တင်နိုင်တိုး

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း အစဖြစ်သော စစ်တမ်းကောက်ယူခြင်းကို ညောင်ရမ်းခေတ် သာလွန်မင်း (၁၆၂၉-၁၆၄၈) လက်ထက် ၁၆၃၇-၁၆၃၈ ခုနှစ်များတွင် စတင်ခဲ့ပါသည်။သာလွန်မင်းလက်ထက် စစ်တမ်း

သာလွန်မင်းသည် ခမည်းတော် ညောင်ရမ်းမင်းလက်ထက်မှစ၍ ကျယ်ပြန့်စွာ ဖွဲ့စည်းလာခဲ့သော အစုအငန်းတို့ကို ရောထွေးယှက်တင် မဖြစ်စေရန် သို့မဟုတ် အစဉ်အလာရိုးရာ ကြီးစိုးအုပ်ချုပ်မှုကို ခိုင်မြဲစေရန် စစ်တမ်းကောက်ယူခဲ့၏။ သာလွန်မင်း၏ ၂၁ ဖေဖော်ဝါရီ ၁၆၃၈ ရက်စွဲပါ အမိန့်တော်တွင် “သက္ကရာဇ် ၉၉၉ ခု တပေါင်းလပြည့်ကျော် ၅ ရက် ကြာသပတေးနေ့ ၁၂ ရာသီ ပြိဿစန်း အခါတော်နှင့် ငတက်တူ၊ ငရန်အောင်၊ ငတက်ခေါင်၊ ဒိုင်းမှူးဝက် လူးစားရန္တုပ္ပ၊ ငါးစင်ရိုင်းစား ရမ္မဒေဝ တို့ကို တာဝါးကြိုး တိုင်းတာမှတ်သားပေးချေ စစ်ကြောရမည်” ဟူ၍ ဖော်ပြထားရာ အမည်စာရင်းပါ အမှုထမ်းများအား စစ်တမ်းကောက်ယူရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူများဟု ဆိုနိုင်ပါသည်။

ကုန်းဘောင်ခေတ် စစ်တမ်း

ကုန်းဘောင်ခေတ်ဦးကာလ မြေဒူးမင်း (ဆင်ဖြူရှင်)(၁၇၆၃-၁၇၇၆) လက်ထက် ၁၇၆၅ ခုနှစ်ဝန်း ကျင်တွင် စစ်တမ်းကောက်ယူ ခဲ့ပြန်ပါသည်။ သို့သော် ဆင်ဖြူရှင်မင်းသည် စစ်တမ်းကောက် ယူရေး လုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဆောင်ရွက်နိုင်ခဲ့ပေ။ နယ်စပ်ဒေသ ကူးသန်း ရောင်း ဝယ် ရေးကိစ္စဖြင့် ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ရသောကြောင့် ၂ အောက်တိုဘာ ၁၇၆၅ တွင် မြန်မာ တပ်များ စစ်ချီတက်ခဲ့ရသောကြောင့် ဖြစ်သည်။

ဗဒုံမင်း၏ အမိန့်တော်

ဗဒုံမင်းခေါ် ဘိုးတော်ဘုရား (၁၇၈၂-၁၈၁၉)နန်းတက်စ၌ပင် ပညာရှိအမတ်အချို့က စစ်တမ်းကောက် ယူသင့်ကြောင်း အကြံပြုလျှောက်တင်ခဲ့ကြသည်။ သရေသင်္ခယာအမတ် ၁၆ သြဂုတ် ၁၇၈၃ တွင် ရေးဖွဲ့ပြီးသည့် သာဓိနပျို့၌ စစ်တမ်းကောက်ယူရန် တိုက်တွန်းထားပါသည်။ သို့ဖြင့် ၁၅ နိုဝင်ဘာ ၁၇၈၃ တွင် ဗဒုံမင်းက စစ်တမ်းကောက်ယူရေး အမိန့်တော်ကို ထုတ်ပြန် ခဲ့သည်။

