အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထုတ်ပြန်တဲ့ ICC အရေးကြေညာချက်နဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ဖြစ်စဉ်တွေကို ငြင်းချက်ထုတ်နေရုံနဲ့မပြီးပဲ လိမ်မာပါးနပ်စွာကိုင်တွယ်ဖြေရှင်းသင့်ပြီလို့ မြန်မာ့အရေးလေ့လာအကဲခတ် ဒေါက်တာခင်ဇော်ဝင်းက သုံးသပ်ပါတယ်။” ဒီ Rome Statute ဆိုတဲ့စာချုပ်ကို မြန်မာက လက်မှတ်မထိုးထားဘူး မှန်တယ်။ အဲ့တာကို ကိုယ့်အပေါ် သက်ရောက်မှု မရှိဘူး၊ သို့သော် အခုသူတို့ပြောထားတဲ့ အကြောင်းက သူတို့အမြင်အရ ဆိုလို့ရှိရင် အတင်းအဓမ္မနှင်ထုတ်လိုက်တဲ့ လူခြောက်သိန်းကျော်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်သွားတယ်။ ဘင်္ဂလားဒေ့ရှ်က Rome Statute ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်တယ်။ အဲ့တာကြောင့်မို့လို့ ဒါကို စုံစမ်းပြီးတော့ တရားစီရင်မှာ။ ဒါကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သူ ချေပတာ နဲ့ သူဒီနေ့ ထုတ်ပြန်တဲ့ဟာက လွဲနေတယ်။ ဟိုဘက်က သေချာကို စဉ်းစားပြီးတော့ လုပ်တဲ့ကိစ္စ။ ဇစ်မြစ်အနေနဲ့ ဘယ်က ရောက်လာလဲဆိုတဲ့နိုင်ငံကရော တာဝန်မရှိဘူးလား။ ထည့်စဉ်းစားရမယ်လေ။ ဟာ ကျနော်တို့က Rome Statute ထဲ မပါတဲ့အတွက် မဆိုင်ဘူး အဲ့လိုသွားလုပ်လို့မရဘူး။ Sophistication ရှိရမယ်။ လိမ်မာပါးနပ် ပြီးတော့ ဒီကမ္ဘာ့အဖွဲ့အစည်းတွေ ဘယ်လို လည်ပတ်လဲဆိုတာ သူတို့သိဖို့လိုနေတယ်။ ဒီဟာက သမိုင်းဝင်တဲ့ ကိစ္စဖြစ်နေတယ်နော်။ မြန်မာပြည် လွတ်လပ်ရေးရလာတာ နှစ်ပေါင်း ၇၀ ကျော်ပြီ။ တခါမှ တို့တွေ ICC နဲ့ မငြိဘူးဖူး။ အခုက ဖြစ်နေပြီ။ ကိုယ်က တရားခံဖြစ်နေပြီ။”

အခုလို ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ICC လို တရားခုံရုံးတွေဘက်က စုံစမ်းစစ်ဆေးဖို့ လျှောက်ထားချက်တွေ အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ဖိအားတွေကို ရင်ဆိုင်နေရချိန်မှာ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ နိုင်ငံတကာ သတင်းမီဒီယာတွေကို မြေပြင်အထိ လွတ်လွတ်လပ်လပ် ကွင်းဆင်းလေ့လာမှုတွေကို ခွင့်ပြုသင့်သလို အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပြီလို့လည်း ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

” ကျနော့်အနေနဲ့ ပြောမယ်ဆိုရင် အစောကြီးကတည်းက ကုလသမဂ္ဂက လွှတ်မယ့်အဖွဲ့တွေနဲ့ ဒေါ်စုအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သင့်တယ်။ အဲ့လိုမျိုး ဗြောင်ကြီးပဲ သူ့အနေနဲ့ ငြင်းနေတဲ့အတွက် တဆင့် တဆင့်ပြီး တဆင့် တိုးလာတာ။ UN Security Council တို့ Fact-finding missions တို့ လာမယ်ဆိုကတည်းက လက်သင့်ခံသင့်တယ်လို့ပြောတယ်။ Special Rapporteur လက်ခံသင့်တယ်။ မြန်မာပြည်က ဘူးခံနေတယ်။ နည်းနည်းလေးတော့ အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့-Sophistication ပေါ့လေနော် ပါးနပ်မှုရှိရမယ် လိမ်မာပါးနပ်မှု လိုတယ်။ အဲ့တာက တော်တော်လေးကို နေပြည်တော်မှာ လစ်ဟင်းနေတယ်။”

ရခိုင်မြောက်ပိုင်းက သိန်းချီတဲ့ဒုက္ခသည်တွေ ထွက်ပြေးလာတဲ့ အရေးကတော့ Rome Statute ကိုလက်မှတ် ရေးထိုးထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ လက်မှတ်ရေးထိုးမထားတဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော် ဖြစ်ပွါးတဲ့ အခြေအနေဖြစ်နေတဲ့ အတွက် ICC ခုံရုံးရဲ့ စစ်ဆေးပိုင်ခွင့် တောင်းခံခြင်းဟာ Rome Statute စာချုပ်နဲ့ ကိုက်ညီ အကြုံးဝင်ပြီး ICC ရဲ့ ဦးတည်ချက် ဖြစ်တဲ့ ဆိုးဝါးတဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူနိုင်မှာ ဖြစ်လို့ ရှေ့နေချုပ်ဘက်က ရုံးတော်ကို လျှောက်ထားတာဖြစ်ကြောင်းနဲ့ Rome Statute ရဲ့ အက်ဥပဒေ ၇ (၁) ဃ အရ လူမျိုးစုကို အတင်းအဓမ္မ ရွှေ့ပြောင်းမှုကို ဟန့်တားထားတဲ့ ICC ရဲ့ ရာဇဝတ်မှု သတ်မှတ်ချက်တွေနဲ့ မြန်မာစစ်တပ်က ရိုဟင်ဂျာ လူဦးရေ ထက်ဝက်နီးပါးကို ရွာမီးရှို့၊ သေနတ်နဲ့ပစ်၊ အဓမ္မပြုကျင့်မှုတွေနဲ့ အတင်းအဓမ္မ နှင်ထုတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ကိုက်ညီနေကြောင်း ရှေ့နေချုပ်ရဲ့ လျှောက်ထားချက်မှာ ဖေါ်ပြပါရှိပါတယ်။

(သတင်းအပြည့်အစုံ ဖတ်လိုပါက https://burmese.voanews.com/a/4346511.html)