ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သတ်၍ ငြင်းခုန်ကြရာဝယ်

တောင်ဘာဇာအောင်မြေ

ယခုတလော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သတ်၍ အဖွဲ့အစည်းအသီးသီး၊ သတင်းဌာနအသီးသီးတို့က သူဖက် ကိုယ့်ဖက် လိုရာဆွဲ၍ ပြောဆိုရေးသား ဖော်ပြနေသည်ကို တွေ့ရသည်။ နိုင်ငံအချင်းချင်းကြား၌ စစ်ပွဲဖြစ်ပွားလျှင် တဖက်၏ ဆုံးရှုံးပျက်စီးမှုကို ချဲ့ကား၍ ပြောဆိုကြသော်လည်း၊ လူမျိုးနှစ်စုအကြား သို့မဟုတ် အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခဖြစ်ပွားလျှင်မူ ကိုယ့်ဖက်မှ ဆုံးရှုံးမှုကိုသာ အလေးထားပြောဆိုလေ့ရှိကြသည်။ ဤသည်မှာ ပတ်ဝန်းကျင်၏ သနားကြင်နာမှုကို အခြေပြုသော ထောက်ခံမှုရယူလိုခြင်းနှင့် တဖက်သားကို မုန်းတီးစေလို၍ ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ နောက်ဆုံး၌ အမှန်တရား ပေါ်လာစမြဲပင်။


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သမျှနှင့် ပတ်သတ်၍ ပြည်တွင်းပြည်ပ မီဒီယာအချို့က မီး ပိုတောက်လောင်လာအောင် ရေးသားဖော်ပြခဲ့ သကဲ့သို့ အချို့မီဒီယာများကလည်း သမာသမတ်ကျကျ ရေးသားဖော်ပြ ခဲ့ကြသည်ကိုတွေ့ရသည်။ အချို့မီဒီယာများက သတင်းမှန်ရယူရန် ခက်ခဲ၍ မဖော်ပြနိုင်ကြသလို၊ အချို့မီဒီယာများက ထိုအချက်ကို အခွင့်အကောင်းယူ၍ လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခကြီးထွားလာအောင်၊ တမင်ဖန်တီးခဲ့သည်။ မည်သို့ပင် ပြောဆိုရေးသားနေသည်ဖြစ်စေ၊ အကျိုးအကြောင်းဆီလျှော်စွာ ယုတ္တိ၊ ယုတ္တာရှိရှိ ရေးသားဖို့ လိုသည်။ မီဒီယာတချို့၏ ဘက်လိုက်ရေးသားမှုကြောင့် ဗုဒ္ဓဘာသာ အများစုဖြစ်သော မြန်မာနိုင်ငံတွင် မွတ်စလင်မုန်းတီးရေး စိတ်ဓါတ်များ ပေါ်ပေါက်စေခဲ့သည်။ ဘက်ဆွဲခြင်းသည် မိမိတစ်ဦးခြင်း၏ လွတ်လပ်သော ရွေးချယ်မှု တစ်ရပ်သာဖြစ်၍ အပြစ်တင်စရာမရှိ။ သို့ရာတွင် သတင်းမီဒီယာများအနေဖြင့် ထိုသို့ဘက်ဆွဲ ရေးသားခြင်းကို မီဒီယာကျင့်ဝတ်အရ ကြည့်မည်ဆိုလျှင် လုံးဝခွင့်မလွှတ်နိုင်သော ပြစ်မှုကြီးတစ်ခုပင် ဖြစ်သည်။ သို့ဖြစ်၍ မြန်မာပြည်တွင်းမီဒီယာနှင့် နိုင်ငံခြားအခြေစိုက် မြန်မာ့မီဒီယာ အချို့တို့သည် ကမ္ဘာ့အလည်မှာ မီဒီယာကျင့်ဝတ်အရ ရင့်ကျက်မှု အားနည်းသည်ကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

