ဆရာချယ်သည် ကန့်ဘလူမြို့ ဝက်တိုးရွာ၌ ၁၉၁၃-ခု ဒီဇင်ဘာ လ ၁၅-ရက်နေ့တွင် ဖွားမြင်ဖြစ်သည်။ ငယ်မည်မောင်ဘိုးချယ် ဇာတာအမည် မောင်ကံပေါ်ဖြစ် သည်။ သာသနာ့ဘွဲ့မှာ မုဟမ္မဒ်စလေမန်ဖြစ်သည်။ ဖခင်သည် မန္တလေး၊ အင်းခန်းတိုက်မှ ရဟန်း ဝါခုနစ်ဝါရခဲ့ သော ဦးပုဖြစ်သည်။ ဦးပုသည် ဗိန္နောဆေးပညာ ကို လည်း တတ်မြောက်သည်။ နရသုခိ၊ နရ မာလာ၊ နရတန်ဆောင် စသည့် ဆေးကျမ်းများကို အာဂုံရသည် က များသည်။ မိခင်မှာ ရှမ်းအနွယ်မွတ်စလင် အမျိုးသမီး ဒေါ်ဂွမ်းပုံဖြစ်သည်။ဆရာသည် ဝက်တိုးရွာတွင် သူငယ်တန်း စတက်ပြီး ဆရာကြီး အယ်မ်ယူစွပ်ထံမှ အရဗီအနည်းငယ်စတင် ဆည်းပူးသည်။ ကံသာကုန်း ရွာသို့ ပြောင်းရွှေ့သောအခါ အစ္စလာမ်ဘာသာရေးနှင့် မြန်မာစာ တွဲဖက် သင်ကြား သော ပဏ္ဍိတ ဆရာသီ၏ ကျောင်းတွင် အရဗီ၊ အူရဒူ၊ ဖာရစီ အခြေခံများကိုလည်းကောင်း၊ မြန်မာစာ ဒုတိယတန်း ကိုလည်းကောင်း သင်ယူသည်။

ဆရာသီထံမှ ဘာသာရေးစာများသင်ယူ၍ နှောင်းပိုင်း တွင် ဆရာ ညွန့် မူလတန်းကျောင်းတွင် တတိယတန်း အောင်သည် အထိ သင်ယူသည်။ အရွယ်ကလည်း ၁၄-နှစ်သားခန့်ရှိနေပြီ ဖြစ်၍ ပတ်ဝန်းကျင် ဂယက်ကြောင့် စတုတ္ထတန်းတွင် ကျောင်းမှ ထွက်ပြီး လယ်ယာလုပ်ငန်း ခွင်သို့ ဝင်လိုက်ရသည်။
တစ်နှစ်ခန့်အကြာတွင် သတ္တမတန်းကို အလွတ်ဖြေရန် အထူးဝီရိယ စိုက်ထုတ်ကြိုးပမ်းသည်။ သတ္တတန်း အောင်မြင်သောအခါ ရေဦးတွင် ဆရာဖြစ်သင်တန်း တက်သည်။ သင်တန်းတွင် အမှတ်စဉ် ၁ မှ အောင်မြင်ခဲ့ ပြီး လက်ထောက်ဆရာ၊ ကျောင်းအုပ် စသည်ဖြင့် အမှုထမ်းသည်။ ကျောင်း ဆရာလုပ်ရင်း နဝမတန်း စာမေးပွဲ၊ အထက်တန်းစာမေးပွဲ၊ အထက်တန်း ဆရာဖြစ် စာမေးပွဲများကို အလွတ်ဝင်ရောက် ဖြေဆိုအောင်မြင် ခဲ့သည်။ တစ်ဖက်မှလည်း အင်္ဂလိပ်စာကို အခွင့်ကြုံတိုင်း ဆည်းပူးခဲ့သည်။

