မြန်မာ့လွတ်လပ်ရေးသမိုင်းမှာပါဝင်ခဲ့တဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ပြည်ထောင်စု စိတ်ဓါတ်ကိုဖေါ်ညွှန်းနိုင် ခဲ့တဲ့ ပင်လုံ စာချုပ်ချုပ်ဆိုတဲ့ ဖေဖေါ်ဝါရီ လ(၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ဆိုပြီး မြန်မာနိုင်ငံမှာ ဂုဏ်ယူကျင်းပ ခဲ့ကြပါတယ်။
ဒီနေ့ ပြည်ထောင်စုနေ့ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင် တို့ရဲ့အခန်းကဏ္ဍ’’ ဆိုတဲ့ ခေါင်းစဉ်ကို တင်ပြလိုပါတယ်။ရည်ရွယ်ချက်ကတော့ အတိတ်သမိုင်းမှာ မြန်မာမွတ်စလင်မ်တွေရဲ့ တိုင်းပြည်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့မှု ကို ဂုဏ်ပြုရင်း ဒီနေ့ မြန်မာမွတ်စလင်မ် မျိုးဆက်တွေအနေနဲ့ ပြည်ထောင်စုစိတ် ဓါတ်ဆိုတဲ့ သဘောတရားကို မှန်ကန်စွာမွေးမြူပြီး လူသား အကျိုးပြုနိုင်ရေး အတွက်ဖြစ်ပါတယ်။
တမန်တော်မြတ်(ဆွ)က မွတ်စလင် တစ်ဦးရဲ့ ယုံကြည်ချက်ရဲ့ အနိမ့်ဆုံးအရည်အသွေးဆိုတာ လမ်းပေါ်မှာရှိနေတဲ့ သူတစ်ပါးကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အရာတွေကို ဖယ်ရှားပေးခြင်းလို့သွန်သင်ထားပါတယ်။ ကုရ်အာန်ကျမ်းမြတ်အရတော့—- မွတ်စလင် တစ်ဦးရဲ့ မြင့်မားတဲ့ အရည်အသွေးမှာ အိဟ်စါန်လို့ခေါ်တဲ့ “ကောင်းကျိုးပြုအလှဆင်ခြင်း’’ ပဲဖြစ်ပါတယ်။ မိမိကိုယ်မိမိ အလှဆင်ဖို့ လိုအပ်သလို ကိုယ်နေထိုင်တဲ့ ပတ်ဝန်း ကျင်၊ ဒေသ၊ လူအဖွဲ့အစည်း၊ တိုင်းပြည်၊ ကမ္ဘာဂြိုဟ်နဲ့ စကြဝဠာကြီးကို အကျည်းတန်စေတဲ့ အရာတွေ ဖယ်ရှားပြီး ကောင်း ကျိုးပြုအလှဆင်ဖို့ပဲဖြစ်ပါတယ်။
ဖ.ဆ.ပ.လ ခေါ် အမျိုးသားတပ်ဦး
၁၉၄၁ခုနှစ်၊ သြဂုတ်လဆန်းမှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့အခါ အမျိုးသားခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း က ဖ.ဆ.ပ.လ လို့ခေါ်တဲ့ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည့်သူ့လွတ်လပ်ရေးအဖွဲ့ ချုပ် – တစ်နည်းပြောရရင် အမျိုးသား တပ်ဦးတစ်ရပ်ကိုဖွဲ့စည်းပြီး အပြီးတိုင်လွတ်လပ်ရေးနဲ့အမျိုးသားညီညွတ် ရေး ကြိုးပမ်းတည်ဆောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့ ဗိုလ်ထွန်းလှ (တက္ကသိုလ် နေဝင်း)က ဒီကိစ္စနဲ့ပတ်သက်ပြီး ၁၂-၂-၁၈၈၆နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ “ပထမ ပင်လုံကွန် ဖရင့်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ရာမှာ – ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရဲ့အမျိုးသားတပ်ဦးကြီးမှာ မန်းဘခိုင် (ကရင်)၊ ဦးအောင်ဇံဝေ (ရခိုင်)၊ ဆမားဒူးဝါးဆင်ဝါးနောင်(ကချင်)၊ ဦးဝမ္မသူးမောင်(ချင်း)၊ ရှမ်းပြည်နယ်လူထု ခေါင်းဆောင်ဦးတင်အေး၊ လင်းခေးဦးထွန်းမြင့် တို့အပြင် ဗမက လို့ခေါ်တဲ့ ဗမာမွတ်စလင် ကွန်ဂရက်က ဆရာကြီးဦးရာဇတ်၊ ဦးဖေခင်၊ ဦးခင်မောင်လတ်စတဲ့ ခေါင်းဆောင်များကို စည်းရုံးနိုင်ခဲ့ တယ်လို့ ဖေါ်ပြပါတယ်။
