၂၀၀၁ ခုနှစ်မှ စ၍ ရိုဟင်ဂျာလူမျိုးများ၏ သတင်းများကို အထူးဦးစားပေး ရေးသားသည့် ပထမဆုံး ရိုဟင်ဂျာ သတင်း ဖြစ်သော ကုလားတန် သတင်း ကွန်ယက် ( ကေပီအန်) ၏ အယ်ဒီတာချုပ် တဦးဖြစ်သည့် ဦးဖော်ယာစ် အာမတ်သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ ည ၁၁နာရီ ၅၄ မီနစ်တွင် စစ်တကောင်းမြို့နယ်ရှိ ပုဂ္ဂလိက ဆေးရုံးတွင် နှလုံးရောဂါဖြင့် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသွားသည်။ (ကွန်လွန်သွားသည်။)“Inna lillahi wa inna ilahi rajeun – အမှန်ဆိုသည်ကား, အလ္လာဟ်အရှင်မြတ်ထံသို့ ကျွန်တော် ပိုင်ဆိုင်သမျှ နှင့်အမှန်တကယ်သူ့ထံသို့ ကျနော်တို့ပြန်လာကြလိမ့်မည်။ [Noble ကုရ်အာန် 2: 156]”

ဦးဖော်ယာစ်သည် သူ့ဇနီးနှင့် အတူ သား ၆ ယောက်၊ သမီး ၅ ယောက်၊ မြေးမြစ်များကို ကျန်ရစ်ထားခဲ့သည်။
ဦးဖော်ယာစ်သည် ပထမဆုံး ရိုဟင်ဂျာ သတင်းသမားတဦးဖြစ်သည့် အပြင် ဘင်္ဂါလားဒေရှ်နိုင်ငံ၊ စစ်တကောင်းမြို့ ရောက် ရိုဟင်ဂျာ လူကြီးများ ဖွဲ့စည်းတည်ထောင်ခဲ့သော ကုလားတန်သတင်းဌာန ကိုယ်စား နိုင်ငံတကာ မြန်မာ သတင်း စတင် တည်ထောင်ရာတွင်လည်း လက်မှတ်ထိုးသူ တဦးလည်း ဖြစ်သည်။

ဦးဖော်ယာစ်၏ ဖခင်မှာ ဘာသာရေးဆရာ – မော်လာနာ ဟူဆိန် အာမတ်ဖြစ်ပြီး၊ ၁၉၅၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇားကျေးရွာအုပ်စု၊ ယင်းမာ ( အမ်အိုင်) ကျေးရွာ တွင် မွေးဖွါးခဲ့သည်။ မူလတန်းနှင့် အလယ်တန်းပညာရေးကို တောင်ဘဇားအစိုးရ အလယ်တန်း ကျောင်းတွင် သင်ကြားခဲ့ပြီး၊ အထက်တန်းပညာရေး နှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကို ဘူးသီးတောင် အစိုးရ အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။

တက္ကသိုလ် ပထမနှစ်ကို ပုသိမ်ဒီဂရီကောလိပ်တွင်၎င်း၊ ဒုတိယနှစ်ကို စစ်တွေကောလိပ်တွင်၎င်း၊ ဘွဲ့ရရန် ကျန်ရှိသောနှစ် နှင့် သိပ္ပံဘွဲ့ (အဏ္ဏဝါဇီဝဗေဒ)ကို မော်လမြိုင် ဒီဂရီကောလိပ် မှ ရရှိခဲ့သည်။

ရိုဟင်ဂျာ ကော်မူနီတီ အစည်းအဝေးတွင် တက်ရောက်နေစဉ်

ဦးဖော်ယာစ်သည် ဘွဲ့ရပြီးနောက် စေတီပြင် အစိုးရ မူလတန်းကျောင်းတွင် ကျောင်းဆရာ အဖြစ် အလုပ်ဝင်ခဲ့ပြီး၊ နောင်တွင် တောင်ဘဇားအစိုးရ အလယ်တန်းကျောင်းတွင် အလယ်တန်းပြဆရာ အဖြစ်၎င်း၊ ဘူးသီးတောင် အစိုးရ အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာ အဖြစ်၎င်း အလုပ် လုပ်ခဲ့သည်။ သို့သော် ၁၉၈၅ ခုနှစ်တွင် မြန်မာ စစ်ထောက်လှမ်းရေး၏ အမြဲတစေ လိုက်လံ နှောင့်ယှက် ခြင်း နှင့် ဖမ်းဆီးခြင်းများမှ လွတ်မြောက်ရန်အတွက် သူ့မိသားစု၊ ဆွေးမျိုးများ၊ အသိမိတ်ဆွေများနှင့် မွေးရပ် နယ်မြေများကို စွန့်လွှတ်၍ ဘင်္ဂါလာဒေရှ်နိုင်ငံ သို့ ထွက်ပြေး လာခဲ့သည်။

ဘင်္ဂါလာဒေရှ်နိုင်ငံ ရောက်ပြီး ရိုဟင်ဂျာ လူမျိုးများ၏ မွေးရာပါ အခွင့်အရေးအတွက် လှုပ်ရှားရန် အတွက် ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့(အာရ်အေစ်အို) တွင် ပါဝင် လှုပ်ရှားခဲ့သည်။ နောင်တွင် ၎င်းအဖွဲ့ အစည်းတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်လာခဲ့သည်။ ထိုနောက် အာရ်ကာန် ရိုဟင်ဂျာ အစ္စလာမ်ခ် တပ်ဦး(အေအာရ်အိုင်အဖ်) တွင်လည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ်၎င်း၊ အေအာရ်အိုင်အဖ် ကို ဖျက်သိမ်းပြီး၊ အာရ်ကာန် ရိုဟင်ဂျာ အမျိုးသား အဖွဲ့ချုပ် (အေအာရ်အန်အို) ဖွဲ့စည်းရာတွင်လည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။

အေအာရ်အန်အို မှ တဆင့် ဦးဖော်ယာစ်သည် ကုလားတန် သတင်းကွန်ယက် သို့ ပြောင်းရွေ့၍ သတင်း ဆရာအဖြစ်စတင် လုပ်ကိုင်ပြီး၊ ၎င်းသတင်း ကွန်ယက်တွင် အယ်ဒီတာချုပ်ဘဝဖြင့် ကွန်လွန်သွားသည်။

ဦးဖော်ယာစ်သည် ရိုးသား၊ ဂတိ၊ သစ္စာ သမာဓီ နှင့် ပြည့်စုံသူတဦး ဖြစ်ပြီး၊ လူမျိုးနှင့် အဖွဲ့အစည်း ပေါ်တွင်လည်း သစ္စာရှိသူ တဦးဖြစ်သည်။ သူသည် တခြား သူများကဲ့သို့ အကြောင်း အမျိုးမျိုးကြောင်း အဖွဲ့အစည်းမှ ထွက်ခွာသွားသူတဦး မဟုတ်ကြောင်း သေသည့်အထိ အဖွဲ့အစည်းအတွင်း နေခဲ့သူတဦးဖြစ်သည်။