ဆရာသည် ကံသာကုန်းရွာ အရှေ့ဖျားနေ တောင်သူ လယ်သမား ဦးဘဧနှင့် ဇနီး ဒေါ်မင်းအုံတို့၏ သမီးကြီး ဒေါ်ဧမှီကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သည်။ ဒေါ်ဧမှီသည် ၁၂၇၅ ခု နယုန်လပြည့်ကျော် ၃-ရက် (၂၁၊ ဇွန်၊ ၁၉၁၃)ဖွားဖြစ်သဖြင့် (တစ်နှစ်တည်းဖွား) လပိုင်း သာ အသက် ကြီးသည်ဟု သိရသည်။ ဆရာသည် သားဦးကလေးကို ရွှေဘိုမြို့နယ် ကံသာကုန်းရွာတွင် မွေးဖွားသော်လည်း ၃၉-ရက်အရတွင် သားဦးလေး ကွယ်လွန်သည်။ ဒုတိယသမီးငယ်မှာလည်း ထိုရွာတွင်ပင် မွေးဖွားပြီး ၂၉-ရက်တွင် ကွယ်လွန်ခဲ့သည်။
တတိယသမီး မလှဝင်းကို ကန့်ဘလူမြို့နယ် ဖုတ်တောရွာ တွင် မွေးဖွားသည်။ စတုတ္ထသားဖြစ်သူ ခင်မောင်မြင့်ကို ဂျပန်ခေတ်တွင် မွေးဖွား သည်။ ပဥ္စမနှင့် နှောင်းဆုံးမွေး သမီး မမြင့်မြင့်ဝင်းကိုကား ၁၉၅၂-ခုနှစ်တွင် ရန်ကုန်မြို့ သို့ ရောက်မှမွေးဖွားခဲ့သည်။ သား သမီး၂-ဦး အဖတ် မတင်သဖြင့် ဆရာ၌ ၃-ဦးသာ ကျန်ရစ်သည်။

ဆရာသည် ကျောင်းဆရာလုပ်ရင်း ကျေးရွာငွေစုအသင်း၊ စပါးစု အသင်းစသည်တို့ ဖွဲ့စည်းသည်။ သခင်တရားပွဲများကို မလွတ်တမ်းနာ သည်။ နဂါးနီအသင်း ထုတ်စာအုပ်များကို အမြဲတမ်း ဝယ်ယူ ဖတ်ရှု သဖြင့် နိုင်ငံရေးအသိနိုးကြားနေသည်။ ဇာတိမာန် ထက်သန်နေသည်။ ဆရာသည် နာမည်ကြီး စာအုပ်များ ကို မလွတ်တမ်း ဝယ်ဖတ်သည်။ ဖတ်ပြန်များသဖြင့် စာရေးချင်လာသည်။ ရွှေÓာဏ်ချယ်ဟူသော ကလောင် အမည်ဖြင့် ခေတ်မြင်ဝတ္ထုတိုများရေးသည်။ အညှဉ်းမခံ၊ ကဝေရွာ၊ လူပျိုကြီး စသည်တို့ ဖြစ်သည်။ မိမိဆရာဘဝအတွေ့အကြုံ ဆောင်းပါးများကို ပညာ မဂ္ဂဇင်း တွင် ရေးသည်။

ခေတ်အခြေအနေအရ ပေါ်ပေါက်လာသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ မြန်မာမွတ်စလင်ဗဟိုနိုးကြားရေး အဖွဲ့ချုပ်ကြီးတွင် ဆရာသည် ရွှေဘို နယ်မှ တက်ြွကစွာ ပါဝင်သည်။ ၁၉၃၈ မှ ၁၉၄၁ ခုနှစ်အထိ အမှုဆောင် အကြံပေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။ ထိုအဖွဲ့ကြီးသည် တို့ဗမာ အစည်းအရုံး သခင်များနှင့် နီးစပ်သောအဖွဲ့ဖြစ်သည်။ သခင်များက တို့ဗမာ ဟု သုံးသကဲ့သို့ သူတို့က မြန်မာမွတ်စလင်ဟု ခေါ်နေရာမှ ဗမာမွတ်စလင် ဟု ပြောင်း၍ ခေါ်ဝေါ်သုံးစွဲကြသည်။ နိုးကြားရေးအဖွဲ့ဝင်များအား ဗမာ မွတ်စလင် သခင်များ သဖွယ် သဘောထားကြသည်။