ဗမက ခေါ် ဗမာမွတ်စလင်ကွန်ဂရက်
မြန်မာနိုင်ငံဟာ သူ့ကျွန်ဘဝရောက်ခဲ့ပြီးနောက် YMBA လို့ခေါ်တဲ့ ဗုဒ္ဓကလျာဏယုဝ အသင်း ပေါ်ပေါက် ခဲ့စဉ်က မြန်မာမွတ်စလင် တွေက BMS လို့ခေါ်တဲ့ ဘားမားမွတ်စလင် စိုစိုင်ယီတီ အသင်းထောင်နိုင် ခဲ့ကြပါတယ်။ GCBA ခေါ် မြန်မာအသင်းချုပ်ကြီး ပေါ်လာတော့ GCBMA လို့ခေါ်တဲ့ မြန်မာမွတ်စလင် အသင်း ချုပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုနဲ့ သခင်တွေ ဦးစီးတဲ့ ဒို့ဗမာအစည်းအရုံးပေါ်လာပြီး သူ့ကျွန်ဘဝလွတ်မြောက် ရေးတိုက်ပွဲဝင်လာတော့မြန်မာမွတ်စလင် အချို့က ဒို့ဗမာအစည်းအရုံးကိုဝင်ခဲ့ကြပြီး အချို့ကတော့ဗမာ မွတ်စလင် နိုးကြားရေးအဖွဲ့ကို ထူထောင်ပြီး တိုင်းပြည်ရေး တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဆရာကြီး ဦးရာဇတ်က ဥက္ကဌ၊ ဦးသန်းရွှေ က အတွင်းရေးမှူးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာ စစ်ကြီးဖြစ်လာပြီး စစ်ကြီးပြီး တော့ မန္တလေးကိုရောက်ရှိလာတဲ့ ဗိုလ်ချုပ်အောင်ဆန်း က ဆရာကြီးဦးရာဇတ်နဲ့ ဗမာမွတ်စလင် နိုးကြားရေး ခေါင်းဆောင်ဟောင်းတွေကိုခေါ်ယူပြီး တစ်တိုင်းပြည်လုံးသွေး စည်း ညီညွတ်ရေးလိုအပ်နေကြောင်း၊ ဗမာမွတ်စလင် တွေအနေနဲ့လည်း ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးမှာ တစ်တပ်တစ်အား ပါဝင်ဆောင် ရွက်ကြဖို့ တိုက်တွန်းပြော ဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်ရဲ့ အကြံပြုချက်အရ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ဗမာမွတ်စလင် ခေါင်းဆောင်တွေပါဝင်တဲ့ ဗမာမွတ်စလင် ညီလာခံကြီးတစ်ရပ်ကို ၁၉၄၅ခုနှစ်၊ ဒီဇင်ဘာလ(၂၄ ၊ ၂၅ ၊ ၂၆)ရက်များမှာ ပျဉ်းမနားမြို့ မှာ ကျင်းပခဲ့ပြီး ဆရာကြီးဦးရာဇတ် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ဗမက ခေါ် ဗမာမွတ်စလင်မ်ကွန်ဂရက် (Burman Muslim Congress)ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပါတယ်။
ဗမာမွတ်စလင် ကွန်ဂရက်(ဗမက)မှ ပင်လုံစာချုပ်မျိုးစေ့စိုက်ခြင်း