ယင်းအမိန့်တော်တွင် “သက္ကရာဇ် ၁၁၄၅ ခု နတ်တော်လဆန်း ၈ ရက်နေ့ ၂ နေ့နံနက် ၄ ချက်တီးကျော် တစ်နာရီ ၃ ပါဒ် ၁၀ ဗီဇနာ ၂ ပြန် ၄ ခရာပြည့်တွင် စာရင်းတော်စ၍ စစ်သိမ်းရမည့် အခါတော် ရကြောင်းနှင့် ပညာရှိတစ်စုတို့က စာဆက်သွင်းသည့်အတိုင်း တိုင်သူရင်း အစုအငန်းဖွဲ့ ဘက်ရန် စစ်သိမ်းသည့်စာရင်းကို စ၍စစ်သိမ်းစေ ထုတ်ပြန်တော်မူသည့် အမိန့်တော်အတိုင်း မတည် နေ့ လ မရှည်တန်ရှည်ကြာ၍ ဆင်းရဲသား ကျွန်တော်မျိုးတို့ မပင်မပန်းတန် ပင်ပန်းရသည်။ တံစိုးပဏ္ဏာ စား ယူကြသည် ကြားတော်မူရလျှင် နှစ်ခွန်းချေရမည် မမှတ်နှင့်” ဟူ၍ စစ်တမ်းများအား သတ်မှတ် ချိန်အမီ အပြီးသိမ်းဆည်းနိုင်ရန်နှင့် တံစိုးလက်ဆောင် မယူကြရန် ကျပ်တည်းစာ အမိန့် ထုတ်ပြန် ခဲ့သည်။

ဗဒုံမင်းလက်ထက် စစ်တမ်

အမိန့်တော်အရ ၂ ဒီဇင်ဘာ ၁၇၈၃ တွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် စစ်တမ်းစတင် ကောက်ယူခဲ့သည်။ ယင်းနေ့၌ပင် တလုတ်မြို့စီရင်စု ရှားတောရွာစစ်တမ်းကို သူရိန်ကျော်စွာ က ဆက် သွင်းခဲ့ကြောင်း တွေ့ရှိရ၏။ ဗဒုံမင်းသည် ၁၈၀၂ ခုနှစ်တွင် စစ်တမ်းထပ်မံ ကောက်ယူ ခဲ့ပြန်ပါ သည်။ သို့သော် စစ်တမ်းအများစုမှာ သာသနာ့မြေနှင့် အုပ်ချုပ်သူမျိုးရိုး ဆက်ခံမှု သိရှိနိုင်ရေးကိုသာ အလေးထားခဲ့ရာ တစ်နိုင်ငံလုံး၏ လူဦးရေနှင့် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများကို ဖော်ပြနိုင်ခဲ့ခြင်း မရှိပေ။

ပထမဆုံး သန်းခေါင်စာရင်း

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာပြည်တစ်ဝန်း ဗြိတိသျှ လက် အောက် သို့ ကျရောက်ခဲ့သည်။ ထို့နောက် ၁၅ သြဂုတ် ၁၈၇၂ ညသန်းခေါင်အချိန်တွင် ပထမဆုံး လူဦးရေစာရင်းကို စနစ်တကျ စတင်ကောက်ခံခဲ့သည်။ မူလက ၁၈၇၁ ခုနှစ်တွင် အိန္ဒိယနှင့် တစ်ပြိုင်နက် သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်ခဲ့သော်လည်း အစဉ်သင့်မဖြစ်၍ ဗြိတိသျှ မြန်မာပြည် အား အချိန်ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ညသန်းခေါင်ယံအချိန်တွင် စတင်ကောက်ယူ ခဲ့သဖြင့်လည်း သန်းခေါင်စာရင်းဟု အမည်တွင်ခဲ့ခြင်း ဖြစ်ပါသည်။

၁၀ နှစ်တစ်ကြိမ် သန်းခေါင်စာရင်း

ဗြိတိသျှအစိုးရသည် ၁၈၈၁ ခုနှစ်တွင် အောက်မြန်မာပြည်၌ သန်းခေါင်စာရင်း ထပ်မံကောက် ယူခဲ့ ပါသည်။ ယင်းနောက် ၁၈၉၁ ခုနှစ်တွင် နောက်တစ်ကြိမ် ထပ်မံကောက်ယူ ခဲ့ပြန်ပါသည်။ ၁၈၈၆ ခုနှစ် တွင် မြန်မာတစ်ပြည်လုံးကို သိမ်းပိုက်လိုက်ပြီး ဖြစ်သဖြင့် ၁၈၉၁ ခုနှစ်သန်းခေါင်စာရင်းမှာ တစ်ပြည်လုံး အတိုင်းအတာဖြင့် ကောက်ယူခဲ့ခြင်းဖြစ်ပါသည်။ ယင်းနောက်ပိုင်း ၁၀ နှစ်တစ်ကြိမ် ကောက်ခံခဲ့ရာ ၁၉၀၁၊ ၁၉၁၁၊ ၁၉၂၁၊ ၁၉၃၁၊ ၁၉၄၁ ခုနှစ်စသည်ဖြင့် ဖြစ်ပါသည်။