၁၉၃၉-ခုနှစ်တွင် ဗမာမွတ်စလင်တို့၏ ရှေးဟောင်း အတ္ထုပ္ပတ္တိ စာအုပ်ကိုပြုစုသည်။ စစ်ကိုင်းမြို့ မြသန်းစာ ပုံနှိပ် တိုက်မှပုံနှိပ် ထုတ်ဝေသည်။ ရှေးဟောင်းပေမူ ပုရပိုက်မူများမှ အထောက်အထားပြု တင်ပြသဖြင့် လူကြိုက် များသည်။ ဆားကုန်းရွာ ဆရာကြီး ဦးခွာ၏ စေ့ဆော်တိုက်တွန်းမှု၊ အထောက်အထားများ စုဆောင်း ပေးအပ်မှု၊ ရခိုင်မှ အမတ်မင်း ဦးဘိုးခိုင်၏ ဓာတ်ပုံ အထောက်အထားများ ကူညီမှု၊ ဆရာကြီး ပုံက ငွေရင်း စိုက်ထုတ်မှု၊ ဖြန့်ဝေရောင်းချပေးမှုစသည့်ပြု ဖူးသော ကျေးဇူး တရားများကို နောင်သော် ဆရာက ထုတ်ဖော် ရေးသားသည်။ ဗမာ မွတ်စလင် နိုးကြားရေး အဖွဲ့များ အတွက် အထောက်အကူပြုသော စာအုပ် ဖြစ်ခဲ့သည့် သမိုင်းနှင့်ပတ်သက်၍ လည်း ယနေ့တိုင် ကိုးကား ဖော်ပြနေ ရသော စာအုပ်ဖြစ်သည်။

ဖက်ဆက်တော်လှန်ရေးတွင် မဟာဗမာမွတ်စလင် အဖွဲ့ချုပ်ကို တည်ထောင်ပြီး ဝက်တိုးရွာတွင် ခရိုင်ကွန်ဖရင့် ကျင်းပသည်။ တစ်ဖက်မှ လည်း ရွှေဘိုခရိုင် အရှေ့အာရှတိုက်လူငယ်များ အစည်းအရုံး တွင် အစုခွဲ ခေါင်းဆောင်အဖြစ် ဆောင်ရွက်သည်။ ရွှေဘို ခရိုင် မြေအောက်ဖက်ဆစ် တိုက်ဖျက်ရေးအဖွဲ့ အေအက်ဖ်အိုတွင် လူထုစည်းရုံးရေးနှင့် ထောက်လှမ်း ရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်သည်။ စစ်ပြီးကာလတွင် ဖဆပလအဖွဲ့ ချုပ် တည်ထောင် သောအခါ ရွှေဘိုခရိုင် ဖဆပလ စတင်တည်ထောင်သူတို့ တွင် အရေးပါသောနေရာမှပါဝင်သည်။

တောင်သူလယ်သမားသမဂ္ဂအတွက်လည်း ရွာစဉ်လှည့် စည်းရုံးပေး သည်။ ဖဆပလအဖွဲ့ချုပ်နှင့်ပေါင်းကာ လွတ်လပ်ရေး တိုက်ပွဲတွင် ဗမာ မွတ်စလင် လူထုပါဝင် ရေးအတွက် ဗမာနိုင်ငံ လုံးဆိုင်ရာ ဗမာမွတ်စလင် ကွန်ဂရက် ဗမကကို စတင်ဖွဲ့စည်းသည် မှစ၍ ပါဝင် သည်။ ဗမက အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ၁၉၄၈-ခုနှစ်မှ ၁၉၅၆-ခုနှစ်တိုင် စဉ်ဆက်မပြတ် ဆောင်ရွက်သည်။ ဗမက ဖျက်သိမ်းပြီးသော် အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် အမှုဆောင်အဖြစ် ပါဝင်သည်။ ၁၉၆၀-ပြည့်နှစ် ဇူလိုင်လတွင် ဗမာ မွတ်စလင် ရေးရာညှိနှိုင်းမှုအဖွဲ့အတွက် စည်းရုံးသည်။

၁၉၅၄- ခုနှစ်မှစ၍ အလုပ်သမား အစည်းအရုံးများ အဖွဲ့ချုပ် (ဗမာနိုင်ငံ)တီယူစီဘီတွင် စည်းရုံးရေးမှူး ဌာနကြီးမှူးအဖြစ် ဆောင်ရွက် သည်။ ၁၉၅၆-ခုနှစ် ပြည်လုံးကျွတ် ညီလာခံတွင် အတွင်းရေးမှူး တစ်ဦးအဖြစ် ရွေးချယ်ခံရသည်။ တီယူစီဘီတွင် ပြည်သူ့လက်ရုံး ဂျာနယ် အယ်ဒီတာချုပ်အဖြစ် နှစ်နှစ်ခန့်ဆောင်ရွက် သည်။