ဗမက ဖွဲ့စည်းပြီး ရက်(၂၀)ကျော်အကြာဖြစ်တဲ့ ၁၉၄၆ခုနှစ်၊ ဇန္နဝါရီလ (၁၇)ရက်နေ့ကနေ (၂၃)ရက်နေ့ အထိ ရန်ကုန်မြို့ ၊ ရွှေတိဂုံ အလယ်ပစ္စယံမှာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးရဲ့ ပြည်လုံးကျွတ် ညီလာခံကြီးကို ကျင်းပခဲ့ကြပါတယ်။ အဲဒီညီလာခံကြီးမှာ “ဖဆပလ” က “ဗမက” ကို ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ်နဲ့အတူ လူမျိုးရေးအဖွဲ့စာရင်းမှာ တပ်တစ်တပ်အနေနဲ့ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ ၄-၂-၁၉၄၆နေ့ထုတ် ဒီးဒုတ်ဂျာနယ် စာမျက် နှာ(၂၂)မှာ “မြန်မာပြည်၏ကံကြမ္မာကို ဖန်တီးမည့်ပုဂ္ဂိုလ်များ၊ ဖဆပလညီလာခံမှ တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့ဝင်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေါ်ပြခဲ့ရာ
(၁)ဗိုလ်ချုပ်အောင်ဆန်းကဥက္ကဌ
(၂)တစ်သီးပုဂ္ဂလခေါင်း ဆောင်(၁၀)ဦးထဲမှာ ဆရာကြီးဦးရာဇတ်ပါဝင်ခဲ့တယ်။
(၃)ပြီးတော့ နိုင်ငံရေးပါတီများဖြစ်ကြတဲ့ ကွန်မြူနစ်၊ ဆို ရှယ်လစ်နဲ့ မျိုးချစ်တို့က ကိုယ်စားလှယ်သုံးဦးစီပါဝင်ပါတယ်။
(၄)လူမျိုးရေးအဖွဲ့(၃)ဖွဲ့ထဲမှာ ရခိုင်၊ ကရင်နဲ့ ဗမာ မွတ်စလင် တို့ပါဝင်ပြီး ဗမာမွတ်စလင် ကွန်ဂရက်က ကိုယ်စားလှယ် ဦးမောင်စိန်၊ ဦးဖေခင် (နောင်-ဝန်ကြီးနဲ့ သံ အမတ်ကြီး)နဲ့ မစ္စတာ လတစ်ဖ်(နောင်-ဝန်ကြီး)တို့ ပါဝင်ခဲ့ကြပါတယ်။ ဆရာကြီးဦးရာဇတ်ဟာ ဗမကရဲ့ ဥက္ကဌ ဖြစ်ပေ မယ့် တစ်ဦးပုဂ္ဂလခေါင်းဆောင် အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။
အဲဒီညီလာခံကြီးမှာ လွတ်လပ်ရေးနဲ့ပတ်သက်တဲ့ အဆိုပေါင်း(၁၈)ခု တင်သွင်းဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီအဆိုတွေအနက် ညီညွတ်ရေး အဆိုကို ဗိုလ်ချုပ်ကိုယ်တိုင်တင်သွင်းခဲ့ပြီး အဆိုအမှတ်(၆)ဖြစ်တဲ့ တိုင်းရင်း သား လူနည်းစုအရေးကို ဒီးဒုတ်ဦးဘချိုက တင်သွင်းခဲ့ပါတယ်။ ဗမာမွတ်စလင်မ်နဲ့ပတ်သက်တဲ့သဘောထားကို တင်ပြဆွေးနွေးပြီး ထောက်ခံရာမှာ—
• ဗမာမွတ်စလင်တွေဟာ ဗမာနဲ့ခွဲလို့မရတဲ့ မြန်မာတွေဖြစ်ကြောင်း
• ပျဉ်းမနားမှာကျင်းပခဲ့တဲ့ ဗမက ညီလာခံကြီးမှာ ဗမာမွတ်စလင်မ်တွေဟာ ဗမာဖြစ်ကြောင်း ကြွေးကြော် ဆုံးဖြတ်ခြင်းကို ဒီ ဖ.ဆ.ပ.လ ညီလာခံကြီးက အထူးချီးကျူးဝမ်းမြောက်ကြောင်း
• ဗမာမွတ်စလင် တို့ကို တိုင်းရင်းသားလူနည်းစုတို့ရထိုက်တဲ့အခွင့်အရေးတွေ ပေးမယ်ဖြစ်ကြောင်း
• ဗမာမွတ်စလင် တွေကို မြန်မာလူမျိုးတို့ အခွင့်အရေးကိုပေးမှာဖြစ်ကြောင်း ဖ.ဆ.ပ.လညီလာခံကြီး က ကြွေးကြော်ကြောင်း ဖေါ်ပြပါ ရှိခဲ့ပါတယ်။အကြောင်းအသေးစိတ်ကို ဒီးဒုတ်ဂျာနယ် (၄-၂-၁၉၄၆)၊ စာမျက်နှာ(၃၁-၃၃)မှာ “ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးက တိုင်းရင်းသား လူနည်းစုပြဿနာကို ရှင်းလိုက်ပြီ’’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။