သတင်း မီဒီယာလုပ်ငန်းသည် လက်လွှတ်စပယ်လုပ်၍ ရသော လုပ်ငန်းတစ်ခုမဟုတ်ပေ။ သတင်း “ထူးလျှင်၊ ဦးလျှင် ပြီးရော” ဆိုသောသဘောဖြင့် ရေးသားဖော်ပြကြမည်ဆိုလျှင် စာဖတ်သူများနှင့် သတင်းရေးသားသူ နှစ်ဦးစလုံး ဒုက္ခရောက်ကြမည်မှာ သေချာနေသည်။ သတင်းတစ်ပုဒ်ရေးမည်ဆိုလျှင် ထိုသတင်း၏ နောက်ခံအကြောင်းရင်းကို သိရှိဖို့ လိုအပ်သည်။ ထိုသတင်းသည် မည်မျှမှန်ကန်မှု ရှိသည်မရှိသည်ကို နောက်ခံအကြောင်းရင်းနှင့် ချိန်ထိုးကြည့်မှသာ သတင်းမှန် ထွက်ပေါ်လာနိုင်သည်။ ရခိုင်ပြည်နယ်အကြောင်းရေးမည်ဆိုလျှင်လည်း ဦးစွာ ရခိုင်ပြည်နယ်အကြောင်း နောက်ခံအကြောင်းရင်းကို သေချာလေ့လာဖို့ လိုပေလိမ့်မည်။

အကြမ်းအားဖြင့်ပြောရလျှင် ရခိုင်ပြည်နယ်သည် ရခိုင်ကမ်းရိုးတန်းတလျှောက် တောင်မြောက် သေးသွယ် ရှည်လျားသော ကမ်းရိုးတန်းဒေသတစ်ခု ဖြစ်သည်။ ရှေးရခိုင်ဘုရင်များလက်ထက်တွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရခိုင်ပြည်နယ် နေရာအနှံ့ ပျံ့နှံ့စွာ အေးအတူပူအမျှ နေထိုင်ခဲ့ကြသည်။

၁၉၄၂ တွင် ဖြစ်ပေါ်ခဲ့သော လူမျိုးရေးပဋိပက္ခများကြောင့် မွတ်စလင်အများစုမှာ စစ်တွေမြို့အပါအ၀င် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စုဝေးနေထိုင်ကြပြီး ရခိုင်လူမျိုးများမှာ စစ်တွေမြို့အပါအ၀င် ရခိုင်ပြည်နယ် တောင်ပိုင်းတွင် စုဝေး နေထိုင်ကြသည်။ ၁၉၇၅ ခုနှစ် ရခိုင်ပြည်နယ်ကို ရခိုင်တိုင်းအဆင့်မှ ရခိုင်ပြည်နယ် အဆင့်သို့ သတ်မှတ်လိုက်ပြီးနောက်ပိုင်းတွင် ရခိုင်တိုင်းရင်းသားထုအတွင်းတွင် ကျဉ်းမြောင်းသော လူမျိုး ရေး ခွဲခြားရေးစိတ်ဓါတ်များ ပိုမိုပြင်းထန်လာခဲ့သည်။ “ရခိုင်ပြည်နယ်သည် ရခိုင်အမျိုးသားများအတွက်သာ ဖြစ်ရမည်၊” ၊ “ရခိုင်အမျိုးသားဟူသည် ရာနှုန်းပြည့် ဗုဒ္ဓဘာသာ ဖြစ်ကြသည်။” ဟု ကြွေးကြော်လာခဲ့သည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော အခြားလူမျိုးများ ဖြစ်ကြသော ရိုဟင်ဂျာ၊ ကမန်၊ ဟိန္ဒူ (ကုလားအခေါ်ခံရသူများ) တို့အတွက် ကြီးမားသောအန္တရာယ်ကြီး စတင်တော့သည်။ “ရခိုင်ပြည်နယ်တွင် ရခိုင်များသာ နေထိုင်ရမည်ဟူသော လူမျိုးကြီးဝါဒနှင့်အညီ” ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ဂွမြို့၊ အမ်းမြို့၊ တောင်ဂုတ်မြို့တို့တွင် ခေတ်အဆက်ဆက်က နေထိုင်လာခဲ့သော အစ္စလာမ်ဘာသာဝင် မွတ်စလင်များကို အကြမ်းဖက်နှင်ထုတ်ခဲ့သည်။ ၁၉၈၀ ပြည့်လွန်ပြီးနှစ်များတွင် အဆိုပါမြို့နယ်များအား “မွတ်စလင် ကင်းရှင်းဇုံ” အဖြစ် ရခိုင်တို့က ကျေညာခဲ့သည်။ အခြားသော မြို့နယ်များမှလည်း မွတ်စလင်များကို နှင်ထုတ်နိုင်ရေးအတွက် အခွင့်အလမ်း၊ အခါအခွင့် စောင့်မျှော်လာခဲ့ကြသည်။