၁၉၅၅-ခုနှစ်တွင် ဆရာသည် အလုပ်သမားရေးရာ လေ့လာရေး အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၁၉၅၆တွင် အင်္ဂလန်နိုင်ငံ၊ ၁၉၅၈တွင် ဆိုဗီယက်ယူနီယံ၊ ၁၉၆၁-ခုနှစ်တွင် မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့ သည်။ ၁၉၆၁-ခုနှစ် မော်စကိုမြို့တွင် ကျင်းပသော ပဥ္စမအကြိမ်မြောက် ကမ္ဘာ့အလုပ်သမားညီလာခံ သို့ တီယူစီဘီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် တက်ရောက် ခဲ့သည် ။

ဆရာသည် ၁၉၅၆-ခုနှစ်တွင် ရမည်းသင်းတောင်ပိုင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၁၉၅၅-ခုနှစ်ကပင် နမ္မတူဘော်တွင်း ဖက်စပ်လုပ်ငန်း၌ အစိုးရခန့် အေဒါရိုက်တာ ဖြစ်သည်။

၁၉၅၅-ခုတွင် တရုတ်ပြည်မှ တိုင်းပြည်၏အရှင်သခင်များ စာအုပ်ကိုလည်းကောင်း၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အလုပ်သမား သမဂ္ဂဥပဒေဘာသာပြန်ကို လည်းကောင်း၊ ၁၉၅၇-ခုနှစ်တွင် ကမ္ဘာ့အလုပ်သမား သမိုင်း ကို လည်းကောင်း ရေးသားပြုစု ထုတ်ဝေသည်။

၁၉၆၀-ပြည့် အထွေထွေရွေးကောက်ပွဲကြီးတွင် တည်မြဲ ဖဆပလ အမတ်လောင်းအဖြစ် ရနောင်မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်သည်။ အရွေးမခံရ။ ၁၉၆၂-ခုနှစ်တွင် တော်လှန်ရေးကောင်စီ တက်လာသောအခါ ဖဆပလ အဖွဲ့ချုပ်မှ နုတ်ထွက်ပြီး တော်လှန်ရေး ကောင်စီကို ထောက်ခံ သည်။

လုပ်အားပေးဘဝမှစ၍ တာဝန်မရွေး ကျေပွန်စွာ ဆောင်ရွက် ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် ဗဟိုကော်မတီဝင် ဖြစ်လာသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မရှင် ဖွဲ့စည်းသော အခါ ပါတီဗဟိုကော်မတီက ဆရာ့အား အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ပေးခဲ့သည်။

ဗဟိုသမဝါယမအသင်း စတင်တည်ထောင်သော အချိန် မှစ၍ ပါတီ၏တာဝန်ပေးချက်ဖြင့် ဗဟိုအမှုဆောင် ကော်မတီဝင်အဖြစ် ၄-နှစ်ခန့် တာဝန်ထမ်းဆောင်သည်။ ထိုစဉ် သမဝါယမဂျာနယ်ကို တာဝန်ခံထုတ်ဝေပြီး မောင်ကံပေါ် ကလောင်အမည်ဖြင့် ဆောင်းပါး များ ရေးခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ကြားဖြတ် ရွေးချယ်တင်မြှောက်ပွဲတွင်လည်းကောင်း၊ ပုံမှန်ရွေးချယ် တင်မြှောက်ပွဲတွင် လည်းကောင်း ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအဖြစ် ပါတီတာဝန် အနေဖြင့်ဆောင်ရွက်သည်။

၁၉၈၀ ပြည့်နှစ်တွင် မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြို့၌ ကျင်းပသော အစ္စလာမစ်ဒကဝါကွန်ဖရင့်သို့ အစ္စလာမ်အဖွဲ့ ကို ခေါင်းဆောင်သွားရန် အစိုးရက ရွေးချယ်စေလွှတ်သည်။ ပြန်ရောက် သောအခါ ဆရာသည်အစ္စလာမ်မစ်ဒကဝါကွန်ဖရင့် အတွေ့အကြုံ များ အမည်ဖြင့် စာအုပ်တစ်အုပ်ကို ပြုစုပုံနှိပ်ထုတ် ဝေ သည်။