ဗမာမွတ်စလင် တွေ ဂုဏ်ယူဖို့ကောင်းတာက “ဗမက”က အဆိုအမှတ်(၇) တင်သွင်းခဲ့ရာမှာ လွတ်လပ်ရေး ယူတဲ့အခါ ရှမ်းပြည်နယ် အပါအဝင်တောင်တန်းဒေသ အားလုံးကို တစ်ပေါင်းတည်းပေါင်းစည်းရေးအဆိုပဲ ဖြစ်ခဲ့ပါတယ်။
တစ်နည်းပြောရရင် ဗမာမွတ်စလင် တွေဟာ ပြည်ထောင်စုစိတ်ဓါတ်(ဝါ)ပင်လုံမျိုးစေ့ကိုသမိုင်းဝင်စိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်။
ဒီဂုဏ်ယူဖွယ်ဖြစ်ရပ်ကို ဒီအဆိုကို တင်သွင်းခဲ့တဲ့ ဦးဖေခင်ကိုယ်တိုင် ရေး သားပြုစုပြီး နိုင်ငံတော်က ထုတ်ဝေခ ဲ့တဲ့ “ကိုယ်တွေ့ပင်လုံ’’ ဆိုတဲ့ စာအုပ် (၁၉၉၀)မှာလည်း အသေးစိတ် လေ့လာနိုင်ကြပါတယ်။
မြန်မာမွတ်စလင် တို့သည် မိမိတို့အရေးထက် တိုင်းပြည်လွတ်လပ်ရေးကို ဦးစားပေးခဲ့ကြခြင်း
အခုလို ဗမာမွတ်စလင် ကွန်ဂရက်ကို ဖ.ဆ.ပ.လညီလာခံကြီးက လူမျိုးရေးအဖွဲ့စာရင်းမှာထည့်သွင်း လက်ခံပြီး တိုင်းရင်းသား လူနည်းစု အခွင့်အရေးပေးမယ်၊ မြန်မာတွေရဲ့ လူများစုအခွင့်အရေးကိုလည်း ရမယ် ဆိုတဲ့ သဘောထားဆုံးဖြတ်ချက်ဟာ ဗမာမွတ်စလင်မ်တွေ အတွက် ထူးခြားချက်ဖြစ်ခဲ့ပါတယ်။ ဗမာမွတ်စလင် တွေဟာ ကရင်လို တိုင်းရင်းသား လူနည်းစု အခွင့်အရေး ယူမလား။ ဗမာနဲ့ရောပြီး ဗမာအဖြစ် လူများစုအခွင့်အရေး လူနည်းစုယူမလားဆိုတဲ့ ကိစ္စ ဆုံးဖြတ်ဖို့ ဗမကရဲ့ ပြည်လုံးကျွတ် ညီလာခံကြီး ၁၉၄၆ခုနှစ်၊ ဒီဇင်ဘာလမှာ ရန်ကုန်မြို့မှာ ကျင်းပဖို့ဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့လွတ်လပ်ရေးကြိုးပမ်းမှုအပေါ် အချို့သော လူမျိုးစုခေါင်းဆောင် တွေက ဗိုလ်ချုပ်ဟာ ငါတို့ကိုယ်စားလှယ် မဟုတ်ဘူးဆိုပြီး ကန့်ကွက်မှုတွေ ပေါ်ပေါက်လာနေခဲ့ပါတယ်။ဒါကြောင့် ဗမာမွတ်စလင်တွေဟာ ကိုယ့်လူမျိုးစု အရေးထက် တိုင်းပြည်လွတ်လပ်ရေးကို ဦးစားပေးပြီး ဗမာမွတ်စလင်တွေဟာ ဗမာဖြစ်တယ်ဆိုပြီး ဗိုလ်ချုပ်ကို အပြည့်အဝေ ထောက်ခံ အားပေးခဲ့ကြပါတယ်။
ဒါကြောင့်လည်း ၁၉၄၇ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမှာရော၊ ၁၉၄၈ခုနှစ်ခုနှစ် လွတ်လပ် ရေးရတဲ့ အခါမှာပါ မွတ်စ လင်တွေ ဟာ ဂုဏ်ပြုခံရပြီး ထိုက်တန်တဲ့ အခွင့်အရေးအတွေ အပြည့်အဝရခဲ့ကြပါ တယ်။ ဝန်ကြီးတွေ၊ အမတ်တွေ ဖြစ်ခဲ့ကြပြပါတယ်။ ဒါပေမယ့် ကာလကြာပြီး ခေတ်စနစ်တွေ တစ်စစပြောင်း လဲလာမှုနဲ့အတူ သမိုင်းတွေမေ့ပြီး ပြည်ထောင်စု စိတ်ဓါတ်ဆိုတာ ဗမာမွတ် စလင် တွေနဲ့ မသက်ဆိုင်သလို ထင်ခံလာရခြင်းပဲဖြစ်ပါတယ်။
ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စုစိတ်ဓါတ်သင်္ကေတ
ပထမပင်လုံညီလာခံကို ၁၉၄၇ခုနှစ်၊ မတ်လ(၁)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဗိုလ် ချုပ်အောင်ဆန်း မတက်ရောက်နိုင်ခဲ့တဲ့ အတွက် ဖ.ဆ.ပ.လက ဒု-ဥက္ကဌဦးနု ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည် တောင်ကြီးက ဦးဖေခင် (ဗမာမွတ်စလင်) ကို တက်ရောက်စေခဲ့ပါတယ်။ ဦးဖေခင်ဟာ ဖ.ဆ.ပ.လရဲ့တောင်တန်းဒေသ ဌာနခွဲ အတွင်းရေးမှူးဖြစ်နေပါပြီ။
ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လန်ဒန်မြို့မှာ ဝန်ကြီးချုပ် အက်တလီနဲ့ မြန်မာ့ လွတ်လပ်ရေး ယူတဲ့အခါ ရှမ်းပြည်အပါအဝင် တောင်တန်းဒေသတွေနဲ့ ပြည်မ ပူးပေါင်း ရေးအစီအစဉ်ဆွေးနွေးချိန်မှာ ရှမ်းစော်ဘွား နှစ်ဦးအမည်နဲ့ “အောင်ဆန်းဟာ ရှမ်းပြည်ကိုယ်စား မပြု၊ ပြည်မမှ မြန်မာခေါင်းဆောင် တစ်ဦးသာဖြစ်သည်”
ဆိုတဲ့ ကြေးနန်းစာတစ်စောင် ဗြိတိသျှအစိုးရဆီကို ရောက်လာခဲ့တဲ့အတွက် အနှောင့်အယှက် တစ်ရပ်ဖြစ်လာခဲ့ ပါတယ်။ အဲဒီအခါ ဖ.ဆ.ပ.လ အဖွဲ့ချုပ်က ဦးနုက တောင်တန်းဒေသ အတွင်းရေးမှူး ဦးဖေခင်ကို ရှမ်းပြည်ကို အမြန်သွားပြီး ရှမ်းစော်ဘွားတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်စေခဲ့ပါတယ်။ ဦးဖေခင်ကလည်း ဦးတင်အေး၊ ဦးထွန်းမြင့်အစရှိတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ တိုင်ပင်ပြီး တောင်ကြီးမြို့မှာ လူထုအစည်းအဝေးကြီးတစ်ရပ် ကျင်းပခဲ့ပါတယ်။
အဲဒီလူထုအစည်းအဝေးကြီး ကနေ ရှမ်းပြည်နယ်လွတ်မြောက်ရေး အဖွဲ့ချုပ်က ဗမာပြည်မနဲ့ အတူ ရှမ်းပြည်နယ်ကို လွတ်လပ်ရေး ချက်ခြင်းပေး ဖို့နဲ့ လန်ဒန်ရောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ကိုထောက်ခံကြောင်းအဆိုကို တစ်ခဲနက်ထောက်ခံ အတည်ပြု ခဲ့ကြပါတယ်။ မြို့တွင်းမှာလည်း ကြွေးကြော်ပြီးစီတန်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ဗမာမွတ်စလင် ဦးဖေခင် အနေနဲ့ ဒီလိုရှမ်းပြည် သူလူထုက ဗိုလ်ချုပ်အောင်ဆန်းကို အပြည့်အဝထောက်ခံကြောင်းကို ဖ.ဆ.ပ.