ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)
မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မူဆလင်တွေ လူမျိုးတုံးသတ်ဖြတ်ခံနေရတဲ့ ကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရနှင့် ရခိုင်တွေသာလျှင် တာဝန်ရှိတယ်လို့ ပြောရ မှာထက် စီးပွားရေး လောဘသားကောင်ဖြစ်နေတဲ့ နိုင်ငံကြီးဆိုသူတွေ ပိုပြီးတာဝန်အရှိဆုံးပါခင်ဗျား။
ဒီစီပွားအမြတ်ထုတ်၊ ကိုယ်ကျိုးရှာ လောဘသားတွေကြောင့် ကမ္ဘာကြီးမှာ စစ်မီးကြီး နှစ်ကြိမ်ထလောင် ရပြီး၊ သိန်းနဲ့ချီတဲ့ အပြစ်မဲ့ ပြည်သူတွေ သေကြေခဲ့ရတယ်။ ဒါတောင် ဒီနိုင်ငံကြီးတွေက ဗိုက်မဝသေး ပါဘူး။ သူတို့ရဲ့ မိုက်မိုက်ကန်းကန်း စီးပွားကိုယ်ကျိုးရှာလိုတဲ့ လောဘကြောင့် ကမ္ဘာပေါ်မှာ ရိုဟင်ဂျာ ကဲ့သို့ အသတ်ခံနေရသူ ဘယ်လောက် ရှိနေပြီလဲ ဆိုတာ ဖန်ဆင်းရှင် ဘုရားသခင်ဘဲ သိပါတယ်။အဲဒီနိုင်ငံကြီးတွေရဲ့ နည်းပရိယာယ်ကိုလဲ ကြည့်ပါအုန်း။ ယင်းတို့ရဲ့ စီးပွားရေးပြိုင်ပွဲမှာ အစ္စလာမ် အယူဝါဒနဲ့ အဲဒီအယူကို လိုက်နေတဲ့ မူဆလင်တွေကို အကြောင်းရင်းခံထားတယ်။ တချို့က မူဆလင်တွေကို ထောက်ခံ သယောင်နဲ့ လမ်းကြောင်းကို လိုက်ပြီး၊ နောက်တချို့က အဲဒါကိုဆန့်ကျင်တဲ့ဘက်က မားမား မတ်မတ် ရပ်တည်ကြ တယ်။
ဒီလိုပြောတော့ ဘာကြောင့် မူဆလင်ကိုဘဲ ပစ်မှတ်ထားသလဲ…ဆိုပြီး လူတွေ မေးစရာတော့ ဖြစ်နေလိမ့်မယ်။ ရှင်းရှင်းလေးပါ။ ငွေရေးကြေးရေး တတ်နိုင်တဲ့ နိုင်ငံတွေမှာ မူဆလင်နိုင်ငံတွေက အထူးသဖြင့် အာရပ်ကမ္ဘာက အများဆုံး ဘဲလေ။ ရောင်းလို့ ကောင်းတယ်၊ အမြတ်ရဖို့ ကောင်းတယ်။ ပြီးရင် မူဆလင်တွေဆီမှာ ဘုရားသခင် ပေးတဲ့ ငွေကြေးသာရှိကြပြီး နည်းပညာ မရှိဘူးပေါ့။ ဥရောပရဲ့ ဇိမ်ခံ ပစ္စည်းတွေ၊ အမေရိကန်ရဲ့ ခေတ်မီ စက်ကရိယာတွေက အစ တရုတ်၊ အိန္ဒိယရဲ့ အစုတ်အပြတ်အထိ အကုန်ဝယ်ရတာဗျ။
ဒီအကြောင်းတရားရဲ့ အကျိုးဆက်ဟာ ရိုဟင်ဂျာလို ကံဆိုးတဲ့ လူနည်းစုတွေ သွေးစွန့်ရတဲ့ ဘဝကို ဖြတ်သန်းနေ ရတာဘဲ ဖြစ်ပါတယ်။