သို့ရာတွင် ထိုခေတ်က မြန်မာနိုင်ငံအစိုးရသည် တစ်နိုင်ငံလုံးအေးချမ်းတည်ငြိမ်ရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ရသည့်အတွက် ရခိုင်လူမျိုးများက နိုင်ငံတော်၏ ထောက်ခံမှုကို မရရှိခဲ့ချေ။ ၁၉၈၈ ခု နောက်ပိုင်း န.၀.တ အစိုးရ လက်ထက်ရောက်ရှိလာသော အခါ န.၀.တ ခေါင်းဆောင်များထဲတွင် မွတ်စလင်မုန်းတီးရေးသမားများ ပါဝင်လာသည်။ သို့သော် န.၀.တ ခေါင်းဆောင်များက နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို အဓိကထားဆောင်ရွက်နေခဲ့ရ၍ မွတ်စလင် နှိမ်နှင်းရေးကိစ္စကို တမဟုတ်ခြင်း မဆောင်ရွက်နိုင်ခဲ့ပေ။ တဖြည်းဖြည်းဖြင့်သာ မွတ်စလင်ရှင်းလင်းသုတ်သင်ရေး အစီအစဉ်ကို စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့သည်။ န.၀.တ အနေဖြင့် အခြားတဖက်တွင် အပြည်ပြည် ဆိုင်ရာနိုင်ငံများနှင့် ဒီမိုကရေစီအရေးနှင့် ပတ်သတ်၍ ပြဿနာပေါင်းများစွာ ရင်ဆိုင် ဖြေရှင်းနေရသော ကြောင့် မွတ်စလင် နှိမ်နှင်းရေးကိစ္စကို အလွယ်တကူ မဆောင်ရွက်နိုင်ခဲ့ပါ။ ထို့ကြောင့် ရခိုင်အမျိုးသား ခေါင်းဆောင်များကလည်း န.၀.တ ခေါင်းဆောင်များ၏ မူဝါဒနှင့်အညီ ရခိုင်ပြည်ရှိ မွတ်စလင်များကို တဖြည်းဖြည်းချင်း သုတ်သင်ရှင်းလင်းရေး အစီအစဉ်ကို စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့သည်။

၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် ရခိုင်အမျိုးသားခေါင်းဆောင်များက ရခိုင်ပြည်ရှိ မွတ်စလင်များကို တဆင့်ပြီးတဆင့် သုတ်သင်ရှင်းလင်းရန် အချက် (၁၂) ချက်ပါသော စီမံကိန်းတစ်ခုကို န.၀.တ ခေါင်းဆောင်များထံ တင်သွင်းခဲ့သည်။