ပါတီတာဝန်ပေးချက်ဖြင့်ပင် တတိယအကြိမ် ရွေးချယ် တင်မြှောက်ပွဲ တွင် ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည်။ ၁၉၈၄ ခုနှစ်တွင် နိုင်ငံတော်ကောင်စီ၏ နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမဆင့် ချီးမြှင့်ခြင်းခံရသည်။
ဆရာ့ကို စတုတ္ထအကြိမ်ပြည်သူ့လွှတ်တော်က ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အဖြစ် တာဝန်ပေးအပ်သည်။ န-ဝ-တ အစိုးရလက်ထက် တွင်လည်း ဆက်လက်တာဝန် ပေးအပ်ခဲ့ရာ ကွယ်လွန် ချိန် အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၉၀-ပြည့်နှစ်တွင် တရားမျှ တသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ဆီသို့ စာအုပ် ကို ရေးသား ထုတ်ဝေသည်။

ဆရာသည် ပါတီရေး၊ နိုင်ငံရေး စာအုပ်များ၊ ဆောင်းပါး များ ရေးခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် မိုးသောက်ကြယ် မဂ္ဂဇင်း၌ သမိုင်းဆောင်းပါး ၂ ပုဒ် ဆက်ရေးသည်။ မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာရောက်ရှိ လာပုံ အမည်ဖြင့် ၁၉၈၆ ဇန်နဝါရီလတွင် စတင်ရေးသားသည် ။ ပြီးမှ ရှင်းလင်းရန် ကျန်ရှိနေသေးသော အချက်များကို ဆက်လက်ရှင်းလင်းရန် ဟု အဆိုပါ ခေါင်းစဉ်ဖြင့်ပင် ထပ်မံရေးသားသည်။

ဆောင်းပါးအချုပ်မှာ မွတ်စလင်များသည် နှစ်ပေါင်း တစ်ထောင် ကျော်ကာလမှစ၍ ကာလကြာမြင့်စွာ ကပင် မြန်မာနိုင်ငံတွင် နေထိုင်ကြ သည်။ တိုင်းရင်းသား၊ နိုင်ငံသားဖြစ်နေကြသော အစ္စလာမ်ဘာသာဝင် များ သည် မြန်မာဘုရင်များ လက်ထက်တော်အခါက အစ္စလာမ်ဘာသာဝင် များကဲ့သို့ တိုင်းရင်းသား ကောင်း၊ နိုင်ငံ့သားကောင်း ပီသစွာ နိုင်ငံတော်၏ တာဝန်၊ လူသားထုတစ်ရပ်လုံး တာဝန်ကို ရွပ်ရွပ်ချွံချွံ ပါဝင် ထမ်းဆောင် ကြရန် နှိုးဆော်ခြင်းဖြစ်သည်။

၁၉၈၇ ခု မတ်လထုတ် မိုးစင်ကြယ်စာစောင်တွင် နိုင်ငံတော်အလံ အလေးပြုသည့် အစဉ်အလာ ခေါင်းစဉ်ဖြင့် ဆရာ့ဆောင်းပါးပါရှိသည်။

]ငါသည် ကမ္ဘာသူ ကမ္ဘာသားများ၏ငြိမ်းချမ်း သာယာရေး အတွက် သင့်အားစေလွှတ်ခြင်း ဖြစ်သည်}
ဟူသော ကုရ်အာန် (၂၁း၁၀၇) ဖြင့် ဆောင်းပါးကို စဖွင့်သည်။ ဆိုလိုချက်ကို ]မည်သည့်နိုင်ငံတွင်ဖြစ်စေ အစ္စလာမ်ဘာသာဝင် ဖြစ်ကြသော တိုင်းရင်း သား၊ နိုင်ငံသားသည် မိမိတို့နေထိုင်ရာနိုင်ငံရှိ လူသားထု တစ်ရပ်လုံး၏ သာယာဝပြောရေး ဆောင်ရွက်ရန် တာဝန်ရှိရာ တိုင်းရင်းသားကောင်း၊ နိုင်ငံသားကောင်း တို့၏ နေရာတွင် ရောက်ရှိစေကြရမည်သာ ဖြစ်ပေသည် ဟု ဖွင့်ဆိုပြ သည်။

