပြထား ရာ ထိုစဉ်က ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Paton ၏ (၉-၆-၁၈၂၆)ရက်စွဲပါ အစီရင်ခံစာပါ ဂဏာန်းနှင့် နီးစပ်သဖြင့် အငြင်းပွားရန် မရှိသော်လည်း ထိုအရေအတွက်သည် ရခိုင်ပြည်နယ်လူဦးရေ၏ (၃၀)ရခိုင်နှုန်း ဖြစ်ပါသည်။ ဗမာ (၁၀) ရာခိုင်နှုန်း ၊ ရခိုင်(၆၀)ရာခိုင်နှုန်းရှိသဖြင့် ထိုမွတ်စလင်များမှာ ရခိုင်လူမျိုး၏ ထက်ဝက်သာရှိကြောင်း သိရှိရသည်။
– ပုံစံ(၁)တွင် စာရင်းသွင်းပြီး အမတ ထုတ်ပေးခဲ့ရာတွင် မွတ်စလင်များအား ထုတ်ပေးခဲ့သော အမတ အရေအတွက်သည် ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ၏ (၃၀)ရာခိုင်နှုန်းထက်ကျော်လွန်ခဲ့ခြင်းရှိမည်ဆိုပါက
မှော်ဝန်းသား၏စွပ်စွဲချက်ကို လက်ခံနိုင်ရန်ရှိသော်လည်း ထိုကဲ့သို့ (၃၀)ရာခိုင်နှုန်းပင် မပြည့်ဆိုပါက ၎င်းသည်ထင်မြင်ချက်ဖြင့် စွပ်စွဲချက်သာဖြစ်ကြောင်း ကောက်ယူသုံးသပ်ရမည်ဖြစ်ပါသည်။
– မှော်ဝန်းသားက ၁၈၂၃ ခုနှစ် ရခိုင်ပြည်၏ လူဦးရေ(၃၀)ရာခိုင်နှုန်းမှာ မွတ်စလင်ဖြစ်ကြောင်း စာရင်း ဇယားအရတွေ့ရှိရပါလျှင် ဘိုးတော်ဘုရား၏ အမိန့်တော်တမ်းကြီး အတွဲ(၂)တွင်ဖော်ပြထားသော
သီးခြားပြန်တမ်းပါ ပသီကုလားများကို မြန်မာနိုင်ငံ၏တိုင်းရင်းသားအဖြစ်ပင် ထည့်သွင်း ဖော်ပြရမည် ဖြစ်ပါသည်။
၇။ ၁၉၈၉/၁၉၉၀ ခုနှစ်အတွင်းမှ ၂၀၁၇ ခုနှစ်အထိ နောက်နှစ်(၃၀)နီးပါးအကြာတွင် လက်ရှိ လဝကဝန်ထမ်း များကတဖန် နိုင်ငံသားစိစစ်ရေးကတ်ရရှိထားသူများကို ပြန်လည် စိစစ်ပြီး ပုံစံ နိုင် ၆(က)ကို ပြန်လည် ရုပ်သိမ်းမည်ဆိုပါက ထိုကတ်ကိုအကြောင်းပြု၍ နိုင်ငံသားများသာဝယ်ယူပိုင်ခွင့်ရှိသော ပစ္စည်းများ၊ ထမ်းဆောင်ပိုင်ခွင့်ရှိသော ရာထူးများရရှိခံစားခွင့်ရှိသောပင်စင်အပါအဝင် အခွင့်အရေးအရပ်ရပ်တို့အပြင် သားစဉ်မြေးဆက်ပါ မကျန် နိုင်ငံသားမဟုတ်သေးသော NVC Card ဖြင့်စိစစ်ခံရမည်သူများဘဝသို့ ကျရောက် သွားမည် ဆိုပါလျှင် လဝကကိုမည်သူက အယုံအကြည်ရှိပါတော့မည်နည်း။
၈။ NVC Card ကိုင်ပြီး နောက်အနှစ်(၃၀)အကြာ နိုင်ငံသားမဟုတ်ဘဲ NVC Card ကိုင်ခဲ့ခြင်းမှာ မှားယွင်း သဖြင့် FRC လက်မှတ်ဖြင့် လဲလှယ်ရန် ပြောဆိုသူများသည် နိုင်ငံတော်တွင် ပေါ်ပေါက်လာနိုင်ခြေရှိသဖြင့် လဝကကို ပြည်သူများက အယုံအကြည် မဲ့ရခြင်းဖြစ်ပါကြောင်း တင်ပြလိုပါသည်။