(၁၉၆၄ ခုနှစ်တွင် ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းက ထုတ်ဝေသော မြန်မာ့ စွယ်စုံကျမ်း၊ စာပေဗိမာန်၏ ရုပ်ပြဗဟုသုတဘဏ်၊ အတွဲ-၉၊ အပိုင်း-က တွင် ပါရှိသည့် “မေယု နယ်ခြားခရိုင်” ကို ပြန်လည် ကူးယူဖော်ပြပါသည်။ မြန်မာအစိုးရက ဘင်္ဂါလီဟု ခေါ်ဆို၍ နိုင်ငံတကာ မီဒီယာများက ရိုဟင်ဂျာဟု ဖော်ပြသော လူမျိုးစုနှင့် ဆက်စပ်၍ ပထဝီနောက်ခံနှင့် သမိုင်းအခြေအနေကို လေ့လာနိုင်ရန် ထပ်ဆင့် ဖော်ပြခြင်း ဖြစ်ပါသည်။ သတ်ပုံနှင့် အသုံးအနှုန်းများမှာ မူရင်းအတိုင်း ဖြစ်သည်။)

မေယုနယ်ခြားခရိုင်သည် နယ်ခြားအုပ်ချုပ်ရေးဌာနမှ တိုက်ရိုက်အုပ်ချုပ်ရန် ပြဋ္ဌာန်းထားသော ခရိုင်ဖြစ်၏။ နယ်ခြား အုပ်ချုပ်ရေးကို နိုင်ငံအစိုးရက ပြဋ္ဌာန်းကြေညာပြီးနောက် မေယုနယ်ခြားခရိုင်ကို လွှဲပြောင်းပေးခဲ့သည်။ သို့သော် အကြောင်းကြောင်း တို့ကြောင့် လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ပေ။ ၁၉၆၁ ခုနှစ် မေလ ၃၀ ရက်နေ့တွင်မှစ၍ ထိရောက်သော အုပ်ချုပ်ရေးကို ဆောင်ရွက်ခဲ့လေသည်။မေယုနယ်ခြားခရိုင်သည် အရှေ့ပါကစ္စတန်နှင့် မြန်မာနိုင်ငံစပ်ကြားတွင် တည်ရှိသည်။ နတ်မြစ်အားဖြင့် နယ်နိမိတ် သတ်မှတ်ထားလျက် ရှိပါသည်။ မေယုနယ်ခြားခရိုင်သည် အနောက်ဖက်လားသော် အရှေ့ ပါကစ္စတန်၊ အရှေ့ဖက်လားသော် မယူမြစ် စိုင်တင်ချောင်း အားဖြင့်၎င်း၊ တောင်ဖက်လားသော် ရခိုင် ကမ်းရိုးတန်း၊ ဘင်္ဂလားအော် တို့ဖြင့်၎င်း၊ မြောက်ဖက်လားသော် အရှေ့ပါကစ္စတန် အားဖြင့်၎င်း ပိုင်းခြား သတ်မှတ်ထား၏။ ယခင် ရခိုင်တိုင်း စစ်တွေခရိုင် အတွင်းရှိ ဘူးသီးတောင်မြို့နယ်၊ မောင်းတောမြို့နယ်နှင့် ရသေ့တောင် အနောက်မြောက်မြို့နယ်များ ပါဝင်သော ဒေသဖြစ်သည်။ မယူတောင်တန်းကို ဗဟိုပြု၍ မယူမြစ်နှင့် နတ်မြစ်ကြားရှိ နေရာများသည် မေယုနယ်ခြား ခရိုင်အတွင်း ပါဝင်လေသည်။ မေယုနယ်ခြား ခရိုင်သည် တောအထပ်ထပ်၊ တောင်အလျှိုလျှို၊ မြစ်ချောင်းအင်းအိုင်များဖြင့် ရောယှက် ဝန်းရံလျက်ရှိသော ဒေသတခုဖြစ်၏။ မြောက်ဘက်တွင် မြင့်၍၊ တောင်ဘက်သို့ ဆင်ခြေလျှော တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ စိုင်တင်တောင်နှင့် မယူတောင်တန်းဟူ၍ တောင်တန်းနှစ်ခုရှိပြီးလျှင် မယူမြစ်နှင့် နတ်မြစ်တည်း ဟူသော ထင်ရှားသည့်မြစ် နှစ်သွယ်ကလည်း မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းလေသည်။