၁၉၄၁ ခုနှစ် သန်းခေါင်စာရင်း

ဗြိတိသျှအစိုးရသည် ၁၉၄၁ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူခဲ့သော်လည်း ယင်းသန်း ခေါင် စာရင်းမှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာမှုကြောင့် ယာယီစာရင်းများသာ ကောက် ယူနိုင် ခဲ့ကြ သည်။ များမကြာမီ ဂျပန်တပ်များ ဝင်ရောက်လာမှုကြောင့် ဗြိတိသျှအစိုးရမှာ မြန်မာပြည် တွင်းမှ ထွက်ခွာသွားခဲ့ရသည်။ သန်းခေါင်စာရင်း မှတ်တမ်းများမှာလည်း စစ်အတွင်း ပျက်စီးသွားခဲ့၏။

လွတ်လပ်ရေးရပြီးကာလ ပြင်ဆင်မှု

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် တိုင်းပြည်၏ လူဦးရေစာရင်း တိကျစွာ ရရှိရေးသည်လည်း အရေးပါလှပေရာ ၁၉၅၁ ခုနှစ်ကပင် သန်းခေါင်စာရင်းမင်းကြီး ဦးကျော်ခိုင် ခေါင်းဆောင်လျက် စာရင်းကောက်ယူနိုင်ရန် ကြိုတင် ပြင်ဆင်ခဲ့ကြသည်။ ယင်းသန်းခေါင်စာရင်း ကောက်ယူရန်ပုံစံတွင် ဘာသာစကား၊ စစ်မဖြစ်မီနေရပ်နှင့် စစ်ပြီးနေရပ်၊ နေထိုင်ရာ အိမ်အရွယ်ပုံစံ၊ ရေရရှိရေး၊ ဝင်ငွေ၊ အလုပ်အကိုင်၊ အကြွေး၊ ပေးရ သည့် အတိုးငွေ၊ ပစ္စည်းအပေါင်အနှံ စသည့်ခေါင်းစဉ် အချက်အလက်များ ပါရှိပါသည်။

၁၉၅၃ ခုနှစ် သန်းခေါင်စာရင်း

၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းကို ဖေဖော်ဝါရီ ၂ ရက်မှ ၁၄ ရက်အထိ ရန်ကုန်မြို့နှင့် မြို့ပေါင်း ၂၅၅ မြို့တွင် ခေတ်အမီဆုံးနည်းဖြင့် ကောက်ယူခဲ့သည် ဆိုပါသည်။ ယင်းစာရင်းမှာ လူပြည့်ကောက် လူဦးရေစာရင်း ဖြစ်ပြီး အိမ်ရာအတည်တကျ မရှိသူများ စာရင်းကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ကောက်ယူခဲ့ကြသည်ဆို၏။

၁၉၅၃ ခုနှစ်အတွက် မြန်မာနိုင်ငံ လူဦးရေစာရင်းကို မြန်မာပြည်သန်းခေါင်စာရင်း မင်းကြီးရုံးမှ ၁၉၅၄ ခုနှစ် နှစ်ဦးပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ခေတ်အမီဆုံး စနစ်ဖြင့် ကောက် ယူခဲ့သည် ဆိုသော်လည်း တိုင်းပြည်လုံခြုံရေး ပျက်ပြားနေမှုကြောင့် တစ်နိုင်ငံလုံး ခြံုငုံမကောက်ယူနိုင်ခဲ့ဘဲ အပိုင်းလိုက် ကောက်ယူခြင်းစနစ်ကိုသာ ကျင့်သုံးနိုင်ခဲ့သည်။

ရန်ကုန်မြို့လူဦးရေ

၁၉၅၃ ခုနှစ် ရန်ကုန်မြို့လူဦးရေ စာရင်းကို (၈-၄-၁၉၅၄) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းစာရင်း အရ ရန်ကုန်မြို့တွင် လူဦးရေ ၇၃၇၀၇၉ ဦး နေထိုင်ပြီး ကျား ၃၉၃၄၅၃၊ မ ၃၄၃၆၂၆ ဦးဖြစ်ကြောင်း သိရှိရပါသည်။ ၁၉၃၁ ခုနှစ်က ရန်ကုန်တွင် ၄၀၀၄၁၅ ဦး၊ ၁၉၄၁ ခုနှစ်တွင် ၅၀၀၈၀၀ ဦးရှိခဲ့ရာ ၁၂ နှစ်အကြာ ကာလအတွင်း လူဦးရေ အတော်အတန် တိုးတက်လာခဲ့သည်။