ထိုစာတွင် ပါသောအချက်များအနက် အချို့မှာ

(၁) ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်များအား နိုင်ငံခြားသားသူပုန်ဟု သတ်မှတ်ပြီး နိုင်ငံသားကဒ်ပြား လုံးဝ ထုတ်ပေးခြင်း မပြုရန်
(၂) လူဦးရေ တိုးနှုန်းမရှိစေရန် မင်္ဂလာဆောင်ခွင့်ကို တဖြည်းဖြည်း ကန့်သတ်ထိန်းချုပ်ရန်၊ လူဦးရေ လျှော့သွားစေရန် နည်းမျိုးစုံဖြင့် ရက်စက်ဖိနှိပ်ရန်
(၃) ပြည်မနှင့် တခြားမြို့နယ်များမှ ဗုဒ္ဓဘာသာဝင်များကို ခေါ်ယူလျှက် ရွာများတည်ဆောက်ပေးပြီး ဘင်္ဂါလီ လူဦးရေထက် များပြားအောင် ဆောင်ရွက်ရန်
(၄) တစ်ရွာမှ တစ်ရွာသို့လည်းကောင်း တစ်မြို့မှတစ်မြို့သို့ လည်းကောင်း နိုင်ငံခြားသား သွားလာခွင့်ပုံစံ (၄) ဖြင့် ခရီးသွားခွင့်ပြုပြီး ရခိုင်ပြည်နယ် ပြင်ပသို့ ခရီးသွားခွင့်ကို လုံးဝ ပိတ်ပင်ထားရန်
(၅) အဆင့်မြင့်ပညာ သင်ကြားခွင့်ကို လုံးဝ ပိတ်ပင်ထားရန်
(၆) အစိုးရ အမှုထမ်းခန့်ထားခြင်းကို လုံးဝ မပြုရန်
(၇) မြေ၊ ဆိုင်ခန်းနှင့် တိုက်အိမ်များကို ပိုင်ဆိုင်ခွင့်မပြုရ၊လက်ရှိပိုင်ဆိုင်လျှက်ရှိသော ဆိုင်ခန်းနှင့် တိုက်အိမ်များကို နိုင်ငံတော်ပိုင်သိမ်းယူပြီး ဗုဒ္ဓဘာသာဝင်များအား ဝေငှပေးရန်
(၈) ဗလီများ၊ ဘာသာရေးစာသင်ကျောင်းများ၊ နေအိမ်များ ဆောက်လုပ်ခြင်း မွမ်းမံခြင်း ပြင်ဆင်ခြင်းများ ပိတ်ပင်ထားရန်
(၉) တရားရုံးများတွင် ရခိုင်နှင့် မွတ်စလင်အမှုဖြစ်ပါက ရခိုင်အမျိုးသားကို အနိုင်ပေးရန်၊ မွတ်စလင် အချင်းချင်း ဖြစ်ပါက ချမ်းသာသူကို အနိုင်ပေးရန် ဆင်းရဲသူ စိတ်ပျက်၊ စိတ်ဓါတ်ကျပြီး တိုင်းပြည်မှ ထွက်သွားစေရန်
(၁၀) ကမ္ဘာ့မွတ်စလင်နိုင်ငံများ အရိပ်မကျအောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ မပြုလုပ်ပဲ တဖြည်းဖြည်း ကုန်ဆုံးသွားအောင် ဆောင်ရွက်ရန်

ဤစီမံကိန်းလွှာပါ အချက်အားလုံးကို န.၀.တ၊ န.အ.ဖ အစိုးရ လက်ထက်တွင် တစ်ခုချင်းဆီ အကောင် အထည် ဖော်လာခဲ့သည်။