မေယုနယ်ခြားခရိုင်တွင် လူဦးရေ ၄ သိန်းကျော် ၅ သိန်းနီးပါးရှိ၏။ များသောအားဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် တံငါလုပ်ငန်းဖြင့်သာ အသက်မွေးကြသည်။ လူများစု (၇၅ ရာခိုင်နှုန်းခန့်) မှာ ရိုဟင်ဂျာလူမျိုးုဖြစ်၍ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမွီး စသော တိုင်းရင်းသား လူမျိုးစုများလည်း နေထိုင်လျက်ရှိသည်။ ရိုဟင်ဂျာတို့သည် အစ္စလာမ်အယူဝါဒီများ ဖြစ်၏။ရခိုင်လူမျိုးများကား ဗုဒ္ဓအယူဝါဒီများဖြစ်၍ ကျန်လူမျိုးစုများသည် နတ်များကို ကိုးကွယ်ဆည်းကပ်ကြလေသည်။ လောလောဆယ်အားဖြင့် မေယုနယ်ခြားခရိုင် ဌာနချုပ်ကို မောင်းတောမြို့ တွင် ဖွင့်လှစ်ထားသည်။ ရခိုင် တပ်ပေါင်းစုမှူးသည် မေယုနယ်ခြားခရိုင်၏ လုံခြုံရေး၊ ကာကွယ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်ရန်အတွက် မေယုနယ်ခြား ခရိုင် အထူးအုပ်ချုပ်ရေး အရာရှိအဖြစ် အာဏာကုန် လွှဲအပ်ထားခြင်း ခံရသည်။ မေယုနယ် ခြားခရိုင်တွင် အထူးသဖြင့် မောင်းတောမြို့၊ ဘူးသီးတောင်မြို့များတွင် အုပ်ချုပ်မှုဆိုင်ရာ အစိုးရရုံးများ အများအပြား ရှိသည်။ ထို့အပြင် အစိုးရ စာသင်ကျောင်းများလည်း ရှိသည်။ (ဘူးသီးတောင်မြို့၊ မောင်းတောမြို့ … လည်းရှု)

မေယုနယ်ခြားခရိုင် ဖွဲ့စည်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းရေးတို့ ဖြစ်၏။ လောလောဆယ်အားဖြင့် မေယုနယ်ခြားခရိုင် အုပ်ချုပ်ရေး အာဏာပိုင်တို့သည် အောက်ပါအချက်များကို အဓိကထား၍ ဆောင်ရွက်လျက်ရှိကြသည်။ ယင်းတို့မှာ ဆူပူသောင်းကျန်းနေသော မူဂျာဟစ်သူပုန်များအား ထိရောက်စွာ နှိမ်နင်းရန်၊ တရားဥပဒေ အပြင်ဘက်မှ နည်းအမျိုးမျိုးဖြင့် ဆိုးသွမ်းလျက်ရှိသော စီးပွားရေး သောင်းကျန်းသူများနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စများကို ထိရောက်စွာ အရေးယူရန်၊ နယ်ခြားဒေသများတွင် တွေ့ကြုံရမြဲဖြစ်သည့် တရားဥပဒေမဲ့ ဝင်ရောက်လာသူများအား နိုင်နင်းစွာ တားဆီးပိတ်ပင်ရန်၊ မေယု နယ်ခြားခရိုင်တွင် လူမျိုးရေးအားဖြင့် ဖြစ်စေ၊ အယူဝါဒရေးအားဖြင့် ဖြစ်စေ ခွဲခြားမှုမရှိဘဲ ပြည်ထောင်စု စိတ်ဓာတ် မွေးမြူရေးကို အဓိကထား၍ တရားမျှတစွာ အုပ်ချုပ်သွားရန်၊ နိုင်ငံအစိုးရ၏ ချမှတ်ထားသော ဝါဒအရ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ပါကစ္စတန်အစိုးရနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်ရန် အစွမ်းကုန် ဆောင်ရွက်ရန်၊ မေယုနယ်ခြားခရိုင်တွင် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြံုရေး တိုးတက် ကောင်းမွန်လာသည်နှင့်အမျှ အထူးလိုအပ် လျက်ရှိသော တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်သွားရန်၊ နယ်ခြားဒေသသို့ သွားရောက် အမှုထမ်း ကြသည့် အမှုထမ်းများသည် လေးလေးနက်နက် ပြုပြင်၍ အတတ်နိုင်ဆုံး သံတမန်စိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားရန်၊ ပြည်ထောင်စုအစိုးရ ပို့ထားသော အမှုထမ်း၊ အရာထမ်းများ အားလုံးသည် နယ်ခြားဒေသ အုပ်ချုပ်ရေး၏ ဦးဆောင်မှု အောက်တွင် တစည်းတလုံးတည်း စုပေါင်းကြ၍ ပြဿနာအရပ်ရပ်ကို ညီညာစွာ ရင်ဆိုင်ဖြေရှင်းသွားရန် စသည်တို့ ဖြစ်လေသည်။

မေယုနယ်ခြားခရိုင်ကို ဤသို့ နယ်ခြားဒေသ အုပ်ချုပ်ရေးဌာနမှ တိုက်ရိုက် အုပ်ချုပ်လာခဲ့ရာ ယခုအခါတွင် အခြေအနေများ တိုးတက်ကောင်းမွန်လာသည်။ ထို့ကြောင့် မေယုနယ်ခြားခရိုင်ကို စစ်တွေခရိုင်အတွင်းသို့ ပြန်လည်သွတ်သွင်းပြီးလျှင် ပြည်ထဲရေးဌာန၏ အုပ်ချုပ်မှု လက်အောက်သို့ ပြန်လည်ထားရှိရန် ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့၏။ မေယုနယ်ခြားခရိုင်ကို နယ်ခြားဒေသအုပ်ချုပ်ရေး လက်အောက် မှ ပြည်ထဲရေးဌာန လက်အောက်သို့ ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လွှဲပြောင်းပေး ခဲ့လေသည်။

မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသော “မေယုနယ်ခြားခရိုင်”