ရန်ကုန်လူဦးရေ ၇၃၇၀၃၉ ဦးတွင် မြန်မာ ၄၆၁၈၀၁ ဦး၊ ကရင် ၁၉၀၄၉ ဦး၊ ရှမ်း ၁၆၄၆ ဦး၊ ချင်း ၃၆၉ ဦး၊ ကချင် ၇၉ ဦး၊ ကယား ၅၅ ဦး၊ အခြားအမျိုးသားဦးရေ ၄၉၆၂၇ ဦး ပါရှိပါသည်။ အသက် အရွယ် အရ ခွဲခြားဖော်ပြရာတွင်လည်း တစ်နှစ် ၂၈၂၀၇ ဦး၊ (၂-၅)နှစ် ၇၅၃၆၈ ဦး၊ (၆-၁၀)နှစ် ၆၈၁၂၄ ဦး၊ (၁၁-၁၅)နှစ် ၆၂၈၃၆ ဦး၊ (၁၆-၂၀)နှစ် ၈၄၂၅၁ ဦး၊ (၂၁-၂၅) နှစ် ၇၉၂၀၈ ဦး၊ (၂၆- ၃၁) နှစ် ၁၉၆၀ ဦး၊ (၃၁-၃၅)နှစ် ၆၂၆၂၂ ဦး၊ (၃၆-၄၀) နှစ် ၅၇၆၉၅ ဦး၊ (၄၁-၄၅)နှစ် ၃၈၈၆၈ ဦး၊ (၄၅၆-၅၀) နှစ် ၃၄၂၈၁ ဦး၊ (၅၁- ၅၅)နှစ် ၂၁၆၈၁ ဦး၊ (၅၆-၆၀)နှစ် ၁၈၁၀၄ ဦး၊ (၆၁-၇၀) နှစ် ၁၆၉၈၆ ဦး၊(၇၁-၈၀)နှစ် ၅၆၀၂ ဦး၊(၈၁-၉၀)နှစ် ၁၁၀၈ ဦး၊ ၉၁ နှစ်အထက် ၁၆၈ ဦး ဖြစ်ပါသည်။

၁၉၇၃ ခုနှစ် သန်းခေါင်စာရင်

လမ်းစဉ်ပါတီခေတ် ၂၈ ဧပြီ ၁၉၇၂ တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်ထောင်စု မြန်မာနိုင်ငံ သန်းခေါင်စာရင်းဥပဒေကို ပြဋ္ဌာန်းကာ ၁၉၇၃ ခုနှစ် ဧပြီ ၁ ရက်မှ ၅ ရက် အထိ မြန်မာ တစ်ပြည်လုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူခဲ့ပါသည်။တော်လှန် ရေး ကောင်စီက ၁၉၇၃ ခုနှစ်ကို သန်းခေါင်စာရင်းနှစ်ဟူ၍လည်း သတ်မှတ်ခဲ့သည်။

ထိုစဉ်က သန်းခေါင်စာရင်း ကောက်ယူရာတွင် လူဦးရေဆိုင်ရာ စာရင်း၊ အိုးအိမ်ဆိုင်ရာ စာရင်း၊ စိုက်ပျိုးရေး ဆိုင်ရာ စာရင်း၊ စက်မှုလက်မှုဆိုင်ရာ စာရင်းနှင့် စီးပွားကုန်သွယ်ရေးဆိုင်ရာ စာရင်းများ ကိုလည်း တစ်ပြိုင်တည်း ကောက်ယူခဲ့ကြောင်း ဆိုပါသည်။

၁၉၈၃ မှ ၂၀၁၄ သန်းခေါင်စာရင်းသို့

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ခေတ် ၁ ဧပြီ ၁၉၈၃ တွင် မြန်မာနိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းများ ကောက်ယူခဲ့သည်။ ထို့နောက် အနှစ် ၃၀ အကြာ ၂၀၁၄ ခုနှစ်တွင် သန်းခေါင် စာရင်း ထပ်မံကောက်ယူတော့မည်ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူခြင်း၏ အဓိက ရည်ရွယ် ချက် မှာ လူမှုရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး စီမံကိန်းများ ရေးဆွဲရာတွင် အခြေပြုကြရမည့် စာရင်း အင်းများ ရရှိရေးအတွက်ဟု ဆိုနိုင်ပါသည်။