ဗမာအစိုးရနဲ့ ရခိုင် အစွန်းရောက် ဝါဒီတွေကလဲ… မုသားတစ်ရပ်ကို အဖန်ဖန်သုံးခြင်းဖြင့် အမှန်တရား ဖြစ်သွား တယ်… ဆိုတဲ့အတိုင်း သမိုင်းဆိုင်ရာ အထောက်အထားတွေ တောင်လိုပုံနေတာတောင် ရိုဟင်ဂျာတွေဟာ တဘက်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေဖြစ်တဲ့လို့ ပြောလိုက်၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးလို့ ပြောလိုက်၊ အိုးအိမ်တွေ ပျက်ဆီးပစ်ကာ မြစ်ချောင်းဘေးမှာ တဲထိုးနေရတဲ့ ဘဝကို ရောက်စေခဲ့ပြီး တတိယနိုင်ငံ ခေါ်သွားပါလို့ ရင်ကော့ပြီး တောင်းဆိုမှု ပြုလိုက်၊ အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းပြီး ကြက်၊ ငှက်သဖွယ် သတ်ဖြတ်ပြီး လုံးဝမဟုတ်ဘူးလို့ ငြင်းဆန်တဲ့အပြင် မေဒီယားတိုက်ပွဲ ဆင်နွှဲနေတယ်လို့ အပြန်စွပ်စွဲလိုက်၊ ပြောင်းပြန် အရေးယူ နှိပ်ကွက် ချေမုန်းလိုက် အစရှိတဲ့ မုသားတွေကို မြန်မာ့ သယံဇာတ အပေါ် လောဘဇောတက်နေတဲ့ ထို နိုင်ငံကြီး တွေ မသိဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒီလောက် ခေတ်မှီတဲ့ စက်ကရိယာနဲ့ Information and Communication Technology (ICT) အထွဋ်အထိပ် ရောက်နေတဲ့ ခေတ်မှာ အဲဒီနိုင်ငံကြီးတွေ မျက်စီလည်နေတယ်များ မထင်ပါနဲ့။ သူတို့တွေ တိတိကျကျနဲ့ စုံစုံလင်လင် သိနေတယ်။
ဆိုကြပါစို့၊ လွတ်လပ်တဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ဘင်္ဂါလီများ ငရဲလိုဘဲလို့ ပြောလို့ရတဲ့ မြန်မာနိုင်ငံထဲမှာ ခိုးဝင် နေထိုင် ကြတယ်ဆိုတာ လက်ခံရအောင် အဲဒီနိုင်ငံကြီးသားတွေ အကုန်မြက်စားတဲ့ အရာတွေ ဘဲလား။ သမိုင်း သက်သေခံ သာဓကတွေ ဖတ်လို့ မကုန်အောင်ရှိတာ အလုပ်များလို့ လေ့လာဖို့ အချိန်မရဘူး ဆိုပါတော့၊ ၁၉၇၈ ကနေ ရိုဟင်ဂျာတွေနဲ့ လက်တွဲပြီး လုပ်ဆောင်လျက်ရှိတဲ့ အဲဒီနိုင်ငံသားတွေက သက်သေခံလျက်ရှိတဲ့… ရိုဟင်ဂျာတွေဟာ ဘင်္ဂါလီနဲ့ ရိုရာယဉ်ကျေးမှုနဲ့၊ ပြောစကားတွေ ဆင်တူသလောက် ဆိုပေမယ့် ကွာခြားမှုတွေ အများကြီးရှိတယ်…ဆိုတဲ့ အပြောကိုတော့ မကြားပါဘူး ဆိုတာ ဟုတ်ရဲ့လား။