လအဖွဲ့ချုပ်ကို ကြေးနန်းတစ်စောင်၊ လန်ဒန်ကိုကြေးနန်း တစ်စောင်ပို့နိုင်ခဲ့တဲ့ အတွက် မြန်မာလွတ်လပ်ရေးကို အာမခံချက်ပေးတဲ့ အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီလိုနဲ့ ဗိုလ်ချုပ်ဟာ လန်ဒန်ကပြန်ရောက်လာပြီး ရက်အနည်းငယ်အတွင်းမှာ တိုင်းရင်းသားလူမျိုးစု တွေရဲ့ တရားဝင်ဆန္ဒရယူဖို့ ပင်လုံ ညီလာခံခရီး ဆက်ခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၁) ရက်နေ့ညအထိ ကိုယ်စားလှယ်အားလုံး လက်မှတ်ရေးထိုး ဖို့မသေချာ ဘဲ လိပ်ခဲတည်းလည်းဖြစ်နေခဲ့ပြန်ပါ တယ်။ ဗိုလ်ချုပ်လည်းစိတ်ပျက်ပြီးအပါးတော်မြဲ ဗိုလ်ထွန်းလှကို ရန်ကုန်ပြန်ဖို့လေယာဉ် လက်မှတ် မှာ ခိုင်းတဲ့ အခြေအနေဆိုက်ရောက်လာပါတော့တယ်။ ဒါပေမယ့်ဦးဖေခင်နဲ့ ဗိုလ်ထွန်းလှ တို့တိုင်ပင်ပြီး လူမျိုးစုခေါင်း ဆောင်တွေကို တစ်ဖက်က စည်းရုံးရင်း ကျန်တစ်ဖက်ကလည်း ဗိုလ်ချုပ်ကို ရန်ကုန်မပြန်ဖို့ ဖြောင်းဖျ ခဲ့ကြပါ တယ်။ ဒါကြောင့် ဗိုလ်ထွန်းလှ က ဦးဖေခင်ရဲ့ ကိုယ်တွေ့ ပင်လုံစာအုပ် အမှာစာမှာ ဦးဖေခင်နဲ့ သူတို့နှစ်ဦး ဒီလို မဆောင်ရွက်နိုင် ခဲ့ရင် မြန်မာပြည်ရဲ့ ကံကြမ္မာတစ်မျိုးဖြစ်ပြီး နယ်ချဲ့ အကြိုက်ဖြစ်သွားမယ်လို့ ရေးခဲ့ပါ တယ်။
အလားတူ ဦးတင်ဧ(ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သူနဲ့ အငြိမ်းစားနိုင်ငံတော်ကောင်စီဝင်)က လည်း သူ့ရဲ့အမှာစာမှာ – ပင်လုံစာချုပ်ကြီး အောင်မြင်စွာ ချုပ်ဆိုနိုင်ဖို့ ဦးဖေခင်ဟာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်နဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ ချုပ်ကြားမှာ အောင် သွယ်တော်ကြီး သဖွယ်ဖြစ်ခဲ့တယ်လို့ ဂုဏ်ပြုရေးသားခဲ့ပါ တယ်။ ဒီလိုနဲ့၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာ သမိုင်းဝင် ပင်လုံ စာချုပ်ကြီးအောင်မြင်စွာ ချုပ်ဆို နိုင်ခဲ့ပြီး ဧပြီလမှာ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကြီးကို လည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ကြ ပါတယ်။
ပြည်ထောင်စု စိတ်ဓါတ်မရှိရင် နိုင်ငံရေရှည် တည်တံ့ခြင်း၊စစ်မှန်တဲ့တိုးတက်ဖွံ့ဖြိုးခြင်းဆိုတာလည်း မရှိ နိုင်ပါဘူး။ ပြည်ထောင်စု စိတ်ဓါတ်ကို ဖျက်ဆီးနိုင်တာဟာ မျက်ကန်းမျိုးချစ် စိတ်ဓါတ်(ဝါ)အစွန်းရောက်တဲ့ လူမျိုးရေး ဝါဒပဲဖြစ်ပါတယ်။
မြန်မာမွတ်စလင်များ အနေနဲ့ သမိုင်းကိုသင်ခန်းစာယူပြီး စစ်မှန်တဲ့ပြည်ထောင်စု စိတ်ဓါတ်နဲ့ လောကကြီးကို အလှဆင်ကြဖို့ တိုက်တွန်း အပ်ပါတယ်။
အလ်ဟာဂျ် မုဖ်သီ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)
မှတ်ချက်- (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် အလ်ဟာဂျ် မုဖ်သီ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၂၀၁၀ ခုနှစ်က ရေး သားထားသော ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။