သို့ရာတွင် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွက် မင်္ဂလာသတင်းကောင်းများ ထွက်ပေါ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတအကြား အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်အရ နိုင်ငံတော်အခြေအနေသည် ဒီမိုကရေစီ စနစ်ထွန်းကားရေး ဆီသို့ ဦးတည်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ထဲသို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံတော် သမ္မတကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဒီမိုကရေစီအပြောင်းအလည်းများ လုပ်ဆောင်လာခဲ့သည်။ ဤနည်းအတိုင်း ဆက်သွားလျှင် မဝေးတော့သော အနာဂတ်တွင် မြန်မာနိုင်ငံတော်ကြီးသည် လူတိုင်းလူတိုင်း၏ မွေးရာပါ အခွင့်အရေးကို အာမခံပေးသော ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်လာမည် ဖြစ်သည်။ ဤတွင် ရခိုင်အမျိုးသားများ၏ မွတ်စလင် သုတ်သင်ရှင်းလင်းရေး အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည့်အရေး ဝေးလေတော့သည်။ ထို့အတွက် ဒီမိုကရေစီနိုင်ငံတော်ကြီး မဖြစ်လာမီ ကြိုတင်စီစဉ်ရတော့မည်ဟု ရခိုင်ခေါင်းဆောင်များက တွက်ဆထားသည်။ ထို့အချိန်တွင် ရခိုင်အမျိုးသမီးတစ်ဦး မုဒိန်းကျင့် ရက်စက်စွာ သတ်ဖြတ်ခံရမှုသည် တမဟုတ်ချင်း မီးတောက်လောင်နိုင်သော အချက်ဖြစ်လာခဲ့သည်။ မုဒိန်းမှု လူသတ်မှုတို့သည် နိုင်ငံတိုင်း ခေတ်တိုင်း လူမျိုးတိုင်းတို့တွင် ဖြစ်လေ့ဖြစ်ထ ရှိသော ရာဇ၀တ်မှုကြီးတစ်ခု ဖြစ်သည်။ တရားခံများကို ဖမ်းဆီး၍ ထိထိရောက်ရောက် အပြစ်ပေးနိုင်ရေးသည်ပင် အရေးအကြီးဆုံးဖြစ်သည်။ ဤအမှုတစ်ခုတို့ကို မီ၍ နောက်ထပ် မုဒိန်းမှုများ လူသတ်ဖြတ်မှုများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်မှုကို မည်သည့် လူအဖွဲ့အစည်းမျိုးကမျှ ထောက်ခံအားပေးလိမ့်မည် မဟုတ်ချေ။ သို့သော် ဤအမှုဖြစ်ပေါ်ပြီးနောက် ရခိုင် ခေါင်းဆောင်တို့သည် ရခိုင်ပြည်နယ်တစ်ခုလုံး၌ အထူးသဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် “အမျိုးသား ကာကွယ်စောင့်ရှောက်ရေး” ဟူသော ကြွေးကြော်သံဖြင့် ၀ါဒဖြန့်စာ လှုံ့ဆော်စာများ ဝေငှ ဖြန့်ဝေခဲ့သည်။ မြန်မာမွတ်စလင် ၈ ဦးကို သတ်ဖြတ်ပြီး တောင်ဂုတ်မြို့တွင် ရခိုင်-မွတ်စလင် အဓိကရုဏ်းကို စတင်လောတော့သည်။ ပြီးနောက် မောင်းတောမြို့တွင် န.တ.လ ရွာများကို မွတ်စလင်တို့က မီးရှို့သည်။ (န.တ.လ ရွာဆိုသည်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်မှ ခေါ်ယူတင်သွင်းလာသော ဗုဒ္ဓဘာသာဝင် ဘင်္ဂလီရခိုင်များနှင့် မြန်မာပြည်အနှံ့မှ ခေါ်ယူလာသော တခြားလူမျိုးများအား မွတ်စလင်များထံမှ သိမ်းယူထားသော မြေတွင် ဆောက်လုပ်ထားသော ရွာများကို ဆိုလိုသည်။ ) ရာနှင့်ချီသော ရခိုင်လူမျိုးများ အိုးမဲ့ အိမ်မဲ့ဘ၀ ရောက်ခဲ့ရသည်။
ထို န.တ.လ ရွာ မီးရှို့မှုသည် မည်သို့မျှ လက်ခံနိုင်စရာ မရှိသော ရာဇ၀တ်မှုကြီးတစ်ခု ဖြစ်သည်။ ပြီးနောက် မောင်းတောင်မြို့နယ်တွင် ရခိုင်အမျိုးသား အများစုပါဝင်သော ပြည်သူ့ရဲ၊ လုံထိန်း၊ စစ်တပ်၊ နစကနှင့် စရဖ စသော လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ရခိုင်အမျိုးသားများနှင့် ပူးပေါင်းကာ မွတ်စလင်ရွာများ၊ အိမ်များ၊ ဆိုင်များကို မီးရှို့ခြင်း၊ လုယက်ခြင်း၊ တိုက်ခိုက်သတ်ဖြတ်မှုများ စတင်ပြုလုပ်လာခဲ့သည်။ အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းများသည် အခြေအနေကို အခွင့်ကောင်းယူ၍ မွတ်စလင်များ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများ ပြုလုပ်ကာ အလောင်းများကို ဖျောက်ဖျက်ပစ်ကြသည်။ ရွာများကို ၀ိုင်းရံ၍ ရာနဲ့ချီသော မွတ်စလင်များအား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ် လာခဲ့သည်။ ထိုအတောအတွင်း နိုင်ငံတော်က လက်နက် တပ်ဆင်ပေးထားသော ရခိုင်ပြည်သူ့စစ် အဖွဲ့ဝင်များကလည်း မွတ်စလင်ရွာများအား တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။ စစ်သားဟန်ဆောင်၍ လုယက်မှုများ ပြုလုပ်ခဲ့သည်။ မွတ်စလင်များက ၀ိုင်းဝန်း ဖမ်းဆီးပြီး စစ်တပ်သို့ လွှဲအပ်ခဲ့သည်။ စစ်တပ်မှ သူတို့အပေါ် အရေးယူမှုများ မလုပ်ခဲ့ပေ။