ပြီးတော့ မြန်မာပြည်သူတွေ ကိုယ်၌က ကိုယ်တိုင်းပြည် ကိုယ်မနေရဲလို့ အဲဒီနိုင်ငံကြီးတွေက ခိုလှုံခွင့် ပေးထားတာ မနည်းပါဘူး၊ အဲဒီလို နိုင်ငံတစ်ခုထဲကို ငွေကြေး အနည်းငယ်ပေးရုံဖြင့် လွယ်ကူစွာ နိုင်ငံကူးပါ့စ်ပို့ရယူပြီး ကမ္ဘာ့ ကြိုက်တဲ့နိုင်ငံကို သွားနိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်သူတွေ ခိုးဝင်ပြီး၊ လဝကကို ပိုက်ဆံတောင်လို ပုံပေး နေထိုင်တယ်ဆိုတာ လက္ခံစရာလား။ ပါကိစ္စတန်၊ ဆော်ဒီအာရေဗျ၊ အိန္ဒိယ၊ မလေးရှား နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်တိုင်တို့က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ သူတို့ နိုင်ငံထဲမှာ ဘယ်လောက် နေထိုင်လျက်ရှိတယ်ဆိုပြီး မြန်မာပြည်ပြန်ပို့ဖို့ ဘယ်လောက်ကြိုးပမ်း နေတဲ့ ဆိုတာ အဲဒီနိုင်ငံကြီးတွေ မသိလို့လား။
ဒါတွေ အကုန်ဘေးချိတ် ထားပါ။ ဗမာစစ်အုပ်စုနဲ့ ရခိုင်အစွန်းရောက်တွေ ပြောစကားအတိုင်း ခိုးဝင် နေထိုင်လျက် ရှိတယ်ဆိုရင်တောင် အရေအတွက်အားဖြင့် နည်းနည်းပါးပါး မဟုတ်ပါဘူး။ သိန်း၊ သန်းနဲ့ချီတဲ့ အခြားနိုင်ငံက နိုင်ငံသားတွေ နိုင်ငံတစ်ခုကို ဝင်ရောက်နေထိုင်ရာကလဲ မြေပိုင်ယာပိုင်ရှိနေတယ် အထိပါဘဲ။ အဲဒီလို ခိုးမဝင်ခင် ဒီရခိုင်မှာ မူဆလင်တွေ အခုနေထိုင်ကြတဲ့ မြို့နယ်တွေ အားလုံးဟာ မြေကွက်လပ်ကြီးများလား။ မဆလခေတ် က ၁၉၇၈ ခုနှစ်က တစ်ကြိမ်၊ နဝတခေတ် ၁၉၉၁ ခုနှစ်တုန်းက တစ်ကြိမ် ထွက်ပြေးခဲ့တဲ့ ဒုက္ခသည်တွေကို ပြည်တော်ပြန်ခွင့်ပြုပုံ၊ နဝတ တက်လာ ကတည်းက နစကတပ်ဖွဲ့ကိုပို့ပြီး (၃)လ တစ်ကြိမ် မိသားစု ဓါတ်ပုံများ ရိုက်ပြီး လူအဝင်အထွက်၊ အလျှော့ အတိုးကို ကျစ်ကျစ်လစ်လစ် စိစစ်ခဲ့ပုံ၊ အဖြူရောင် ယာယီ နိုင်ငံသား ကဒ်ပြား တွေကို အမျိုးသား မှတ်ပုံတင်နဲ့ လဲပြီးပေးခဲ့ပုံ၊ အရွယ်ရောက်သူ ရိုဟင်ဂျာ အားလုံးကိုလဲ အဲဒီကဒ်ပြားများ ပေးကိုင်စေခဲ့ပုံ အဲဒါတွေ အားလုံးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေပါလို့ ပြောနေတာနဲ့ မတူဘူးလား။ ဘာလို့အဲဒီအချိန်မှာ မမောင်းထုတ်ဘဲနဲ့ အခုမှလာပြီး ဒါမျိုးတွေ ပြောတာကို နားလည်တဲ့သူ မရှိတော့ဘူးလား။