ဆရာက ရှေးမင်းများလက်ထက်မှစ၍ အခြားတိုင်းရင်း သားများနှင့် အဘက်ဘက်တွင် ပူးပေါင်း ဆောင်ရွက်ခဲ့မှု၊ ဗမက အဖွဲ့ကြီးသည် ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို တင်ပြသည်။ ဘာသာရေးအယူသည်းသူများ၊ ပြည်ပဩဇာလွှမ်းမိုး သူများက မှားယွင်း သော လှုံ့ဆော်မှုများ ရှိနေလင့်ကစား ဗမကအဖွဲ့ဝင်များသည် နိုင်ငံတော် အလံကို အလေးပြ ုရာတွင် အလံတော်ရှေ့၌ မတ်တပ်ရပ်၍ သတိ အနေ အထားဖြင့် အလံတော်ကိုစူးစိုက်ကြည့်နည်းဖြင့် အလေးပြုရန် ညှိနှိုင်းခဲ့ ကြသည်။ ဗမက ဖျက်သိမ်းပြီး အစ္စလာမ်သာသနာရေးရာကောင်စီက လည်း နိုင်ငံတော်အလံ အလေးပြု ခြင်း၊ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကို ဖတ်သောအခါ မတ်တပ်ရပ်၍ နားထောင် ခြင်းတို့ကို ပြုလုပ် ခဲ့ကြသည်။

၁၉၅၇-ခုနှစ်က အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ ဒေယိုဘန် ကျောင်းအုပ် ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် အဆိုပါ ပြဿနာများကို မေးမြန်းခဲ့သည်။ ဆရာကြီးက တိုင်းပြည်၏ဓလေ့ထုံးစံယဉ်ကျေးမှုဟု သတ်မှတ်ထား လျှင် လိုက်နာရမည်။ နိုင်ငံတော်အလံကို အစ္စလာမ်သာသနာဝင်တို့ထက် အလေး ပြုရမည်သူမရှိ၊ အလေးပြုရာ တွင် ၉၀ ဒီဂရီအထိ ကုန်းလျှိုးခြင်းသာ ရှောင်ရမည်။ ဆွလာသ်ဝတ်ပြုရာတွင် အစ္စလာမ်ဝတ်စုံ ဟူ၍ သတ်မှတ်ချက် မရှိဟူ၍ ဖြေကြားသွားသည်များကို ပြည့်စုံစွာ တင်ပြထားသည်။

ဆောင်းပါးနိဂုံးတွင် ကျောင်းအုပ်ကြီး မောင်လာနာ တွိုင်ယစ်ဆပ် ဖော်ပြခဲ့သော အဆုံးအဖြတ်အတိုင်း ရှင်းလင်းခဲ့ပြီးဖြစ်၍ နိုင်ငံတော်အလံကို အလေးပြုရာတွင် တစုံတစ်ရာသံသယရှိရန်မလိုကြောင်း သိရှိကြကာ တိုင်းရင်းသားကောင်း၊ နိုင်ငံသားကောင်းဖြစ်ကြသော အစ္စလာမ်ဘာသာဝင် တို့သည် နိုင်ငံတော်ကို ချစ်မြတ်နိုး၍ နိုင်ငံတော်အလံကိုလေးစားကြရမည်။ လိုအပ်သည့် အချိန်တွင် အလေးပြုရမည်ဖြစ် ကြောင်းရေးသား တင်ပြ လိုက်ရပေသည်}ဟု ဆရာ၏သဘောထားကို ဖော်ထုတ်လိုက်ပါသည်။

ဆရာသည် ၁၉၉၂ မေလထုတ် မိုးသောက်ကြယ် မဂ္ဂဇင်းတွင် ဗမာမွတ်စလင်မ် ယဉ်ကျေးမှုတစ်ရပ်ကို ဇာမာကောင်တက်ပွဲ ခြိမ့်ခြိမ့်သဲ ဆောင်းပါးဖြင့် ဖော်ကျူးခဲ့သည်။ ဇာမာသည် ဘင်္ဂါလီစကားဖြစ်သည်။ သမက်ဟု အဓိပ္ပာယ်ယူနိုင်သည်။ ဆရာကအတွေးဖြန့်သည်မှာ- ဇာမာကောင်တက်သည် ဟူသော စကား သည် မြန်မာ ပြည်၌မရှိ။ မွတ်စလင်မ်တို့က တီထွင်ခဲ့ခြင်းမဟုတ်ဘဲ ရခိုင် မွတ်စလင်မ်တို့ထံမှ ရောက်လာ သော စကားဟူ၍ မှတ်ချက်ချမိ ပေသည်။