မောင်းတောမြို့နယ်တွင်  စစ်တပ်နှင့်လုံခြုံရေးတပ်များ အင်အားအလွန်ပင်ရှိနေသည့်အတွက် ရခိုင်များ ဘက် မှ အသက်ဆုံးရှုံးမှုများ အလွန်ပင်နည်းပါးသည်။ န.တ.လ ရွာများ မီးရှို့ခံရသည့်အတွက် များစွာသော ရခိုင်တိုင်းရင်းသားများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်မှာ အမှန်ပင်။ မောင်းတောမြို့နယ်အတွင်း ပဋိပက္ခ အပြီး တွင် ရိုဟင်ဂျာ တိုင်းရင်းသားများ အပေါ်တွင် ကျူးလွန်ခဲ့သော လုယက်မှုများ၊ မုဒိန်းကျင့်မှုများ၊ ဖမ်းဆီး သတ်ဖြတ်မှုများအတွက် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ စစ်တပ်၊ ပြည့်သူ့ရဲ၊ န.စ.က နှင့် စ.ရ.ဖ တို့အပေါ်တွင် လုံးလုံးလျားလျား တာဝန်ရှိသည်။ မောင်းတောမြို့ကို န.စ.က မှ နယ်မြေ ကိုးခု ခွဲထားပြီး ကိုင်တွယ်ခဲ့ရာ နယ်မြေတစ်ခုအတွင်း တာဝန်ကျသော န.စ.က တို့၏ လုပ်ရပ်ကို ကြည့်လျှင် ထိုဒေသမှ မွတ်စလင်များကို “လူမျိုးတုန်းသတ်ဖြတ်မှု အစီအစဉ်တစ်ခု” ဖြင့် ကျကျနန စီမံဆောင်ရွက်နေသည်မှာ သေချာပေသည်။ လုယက်မှုနှင့် ငွေညှစ်မှုတို့ကြောင့် န.စ.က နှင့် ရဲတို့က နေ့ချင်းညချင်း သိန်းပေါင်းရာနှင့် ချီ၍ ရှာလျှက်ရှိသည်။ ဤအကြောင်းအရာအားလုံးကို ကွင်းဆင်းလေ့လာပြီးမှ ယုံကြည်စေလိုပါသည်။ ဤသည်မှာ ဖြစ်ရပ်မှန် ပင်ဖြစ်သသည်။

စစ်တွေမြို့ပေါ် အခြေအနေကိုကြည့်လျှင် မြို့နယ်စည်ပင်သာယာ နယ်နမိတ်အတွင်းမှာ ပိုက်သည်ရွာ၊ မီးဇံရွာ၊ ပါဒလိတ်ချိတ်ရွာ၊ ရိုဟင်ဂျာရွာခေါ် ဈေးဟောင်းမောလိပ်ရွာ၊ စံပြရွာ (အနောက်စံပြ + အရှေ့စံပြ)၊ နာဇီရွာ၊ ပလုတ်တောင်ရွာ၊ ဘုမေရွာ စသော မွတ်စလင်ရွာများ လုံးဝ မီးရှို့ဖျက်ဆီး ခံခဲ့ရကာ ရွာသူရွာသားများလည်း သေသူသေ ပျောက်သူပျောက်သွားကြသည်။ ပိုက်သည်ရွာမှ မွတ်စလင်အချို့ သည် ငါးဖမ်းစက်လှေများဖြင့် အသက်လုကာ စစ်တွေ တစ်ဖက်ကမ်း ဆင်တက်မော်ရွာသို့ ရောက်ရှိ သွားကြသည်။ အချို့စက်လှေများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော်လည်း ထိုမှ နှင်ထုတ်ခံရပြန် သဖြင့် သူတို့၏ ကံကြမ္မာကို ယခုအထိ မသိရချေ။ ပင်လင်ပြင်တွင် လူသေအလောင်းများ ပြန့်ကျဲစွာ မျောနေကြသသည်ဟု မျက်မြင်သူများ၏ အပြောအရ သိရသည်။ အဆိုပါရွာများရှိ ဗလီအားလုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ အဆိုပါရွာများသို့ ယခုအချိန်အထိ မည်သည့် မွတ်စလင်မျှ ပြန်ဝင်ခွင့် မရခဲ့ချေ။

စစ်တွေမြို့လယ်တွင် တည်ရှိသော မောလိပ်ရွာနှင့် အင်ဘာလာ မွတ်စလင်ရွာနှစ်ရွာမှာ အသေအပျောက် အပျက်အဆီး အနည်းငယ်ဖြင့် ကျန်နေသေးသော်လည်း ထိုရွာများမှ မွတ်စလင်များ အပြင်မထွက်ရဲကြ၊ ထွက်လျှင်အသက်ဘေး ရှိသည်။ ရခိုင်များက ထိုရွာများကို ၀န်းရံပိတ်ဆို့ထားကြ၍ စားနပ်ရိက္ခာ လမ်း ကြောင်း လည်း ဖြတ်တောက်ခံ နေရသည်။ ရခိုင်ခေါင်းဆောင်များက မွတ်စလင်များအား မိမိတို့၏နေအိမ်မှ ဘာပစ္စည်းမှ မယူပဲ၊ အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်သွားလျှင် လုံခြုံစွာ သွားခွင့်ပေးမည်ဟု တောင်းဆိုလာသည်။ သို့သော် မွတ်စလင်များကမူ မိမိ၏ အိမ်၌ပင် နေ၍ အသေခံခြင်းကို ပို၍ မြတ်နိုးကြသည်။