လဝက ဝန်ကြီး ဦးခင်ရီက မျက်နှာဆုတ်ဖြဲဖြဲနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ပြောခဲ့တယ်။ မရှိယင် မရှိတော့ဘူးဘဲ ထားလိုက်ပါ။ ဒီလိုဆိုရင် စစ်တွေမှာ ဘာဖြစ်လို့ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလို့ တစ်ဦးဦးက ဖြည့်လိုက်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ရတာလဲ။ ဟိုရှေ့ဖုံး၊ နောက်ပေါ် … ဆိုတာနဲ့ မတူလွန်းဘူးလား။ ဦးခင်ရီရေ…လိမ်များလိမ်ချင်တယ်ဆိုရင် ပီပီပြင်ပြင် လုပ်ပါလို့… ပြောရ မလိုပါဘဲ။
MSF ကို ရခိုင်ပြည်နယ်ကနေ ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ ရပ်ခိုင်းလိုက်တာက နောက်ထပ် သက်သေခံ အချက်တချက် ဖြစ်နေတယ်။ MSF ဟာ ဒု-ချီးရားတန်း ကိစ္စမှာ မမှန်မကန် ရိုဟင်ဂျာတွေဖက်က ဘက်လိုက် ပြောဆိုခဲ့တဲ့ အတွက် လုပ်တယ်လို့ ပြောတယ်။ အဲဒီအဖွဲ့က ဒု-ချီးရားတန်း ကိစ္စနဲ့ ပတ်သက်ပြီး ယင်းတို့နှင့် ဆက်နွယ်ခဲ့တဲ့ အကြောင်းကိုဘဲ ပြောခဲ့တာပါ။ ယင်းကိစ္စကို ဘယ်တုန်းက ဘယ်လိုဖန်တီးပြီး ဘယ်သူက တာဝန်ရှိတယ်လို့ ပြောခဲ့တာ မဟုတ်ပါ။ တနည်းပြောရယင် ဘယ်သူ့ကိုမှ အပြစ်ပြောခဲ့ခြင်း မဟုတ်သလို၊ မြန်မာပြည်တွင်းရေးမှာလဲ ဝင်ရောက်စွတ်ဖက်တာ မဟုတ်ပါဘူး။ ဒီတော့ သူတို့ကို အရေးယူတယ် ဆိုရင် ရိုဟင်ဂျာတွေကို ဆေးဝါးကုသခဲ့လို့ပါဘဲ။ အဲလိုမဟုတ်ရင်တော့ အစိုးရအနေဖြင့် တကယ်ဘဲ အမှန်တရားကို ဖော်ထုတ်ပြီး အကြောင်းရင်းကို သိလိုတဲ့ ဆန္ဒသာရှိခဲ့ရင် ယင်းတို့ပြောတဲ့ စကားကို ယင်းတို့နဲ့ ပူးပေါင်းပြီး ဖော်ထုတ်ဖို့ လုပ်ရမှာ ဖြစ်တဲ့အပြင်၊ ယင်းတို့အား အမှန်တရား ဖော်ထုတ်ရာတွင် ကူညီခဲ့တဲ့အတွက် ကျေးဇူးတောင် တင်အုံးမှာ ဖြစ်ပါတယ်။