ထို့ကြောင့်ပင် မြန်မာသက္ကရာဇ် ၁၀၇၁ ခုနှစ်၊ စနေမင်း လက်ထက်တွင် ရခိုင်ပြည်ဘက်မှ မွတ်စလင်မ် ၃၀ဝဝ (သုံး ထောင်)ကျော် မြန်မာပြည်မသို့ ရောက်ရှိခဲ့ရာ ]ဇာမာကောင် တက်သည်} ဟူသော အသုံးအနှုန်းလည်း ထိုမွတ်စလင်မ်တို့နှင့် အတူ ပါလာခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ အညာဒေသနှင့် အလယ် ပိုင်းဒေသတို့တွင် စနေဘုရင်နေရာချထားပေးခြင်း ခံရသော မွတ်စလင်မ်တို့သည် နှစ်ပေါင်း ၁၀ဝဝ (တစ်ထောင်) ကျော် က ရခိုင်ပြည်သို့ ရောက်ရှိနေခဲ့သော မွတ်စလင်မ်များ၏ အဆက် အနွယ်များဖြစ် ကြောင်းကိုလည်း သမိုင်းရေးရာ အထောက် အထားတစ်ခု ဖြစ်သည်ဟု ဆိုချင်ပါသည်။

ဇာမာကောင်တက်ပွဲများတွင် တိုင်းရင်းသား မွတ်စလင်မ် ဘာသာဝင်တို့သည် ဘာသာရေးဆရာကြီးများ တားမြစ်ထား သည့် အစ္စလာမ်ဘာသာမှ တရားဝင်ခွင့်မပြုသော အတီးအမှုတ် အကအခုန်များဖြင့် ဆင်နွှဲခဲ့ကြသည်မှာ မြန်မာ့ယဉ်ကျေးမှု အနုပညာ အကအခုန်များဖြင့် ဆင်နွှဲခဲ့ကြသည်ဖြစ်၍ မြန်မာ့ ယဉ်ကျေးမှု အနုပညာကို ချစ်မြတ်နိုးနားလည်ကြ ခြင်းကြောင့် ဖြစ်သည်ဟူ၍ သုံးသပ်ရမည်ထင်ပါသည်။ ယခုအခါ ထိုသို့သော ဇာမာကောင်တက်ပွဲများ မရှိတော့ပါ။

ထို့ပြင် ရှေးတိုင်းရင်း အစ္စလာမ်များအနက် ရွှေဘိုနှင့် ပျော်ဘွယ် နယ်တို့ရှိ အချို့တိုင်းရင်း မွတ်စလင်မ်များ သည် တမန်တော်မြတ်အား ချီးကျူးသော အရဗီဘာသာဖြင့် ရေးထား သော (မောင်လွဒ်)ကဗျာများတွင် ပါသော အရဗီစာလုံးများကိုပင် မြန်မာ့အသံ မြန်မာ့အသွားဖြစ် သော ဝေဇယန္တာ သီချင်းကြီး အသွား၊ ရှစ်ဆယ်ပေါ် တေးထပ်အသွား စသည်တို့ဖြင့် ပြောင်းလဲ ရေးသားသီဆို ခဲ့ကြသည်မှာ မြန်မာ့ဂီတပညာကို တိုင်းရင်းသား မွတ်စလင်မ်တို့သည် ချစ်မြတ်နိုးကြရုံသာမက ကျွမ်းကျင် ကြခြင်း ကြောင့်လည်း ဖြစ်သည် ဆိုက မှားအံ့မထင်ပေ – ဟူ၍ ဖြစ်သည်။ ဆရာက တိုင်းရင်းမွတ်စလင်မ် ယဉ်ကျေးမှု ကို လွမ်းဆွတ် ဖော်ကျူးသကဲ့သို့ တိုင်းရင်း မွတ်စလင်မ်သမိုင်းကိုလည်း ခိုင်မာစေသည့် တင်ပြချက် ဖြစ်သည်။ ဆရာသည် မြန်မာ့ယဉ်ကျေးမှုကို အလေးထား သည်။ မြန်မာ့အနုပညာကို မြတ်နိုးသည်။