စစ်တွေ ဆင်ခြေဖုံးဖြစ်သော သဲချောင်းရွာနှင့် သက္ကေပြင်ရွာတို့မှာ မွတ်စလင်ဒုက္ခသည် သုံးသောင်းခန့် စုဝေးရောက်ရှိ လာကြသည်။ ရွာသူရွာသားများက ယာယီဒုက္ခသည်စခန်းဖွင့်၍ မရှိမဲ့ ရှိမဲ့ဖြင့် ကျွေးမွေး နေရသည်။ စစ်တွေမြို့နှင့် အဆက်အသွယ်ဖြတ်တောက်ခံရ၍ မည်သည့် စားနပ်ရိက္ခာမျှ မရကြချေ။ စစ်တွေမြို့တွင် မွတ်စလင်များသည် လူအနည်းစုများ ဖြစ်ကြ၍ ရခိုင်လူမျိုး လူများစုများက လေးဖက် လေးရံမှ ၀င်ရောက်တိုက်ခိုက်သည့်အပြင် တခြားမြို့နယ်များမှ လူသန်လူစွမ်းများကို ခေါ်ယူကာ တိုက်ခိုက် ခဲ့သဖြင့် မွတ်စလင်များ မရှုမလှ ခံခဲ့ရသည်။ မွတ်စလင်အလောင်းများကို ဖျောက်ဖျက်သည်။ မီးရှို့ထား သော အလောင်းများကိုလည်း တွေ့ရသည်။

ရခိုင်ဘက်မှ သေဆုံးမှုနှင့် ပတ်သတ်၍ ပြောရလျှင် စစ်တွေမြို့နယ်တွင် မရှိသလောက်ဖြစ်သည်။ ဘက်လိုက်၍ ပြောနေသည်သာ မဟုတ်၊ လူများစု ရခိုင်များက ရဲ၊ စစ်တပ်၊ ဒေသခံ အာဏာပိုင် အဖွဲ့ အစည်းများ အားလုံး၏ အကူအညီကို ရယူကာ အင်အားအလုံးအရင်းဖြင့် မွတ်စလင်တို့ကို တိုက်ခိုက် သည်သာ ဖြစ်၍ သူတို့ဘက်တွင် အကျအဆုံးများ ရှိသည်ဆိုသည်မှာ သဘာဝမကျနိုင်ပေ။ မည်သည့်ရွာမှ လည်း မီးမရှို့ ခံခဲ့ရပေ။ မည်သည့် ဘုန်းကြီးကျောင်းမျှလည်း မီးမလောင် ခံရပေ။ မွတ်စလင်ရွာများနှင့် ကပ်လျှက်ရှိသော ရခိုင်အိမ်အချို့သည်သာ မွတ်စလင်အိမ်များနှင့်အတူ မီးထဲပါသွားသည်ကလွဲ၍ တခြား မည်သည့် ရခိုင်ရွာများ၊ ရခိုင်အိမ်များ မီးမလောင်ခဲ့ပါ။ လက်တွေ့ကွင်းဆင်း၍ လေ့လာနိုင်ပါသည်။