နိုင်ငံကြီးတွေဟာ အဲလောက်လဲ ငတုံးကြီးတွေ ဟုတ်ပါ့မလား။ MSF ကို ပထုတ်လိုက်၊ NGO တွေကို မောင်း ထုတ်ရန် တောင်းဆိုလိုက်၊ ကုလသမဂ္ဂကို ဆန္ဒပြလိုက်၊ OIC ကို ကန့်ကွက်လိုက်၊ နိုင်ငံတကာ ဝင်ရောက်စုံစမ်းမှုကို ငြင်းဆန်လိုက်၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို ရိုဟင်ဂျာ lobby ဆိုပြီး စွပ်စွဲလိုက်…စတာတွေ အကုန်လုံးကို တချိန်လုံး တောက်လျှောက် လုပ်လာခဲ့တာကို နားမလည်ဘူးများ ထင်သလား။ ဒီလောက် လိမ်လိမ်မာမာနဲ့ ပိုင်ပိုင်နိုင်နိုင် လုပ်နေနိုင်တာကို သိသိကြီး၊ ချီးကျူး ထောပနာ ပြုပြီး ပီတိဖြစ်နေတာ မဟုတ်ဘူးလား။
အခုလဲကြည့်ပါအုံး… ဥပဒေတစ်ရပ်ပြဋ္ဌာန်းလိုက်တယ်။ ရိုဟင်ဂျာတွေ အိုးအိမ်ပြင်ဆင်ခွင့် ဥပဒေ ဆိုပါတော့။ တိုက်အိမ်ဆိုရင် အခွန်က သိန်း (၂၀)၊ သစ်လုံးအိမ်ဆိုရင် (၁၅) သိန်း၊ ပြီးရင် ဝါးကပ်အိမ် ဆိုရင် (၁၀) သိန်း ပေး ဆောင်ရမယ်။ နှစ်ဆယ်စုနှစ်ခုနီးပါး တစ်စုံတစ်ရာ လုပ်ကိုင်စားသောက်ခွင့် မပြုတဲ့ လူတွေ မိမိအိမ်လေးကို ပြုပြင်ဖို့အရေး အဲလောက်ငွေကြေး ဘယ်တတ်နိုင်ပါ့မလဲ။ အဲဒါ ဆောဖ့်ပေါ်လစီ ဖြစ်ပါတယ်။ အဲဒီပမာဏကို မပေးနိုင်တော့ သူတို့ရဲ့နေအိမ်တွေဟာ တဖြည်းဖြည်းနဲ့ အလိုလို ပြိုလဲကျပြီး တဲတိုးနေရမယ့် ကိန်းဆိုက်ရောက် လာပါလိမ့်မယ်။ အိုးအိမ်မရှိတဲ့ဟာကို နောက်ဥပဒေတစ်ခုနဲ့ အစိုးရပိုင်ဖြစ်အောင်လုပ်မယ်။ ဒါမှမဟုတ် တစ် ဖက်နိုင်ငံက ခိုးဝင်လာသူတွေမို့လို့ အိုးအိမ်အတည်တကျမရှိတာဘဲ…လို့ ပြောလာလိမ့်မယ်။ အစိုးရထုတ် ပေးထားတဲ့ စာရွက်စာတမ်း တွေကို မလွယ်ပေါက်ကနေ အကျင့်ပျက်ဝန်ထမ်းတွေကို ငွေကြေးပေးပြီး ရယူတယ်လို့ ပြောမယ်။ ပြီးရင် IDP အဖြစ် အကုန် Refugee လုပ်ပစ်လိမ့်မယ်။
မည်သို့ပင်ဆိုစေ အခုရိုဟင်ဂျာတွေ ကံဆိုးမိုးမှောင်ကျနေရမှုဟာ မြန်မာစစ်အာဏာရှင်များနှင့် အကြမ်းဖက် ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့အတူ စီးပွားရေး လောဘသားကောင် ကမ္ဘာ့နိုင်ငံကြီးဆိုသူတွေကလဲ လက်ပွန်တတီး ရှိနေတယ်။ ဒါ့ကြောင့် ဒီခရီးကြမ်းဟာ တော်တော်နဲ့ ပြီးဆုံးဖို့ မရှိသေးပါဘူး။ သူတို့ကို မျှော်ကိုးပြီး တစ်စုံတစ်ရာ ပြောင်းလဲလိမ့်မယ်လို့ အိမ်မက်မက်နေရင်တော့ ….