ဆရာသည် ၁၉၈၆-ခု နိုဝင်ဘာလတွင် ကျွန်ုပ်အကြောင်း မှ သိကောင်းစရာများစာအုပ်ကို ပြုစုထုတ်ဝေ သည်။ ဇာတိမျိုးရိုးမှ ပါတီ တာဝန်ဖြင့် ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဘဝအထိ အခန်း ၁၄ခန်း ပါဝင်သည်။ ဖြတ်သန်းခဲ့သမျှ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးအတွေ့အကြုံ များမှ သိစေချင် သည်များကို တင်ပြထားသည်။ ငယ်စဉ်ကျောင်းသားဘဝမှ လယ်သမား၊ ကျောင်းဆရာ၊ နိုင်ငံရေးသမား၊ စာရေးဆရာ၊ အယ်ဒီတာ၊ ကျမ်းပြု၊ ပြည်သူ့ကိုယ်စားလှယ်၊ နိုင်ငံ့ကိုယ်စားလှယ်ဘဝများတွင် မိမိခံယူချက် အတိုင်း ပီပီပြင်ပြင် ဆောင်ရွက်နိုင်မှုများကို ဖော်ပြ ထားခြင်းဖြစ်သည်။

သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ သည် ဆရာ၏ နောက်ဆုံးထုတ်စာအုပ်ဖြစ်သည်။ ၁၉၃၉ ခုနှစ်တွင် ဆရာပြုစုခဲ့သော ဗမာမွတ်စလင်သမိုင်း စာအုပ်သည် တိုင်းရင်းမွတ်စလင် သမိုင်းကို ရာဇဝင် ကွင်းဆက်မပြတ် ခေတ်အဆက်ဆက်မှ အထောက် အထားများဖြင့် ပြုစုထားသကဲ့သို့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ စာအုပ်သည်လည်း အစ္စလာမ်သာသနာနှင့် ပတ်သက်၍ ကုရ်အာန် ဟဒိဆ်များကို ခပ်များများ ကိုးကားကာ ခြေခြေမြစ်မြစ် လေ့လာတင်ပြထားသော စာအုပ်ဖြစ်သည်။ ဘာသာချင်းချင်း ချစ်ကြည် ရေး၊ အပြန်အလှန် နားလည်ရေး၊ ထောက်ထား စာနာ လေးစားရေးတို့ကို အခြေပြုကာ ဘဝရင့်ကျက်ချိန် အတွေးများ မျှဝေထားသဖြင့် တိုင်းရင်းမွတ်စလင်များ အလေး ထားရမည့် စာအုပ်ကောင်း ဖြစ်သည်။

ဆရာကိုယ်တိုင်ကလည်း ]သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ဆိုသည့်အတိုင်း၊ သူတော်ကောင်းတရား လက်ကိုင်ထား ကြသော တိုင်းရင်းဘာသာ အသီးသီးမှ အမျိုးသား အမျိုးသမီးတို့သည် ဘာသာအချင်းချင်း ချစ်ကြည် နားလည်ရေးကို မုချအောင်မြင်စွာ ဆောင် ရွက်နိုင်မည်ဟု ယုံကြည်ပေသည်}ဟု ကျမ်းနိဂုံးတွင် မိမိ ယုံကြည်ချက်ကို ဖွင့်ဟထားပါသည် ။
ဆရာသည် နိုင်ငံသားကောင်းပီသမှု၊ တိုင်းရင်းမွတ် စလင်ပီသမှု အတွက် စံပြအဖြစ်ပြုမူနေထိုင်ရင်း၊ ထိုသို့ နေထိုင်ကြရန် စည်းရုံးရင်း ၁၉၉၆-ခု နိုဝင်ဘာ ၂၄ ရက်နေ့တွင် အရှင်မြတ်အမိန့်တော်ခံယူသည်။ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကန်တော်လေးသုသာန်တွင် မြုပ်နှံထားသည်။

ပါမောက္ခ ဒေါက်တာ အောင်ဇော်