သို့ဖြစ်လျှင် စစ်တွေမြို့ပေါ်တွင် ရခိုင်ဒုက္ခသည်များ သောင်းနှင့်ချီ၍ ရှိသွားပြီဟု သတင်းများတွင် ဖော်ပြ နေသည်မှာ ဤဒုက္ခသည်များ ဘယ်ကလာသနည်း။ ဘယ်ရခိုင်ရွာများ မီးလောင်ခံခဲ့ရသနည်း။ အဘယ် ဘုန်းကြီးကျောင်း မီးရှို့ခံခဲ့ရသနည်း။ သတင်းဌာန အားလုံးကို မေးချင်ပါသည်။ စစ်တွေမြို့မှ ရခိုင်ဒုက္ခသည် များ ဆိုသည်မှာ ဘင်္ဂလားဒေရှ့်မှ မ.ဆ.လ ခေတ် ကတည်းက စ၍ မြန်မာနိုင်ငံဘက်သို့ ခိုးဝင်လာသော အနောက်သား ဘင်္ဂလီရခိုင်များသည် စစ်တွေဘောလုံးကွင်းအနီးရှိ တိုးချဲ့ရပ်ကွက်နှင့် မင်းဂံရွာများတွင် တဲကလေးများထိုးကာ ဆင်းဆင်းရဲရဲနေထိုင်လာခဲ့သည်။ ရခိုင်ခေါင်းဆောင်များသည် ထိုအနောက်သား ဘင်္ဂလီရခိုင်များနှင့် အခြားဆင်းရဲသားရခိုင်များကို ခေါ်ဆောင်လာကာ ဒုက္ခသည် စာရင်းသွင်းထားခြင်း ဖြစ်သည်။ ရန်ကုန်မှလာသော ကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းများလည်း သူတို့ဆီပင် ရောက်ရှိ သွားပြီး မွတ်စလင်ရွာများသို့ မရောက်ပေ။ အဘယ်ကြောင့်ဆိုသော် ရခိုင်ပြည်နယ် အစိုးရသည်လည်း ကောင်း၊ စစ်တပ်သည်လည်းကောင်း၊ ပြည်သူ့ရဲများသည်လည်းကောင်း၊ ဌာနဆိုင်ရာ အကြီးအကဲများသည် လည်းကောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသည် လည်းကောင်း အုပ်ချုပ်ရေး ယန္တယား တစ်ခုလုံးသည် လည်းကောင်း၊ ရခိုင်လူများစု ဗုဒ္ဓဘာသာဝင်များ ဖြစ်နေကြ၍ သူတို့၏ ကြံရည်ဖန်ရည် အစွမ်းအစ အားလုံးကို လိမ္မာပါးနပ်စွာ သတင်းဌာန မီဒီယာများပါ မကျန် ထိထိမိမိ အသုံးချသွားခြင်း ကြောင့် ဖြစ်သည်။

ဤအချက်ကို လက်မခံချင်သူများအား ကိုယ်တိုင်ကွင်းဆင်း၍ ဘက်လိုက်မှုကင်းရှင်းစွာ လူသားဝါဒကိုသာ အခြေခံလျှက် လေ့လာမည်ဆိုပါက အဖြစ်မှန်ကို ကိုယ်တွေ့လက်တွေ့ မြင်ရပေမည် ဖြစ်သည်။
ဤသို့တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်တိုက်ခိုက်မှု စွပ်စွဲမှုတို့ဖြင့် ရခိုင်ပြည်နယ်သည် အဘယ်ဖက်သို့ ဦးတည်သွားနေ သနည်း။ အနာဂတ် နောင်လာနောင်သားမျိုးဆက်သစ်များအား မည်သည့်အမွေများ ပေးချင်ကြသနည်း။ ဤမေးခွန်းများကို ရခိုင်ပြည်နယ်သူ ပြည်နယ်သားတိုင်း စဉ်းစားသင့်ပေသည်။ သို့လျှင် ဤပြဿနာ အေးသွားအောင် မည်သို့ ကြံဆောင်ရမည်နည်း။ ဤပြဿနာ၏ ရေရှည်တည်တံ့ခိုင်မြဲသော အဖြေကို မည်သည့်နိုင်ငံ အစိုးရများသည် လည်းကောင်း မြန်မာနိုင်ငံအစိုးရသည်လည်းကောင်း ကောင်းစွာဖြေရှင်းနိုင်မည်ဟု မယူဆပါ။ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ရခိုင်လူမျိုးများနှင့် မွတ်စလင်လူမျိုးများ တစ်ဦးနှင့်တစ်ဦး နဖူးတွေ့ဒူးတွေ့ မျက်နှာဆုံညီ စားပွဲဝိုင်းထိုင်လျှက် တွေ့ဆုံ ညှိနှိုင်းခြင်းဖြင့်သာ ရေရည်တည်တံ့ ခိုင်မြဲသော ဖြေရှင်းချက်အဖြေ ထွက်လာနိုင်မည်ဟု အလေးအနက် ယုံကြည်မိပါသည်။

တောင်ဘာဇာအောင်မြေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.